Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အီသီယိုပီးယားအကြမ်းဖက်မှုနှင့်ပတ်သက်၍ ဖော်ပြမှုကြောင့် (Facebook) Meta ကုမ္ပဏီက ဒေါ်လာ ၂ ဘီလီယံ လျော်ကြေးပေးရန် တရားစွဲခံရ

(ဘာသာပြန် နိုင်ငံခြားသတင်းဆောင်းပါး)

အီသီယိုပီးယားပြည်တွင်းစစ်အတွင်း Facebook ရဲ့အလုပ်လုပ်နည်းစနစ်(အလိုဂရစ်သမ်) ဟာ အမုန်းတရားနဲ့ အကြမ်းဖက်မှုများကို ကူညီဖြန့်ဝေပေးခဲ့တယ် ဆိုပြီး ရှေ့နေအဖွဲ့တစ်ခုက စွပ်စွဲခဲ့ပါတယ်။ Facebook ပို့စ်တွေမှာ တိုက်ခိုက်ခံရပြီးတဲ့နောက် ပစ်သတ်ခံလိုက်ရတဲ့ အီသီယိုပီးယား ပညာရှင်တစ်ဦးရဲ့ သားဖြစ်သူ အက်ဘရမ် မီယာရဂ် ဟာ မတ်တာ ကုမ္ပဏီကို ဆန့်ကျင်ပြီး အမှုကို စတင်စွဲချက်တင်လာတဲ့သူတွေထဲက တစ်ဦးဖြစ်ပါတယ်။ သူတို့ဟာ Facebook ပေါ်မှာ ပျံ့နှံ့တဲ့အမုန်းတရားကြောင့် ဒုက္ခရောက်ကြသူတွေအတွက် နဲ့ ပလက်ဖောင်း အလိုဂရစ်သမ်ပြုပြင်ပြောင်းလဲမှုတွေအတွက် ရန်ပုံငွေ ၂ဘီလီယံ ကို လိုချင်ကြပါတယ်။ မတ်တာ ကတော့ သူတို့ကုမ္ပဏီအနေနဲ့ အမုန်းတရားတွေကို ဖယ်ရှားဖို့ နည်းပညာနဲ့ အစွန်းမရောက်အောင်လုပ်ဆောင်တဲ့ ကိစ္စတွေအတွက်သာ အကြီးအကျယ် ရင်းနှီးမြုပ်နှံထားတာလို့ဆိုပါတယ်။ ကိုယ်စားလှယ်တစ်ဦးကတော့ အမုန်းတရားစကားဖြန့်ဝေခြင်းနဲ့ အကြမ်းဖက်မှုအတွက် လှုံ့ဆော်ခြင်းတွေဟာ Facebook ပလက်ဖောင်းရဲ့ စည်းကမ်းချက်တွေနဲ့ ဆန့်ကျင်နေတယ်လို့ ဆိုပါတယ်။ အီသီယိုပီးယားနိုင်ငံမှာရှိတဲ့ ကျွန်တော်တို့ရဲ့ လုံခြုံမှုနဲ့ ဂုဏ်သိက္ခာရှိတဲ့အလုပ်ကို နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ဒေသတွင်း အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့ ဝေဖန်မှတ်ချက်ပေးမှုကနေ လမ်းပြထားပါတယ်လို့ အဲဒီကိုယ်စားလှယ်က ဆိုပါတယ်။

စိုးရိမ်ဖွယ်ရာ အခြေအနေများ

ကင်ညာနိုင်ငံဗဟိုတရားရုံးမှာ တင်ခဲ့တဲ့ အဲဒီအမှုကို Foxglove ဆိုတဲ့ ကမ်ပိန်းအဖွဲ့ကနေ ထောက်ပံ့ပေးထားတာပါ။ မတ်တာ ကုမ္ပဏီရဲ့ (content moderation hub) လို့ခေါ်တဲ့ အွန်လိုင်းပေါ်ရောက်လာတဲ့ အကြောင်းအရာတွေကို ဖြန့်ဝေခြင်းပြု၊ မပြုစိစစ်ဆုံးဖြတ်ရတဲ့ အဖွဲ့ဟာ ကင်ညာမြို့တော် နိုင်ရိုဘီ မှာတည်ရှိပါတယ်။ တီဂရေး မြောက်ပိုင်းဒေသမှာ ရှိတဲ့ လက်နက်ကိုင်တပ်တွေနဲ့ အစိုးရတပ်ဖွဲ့ကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် လူပေါင်းသောင်းချီ သေဆုံးခဲ့ရပြီး လူပေါင်း ၄သိန်းကျော် အရမ်းစိုးရိမ်ဖွယ်ရာအခြေအနေတွေနဲ့ နေထိုင်နေကြရပါတယ်။

