
AB News – မတ် ၁၈ ၊ ၂၀၂၅
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင် ၊ အုခိယမြို့နယ်ရှိ ဒုက္ခသည် စခန်းတစ်ခုတွင် RSO အဖွဲ့ဝင် ၁ ဦးကို ARSA အဖွဲ့က တူဖြင့်ရိုက်၍ သတ်ဖြတ်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် The Daily Star သတင်းအရ သိရှိရသည်။
သတ်ဖြတ်ခံခဲ့ရသူမှာ အသက် ၃၂ နှစ်အရွယ် မိုဟာမတ် ဟာရွန်(Md Harun) ဖြစ်ပြီး ဟာကင်းပရာ(Hakimpara) ဒုက္ခသည်စခန်း၊ အကွက် (E – 3) တွင် နေထိုင်သူ ဖြစ်သည်။
အဆိုပါ သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ ဘတ်ရှာမီယာ (Badshah Mia) ကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ပြီး လက်ရှိ ဖမ်းဆီးခံထားရသူမှာလည်း ဟာကင်းပရာ ဒုက္ခသည် စခန်းတွင် နေထိုင်သူဖြစ်သည်။
အုခိယ ရဲစခန်းမှ တာဝန်ခံ Md Arif Hossain ၏ ပြောချက်ချက်အရ ယခုဖြစ်စဥ်များသည် ဟာကင်းပရာ ဒုက္ခသည်စခန်း (Camp-14) ၏ အကွက် (E-3) တွင် ယမန်နေ့ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရဲတပ်ဖွဲ့နှင့် မူဆလင် အသိုင်းအဝိုင်းခေါင်းဆောင်များ၏ ပြောကြားချက်အရ ဟာရွန် (Harun) သည် လွန်ခဲ့သောလအနည်းငယ်က RSO နှင့်ပူးပေါင်းရန် ARSA မှ ထွက်ခွာသွားခဲ့ကြောင်း သိရှိရသည်။
ထို့ကြောင့် ARSA အဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကို ခံရသည့် အကြောင်းအရင်းဖြစ်ကြောင်း ဆိုကြပြီး သတ်ဖြတ်ခံခဲ့ရသူ ဟာရွန် သည် (RSO) အဖွဲ့ဝင် ၁ ဦးဖြစ်ကြောင်း အုခိယ ရဲစခန်းမှ တာဝန်ရှိသူက အတည်ပြုပြောကြားခဲ့သည်။
၎င်း၏ အလောင်းအား ကော့စ်ဘဇားဆာဒါဆေးရုံတွင် ခွဲစိပ်စစ်ဆေးရန် ပို့ဆောင်ထားကြောင်း အုခိယရဲစခန်းမှ တာဝန်ရှိသူ က ပြောသည်။
ကျန်ကျူးလွန်သူများအား ဖမ်းဆီးအရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောခဲ့သည်။
အလားတူ မတ်လ ၄ ရက်နေ့ ညနေ ၈ နာရီအချိန်ခန့်တွင်လည်း ဘင်္ဂလားဒေ့ရှ့်နိုင်ငံ ကော့စ်ဘဇားခရိုင်၊အုခိယမြို့နယ်ရှိ ဒုက္ခသည်စခန်းတွင် ဒုက္ခသည်စခန်းခေါင်းဆောင်တစ်ဦး ပစ်သတ်ခံခဲ့ရသည်။