Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အီဂျစ်နိုင်ငံမှာ ဂါဇာအရေးဖြေရှင်းဖို့ ကျင်းပသည့် ထိပ်သီးဆွေးနွေးပွဲတွင် အဖြေမထွက်

အီဂျစ်နိုင်ငံမှာ ဂါဇာအရေးဖြေရှင်းဖို့ ကျင်းပသည့် ထိပ်သီးဆွေးနွေးပွဲတွင် အဖြေမထွက်

ABN-နွယ်စိုး

အောက်တိုဘာ ၂၂ ရက်

အစ္စရေး – ဟားမတ်စ်ကြား အကြမ်းဖက်ပဋိပက္ခများရပ်တန့်ရေး အဖြေရှာဖို့ အတွက် စနေနေ့က အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်တွင် အာရပ်ကမ္ဘာမှ နိုင်ငံများနှင့် ဥရောပ နိုင်ငံများအများစု ပါဝင်သော နိုင်ငံပေါင်း ၂၀ ကျော်မှ အစိုးရ ခေါင်းဆောင်များ၊ နိုင်ငံခြားရေး ဝန်ကြီးများ ဆွေးနွေးခဲ့ရာ သဘောတူညီချက်တစုံတရာမရရှိပဲ အဆုံးသတ်သွားခဲ့ကြောင်း APသတင်းဌာနတွင်ဖော်ပြထားသည်။

ဂါဇာမှာ အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုများကို အာရပ်နိုင်ငံခေါင်းဆောင်များက ရှုတ်ချပြောဆိုခဲ့ကြပြီး အနောက်နိုင်ငံအများစုအနေဖြင့် အရပ်သားများကို ကာကွယ်ပေးရန် အဓိက ပြောဆိုခဲ့ကြသည်။

အီတလီ၊ စပိန်၊ ကနေဒါ နိုင်ငံများက ဝန်ကြီးချုပ်များ၊ အီးယူ ဥရောပသမဂ္ဂ အကြီးအကဲနှင့်ဂျာမနီ၊ ပြင်သစ်၊ ယူကေနှင့် ဂျပန်နိုင်ငံတို့က နိုင်ငံခြားရေး ဝန်ကြီးများ၊ အရှေ့အလယ်ပိုင်းဒေသက ခေါင်းဆောင်များ တက်ရောက်ကြခဲ့သော်လည်း လက်ရှိ အကြမ်းဖက် ပဋိပက္ခများ ပိုမို မကျယ်ပြန့်လာအောင် မည်သို့ ဝိုင်းဝန်း အဆုံးသတ်မည် ဆိုသည့် အဖြေရဖို့အထိ ညှိနှိုင်းချမှတ်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။

ထိုဆွေးနွေးပွဲကို အစ္စရေးနှင့် မေရိကန် အကြီးတန်းအရာရှိများ တက်ရောက်ခဲ့ခြင်းမရှိခဲ့ပြီး စစ်ပွဲအရှိန် ပိုကျယ်ပြန့်လာမည်ကို နိုင်ငံတကာက စိုးရိမ်နေချိန်မှာ ဒေသတွင်း လက်ဘနွန် နိုင်ငံအနေဖြင့် ထိုစစ်ပွဲထဲ ပါဝင်မလာမိအောင် သတိထားရန်နှင့် ထိုကဲ့သို့ ပါဝင်လာမည်ဆိုပါက လက်ဘနွန်ပြည်သူများအနေဖြင့် ထိခိုက်နစ်နာရလိမ့်မည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Anthony Blinken က လက်ဘနွန်ဝန်ကြီးချုပ် Najib Mikati ကို စနေနေ့က သတိပေးခဲ့သည်။

အီရန်နိုင်ငံ ကျောထောက်နောက်ခံပေးထားသည့် လက်ဘနွန် လက်နက်ကိုင်အဖွဲ့ ဟက်ဇ်ဘိုလာနှင့် အစ္စရေးစစ်တပ်ကြား လက်ဘနွန်နယ်စပ်မှာ အပြန်အလှန်တိုက်ခိုက်မှုများသည် နေ့စဥ်ဆိုသလိုဖြစ်နေပြီး နှစ်ဘက် သေဆုံးမှုများရှိနေချိန်မှာ ယခုလို သတိပေး ပြောဆိုလိုက်ခြင်းဖြစ်သည်။

ဂါဇာမှာ အကြမ်းဖက် ပဋိပက္ခများ ပြန်လည် ပြင်းထန်လာမှုကြောင့် သေဆုံးသူ ၅,၀၀၀ ကျော်ရှိသွားခဲ့ပြီး ဂါဇာကို မြေပြင်ကနေ ဝင်ရောက် ထိုးစစ်ဆင် တိုက်ခိုက်ရန် အစ္စရေးဘက်က ပြင်ဆင်နေသလို လေကြောင်းတိုက်ခိုက်မှုများနှင့် နှစ်ဘက် အပြန်အလှန် တိုက်ခိုက်မှုများနေ့စဥ် ဖြစ်ပွားလျက်ရှိနေသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