ပြီးခဲ့တဲ့လက အံသြဖွယ်ရာ ငြိမ်းချမ်းရေး သဘောတူညီချက်ကို သဘောတူခဲ့ကြပေမယ့် အမ်ဟာရာနှင့် အိုရိုမို စကားပြောတဲ့ အသိုင်းအဝိုင်းတွေကြား လူမျိုးရေးအရ သတ်ဖြတ်မှုတွေကြား ဒေါသအရမ်းထွက်စရာကိစ္စရှိလာခဲ့ပါတယ်။ မစ္စတာ မီယာရဂ်ရဲ့ အဖေဟာ နိုင်ငံရဲ့ အကြမ်းဖက်မှုအတွင်း သေကြေပျက်စီးရတဲ့ သူတွေအထဲက တစ်ဦးဖြစ်လာခဲ့ပါတယ်။ ၂၀၂၁ နိုဝင်ဘာလ (၃)ရက်နေ့က ပါမောက္ခ မီယာ အမ်ရေး အပ်ဘ်ရာ ဟာ တက္ကသိုလ်ကနေအိမ်ကိုပြန်တဲ့အခါ မော်တော်ဆိုင်ကယ်စီးပြီးလက်နက်ကိုင်ထားကြတဲ့ လူတွေလိုက်လာကြပြီး သူ့နေအိမ်ကိုဝင်ရောက်ဖို့ ကြိုးစားနေတုန်းမှာ အနီးကပ်ပစ်သတ်ခံလိုက်ရပါတယ်။

သွေးအိုင်တွေထဲ လဲကျနေတဲ့ သူ့အဖေကို အကူအညီပေးဖို့လာနေတဲ့ မျက်မြင်သက်သေတွေကိုလည်း လာရောက်တိုက်ခိုက်သူတွေရဲ့ ခြိမ်းခြောက်မှုတွေက တားမြစ်ခဲ့တယ် လို့ သားဖြစ်သူကပြောပါတယ်။ ပစ်သတ်ခံရပြီး ၇ နာရီအကြာမှာပဲ မြေပြင်ပေါ်မှာလဲပြီး သေဆုံးသွားပါတယ်။ တိုက်ခိုက်မှုမခံရခင် ပါမောက္ခအကြောင်းကို အသရေဖျက်ကာ ပုဂ္ဂလိကဆိုင်ရာအချက်အလက်တွေကို ဖော်ထုတ်ထားတဲ့ Facebook ပိုစ့်တွေရှိခဲ့ပါတယ်။ Facebook မှာပါတဲ့ တိုင်ကြားလို့ရတဲ့ နေရာကနေ အထပ်ထပ်အခါခါ တိုင်ကြားခဲ့ပေမယ့် ဒီပလက်ဖောင်းဟာ အရမ်းနောက်ကျသွားတဲ့အထိ ပိုစ့်တွေကို မဖျက်ဘဲ ထားရှိခဲ့ပါတယ်။ သူ့အဖေအသတ်ခံရပြီးနောက် ပိုစ့်တစ်ခုကို ဖယ်ရှားခဲ့ပြီး ပလက်ဖောင်းက ဖယ်ပေးပါ့မယ်လို့ ကတိပြုထားတဲ့ ပိုစ့်တစ်ခုက ၂၀၂၂၊ ဒီဇင်ဘာလ ၈ ရက်နေ့အထိ အွန်လိုင်းပေါ်မှာ ရှိခဲ့ပါတယ်။

စိုးရိမ်ဖွယ်ရာ မလုံလောက်ခြင်းများ

Facebook ကသာ အမုန်းစကားပျံ့နှံ့မှုကို ရပ်တန့်ပြီး ပိုစ့်တွေကို ထိထိရောက်ရောက် သင့်တင့်လျောက်ပတ်အောင် လုပ်ဆောင်ခဲ့မယ်ဆိုရင် ကျွန်တော့်အဖေဟာ အခုထိအသက်ရှင်နေမှာပါ လို့ သားဖြစ်သူ မစ္စတာ မီယာရဂ်က ပြောခဲ့ပါတယ်။

သူခံစားခဲ့ရသလို ဘယ်မိသားစုကမှ မခံစားရစေဖို့ သေချာအောင်လုပ်ချင်တယ် လို့ပြောခဲ့ပြီး မတ်တာကုမ္ပဏီကနေ ပုဂ္ဂိုလ်ရေးအရတောင်းပန်မှုကို လိုလားတယ်လို့ဆိုပါတယ်။ ကျမ်းကျိန်ပြီး တရားရုံးထံ တင်ထားတဲ့ စွဲဆိုချက်တစ်ခုမှာ သားဖြစ်သူ မီယာရဂ်က Facebook အလိုဂရစ်သမ်ဟာ သုံးစွဲသူတွေရဲ့ ဆက်နွယ်မှုကို ပိုရှိလာစေဖို့အတွက် အမုန်းတရားပွားစေတဲ့၊ ပွားအောင်လုပ်ဆောင်တဲ့ အကြောင်းအရာတွေကို အားပေးတာတွေရှိနေတယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။ ဒါ့အပြင် အာဖရိကနိုင်ငံမှာ Facebook အကြောင်းအရာတွေကို အသင့်အတင့်ရှိအောင် လုပ်ဆောင်တဲ့ကိစ္စဟာ စိုးရိမ်စရာကောင်းလောက်အောင် လိုအပ်နေတာတွေရှိနေတယ်လို့ဆိုပါတယ်။ အမ်ဟာရစ်၊ အိုရိုမို နဲ့၊ တီဂရင်ယ စတဲ့ အဓိကဘာသာစကားတွေနဲ့ ရေးထားတဲ့ ပိုစ့်တွေကို ကိုင်တွယ်တဲ့ လူတွေ အရမ်းနည်းပါးနေတယ်လို့လည်း သူက ဆိုပါတယ်။

အီသိုပီးယားနိုင်ငံ၏ မဟုတ်မမှန်သတင်းစစ်ပွဲ

ကျွန်တော်တို့ဟာ ဒေသအကြောင်းအရာတွေကို ကျွမ်းကျင်တဲ့ဝန်ထမ်းတွေ၊ ပညာရှင်တွေကို ခန့်အပ်ထားပါတယ်၊ အမ်ဟာရစ်၊ အိုရိုမို၊ ဆိုမာလီ၊ တီရင်ယာ အပါအဝင် နိုင်ငံအတွင်းမှာ အကျယ်ပြန့်ဆုံးသော အပြောဘာသာစကားတွေနဲ့ ပြောဆိုရေးသားတဲ့ စည်းကမ်းချိုးဖောက်တဲ့ အကြောင်းအရာတွေကို သိရှိနိုင်ဖို့ ကျွန်တော်တို့ရဲ့ လုပ်နိုင်စွမ်း၊ စွမ်းရည်တွေကို ဆက်လက်တိုးတက်လာအောင် လုပ်ဆောင်နေတယ်လို့ Facebook ကိုပိုင်ဆိုင်တဲ့ မတ်တာကုမ္ပဏီက ဘီဘီစီကို ပြောပါတယ်။

၁၀ ရာခိုင်နှုန်းထက်နည်းတဲ့ နိုင်ငံလူဦးရေက Facebook သုံးစွဲပေမယ့် အီသီယိုပီးယားနိုင်ငံကို ဦးစားပေးအဖြစ်သတ်မှတ်ထားပြီး ပို့စ်ပျံ့နှံမှုကိုလျော့ချခြင်း၊ အကြမ်းဖက်မှု၊ လှုံ့ဆော်မှုဆိုင်ရာ မူဝါဒများကို တိုးချဲ့ခြင်းများဆောင်ရွက်ကာ ပြဌာန်းချက်များကို တိုးမြှင့်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

BBC သတင်းပါ Technology reporter Chris Vallance ၏ Meta sued for $2bn over Ethiopia violence ကို ကျော်ဇံဘာသာပြန်ဆိုသည်။

အီသီယိုပီးယားအကြမ်းဖက်မှုနှင့်ပတ်သက်၍ ဖော်ပြမှုကြောင့် (Facebook) Meta ကုမ္ပဏီက ဒေါ်လာ ၂ ဘီလီယံ လျော်ကြေးပေးရန် တရားစွဲခံရ 
(ဘာသာပြန် နိုင်ငံခြားသတင်းဆောင်းပါး)

ထင်မြင်ယူဆချက်‌‌ပေးရန်