သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက်လုံးကို ဆယ်နှစ်အတွင်း ခြံစည်းရိုးခတ်မည်ဟု အိန္ဒိယအစိုးရပြော

AB News – မတ် ၁၇ ၊ ၂၀၂၅

အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက်လုံးကို ဆယ်နှစ်အတွင်း ခြံစည်းရိုးခတ်မည်ဟု အိန္ဒိယအစိုးရ စီစဥ်နေကြောင်း ယမန်နေ့ မတ် ၁၆ ရက်နေ့တွင် ဖော်ပြခဲ့သော The Hindu သတင်းအရ သိရှိရသည်။

မြန်မာနယ်စပ်အလျား ၁၆၄၃ ကီလိုမီတာလုံးကို ခြံစည်းရိုးတည်ဆောက်မည်ဖြစ်ကြောင်း အိန္ဒိယအာဏာပိုင်များနှင့် ပါလီမန်ကော်မရှင်များ၏ လွှတ်တော်တင်သွင်းသည့် အစီရင်ခံစာအရ သိရှိရသည်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလက မြန်မာနယ်စပ် တစ်လျှောက် ခြံစည်းရိုးခတ်မည့် စီမံကိန်းကို အိန္ဒိယပြည်ထဲရေး ဝန်ကြီး Amit Shah က ကြေညာခဲ့သည်။ အဆိုပါစီမံကိန်းကို ပြီးခဲ့သည့် လအတွင်းက အကောင်အထည်ဖော် လုပ်ဆောင်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ နယ်စပ်ခြံစည်းရိုးကာသည့် လုပ်ငန်းများနှင့် မြန်မာနယ်စပ်ကို စောင့်ကြပ်မည့် Assam Rifles တပ်ဖွဲ့၏ ကင်းစခန်းတွေတည်ဆောက်ရန်အတွက် အိန္ဒိယ ရူပီး ၁၁၄ ကုဋေ သုံးစွဲခဲ့ကြောင်း ဆိုသည်။

Assam Rifles တပ်ဖွဲ့၏အရာရှိများ ပြောကြားချက်အရ ခိုးဝင်မှုများမရှိအောင် နည်းပညာဖြင့် တားဆီးနိုင်ရန်တွက် ထည့်သွင်းဆောင်ရွက်ထားခြင်းဖြစ်ကြောင်း ဆိုသည်။

အိန္ဒိယ-မြန်မာနယ်စပ်တလျှောက် (IMB) သည်လည်း အခြေခံအဆောက်အဦများ ဖန်တီးရန် ခြံစည်းရိုးနှင့် နယ်စပ်လမ်း ၆၄ လမ်း ဖောက်လုပ်ရေးအတွက် Cabinet Committee on Security (CCS) က အခြေခံကျသည့် ခွင့်ပြုချက်ရခဲ့သည်။

အိန္ဒိယ-မြန်မာနယ်စပ်တလျှောက် (IMB) သည် ခြံစည်းရိုးနှင့် လမ်း ၁,၆၁၀.၂ ကီလိုမီတာကို ၁၀ နှစ်ကြာ ဖောက်လုပ်ခဲ့ပြီး ကုန်ကျစရိတ် ရူးပီ ၂၀,၂၆၄.၄ ကုဋေဖြင့် ငါးနှစ် ပြုပြင်ထိန်းသိမ်းခဲ့သည်။

အဆိုပါပုံစံကို ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ နိုင်ငံတကာနယ်စပ်တစ်လျှောက်တွင်လည်း အကောင်အထည်ဖော်နိုင်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်သည် မြန်မာနိုင်ငံနှင့် ၃၉၈ ကီလိုမီတာ နယ်နိမိတ်ထိစပ်နေပြီး အာရန်နာချယ်ပြည်နယ်က ကီလိုမီတာ ၅၂၀ နယ်နိမိတ်ထိစပ်လျက်ရှိသည်။ ထိုနယ်စပ်များတွင်လည်း ခြံစည်းရိုးတည်ရန် ထောက်ခံကြကြောင်း သိရှိရသည်။

သို့သော် ခြံစည်းရိုးခတ်ခြင်းသည် အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက် နေထိုင်သော တိုင်းရင်းသားများနှင့် မိသားစုဆက်ဆံရေးကို အနှောက်အယှက်ဖြစ်စေသည့်အတွက်ကြောင့် နာဂ နှင့် ကူကီ-ဇို အဖွဲ့အစည်းများက ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်နေကြသည်။

အိန္ဒိယနှင့် မြန်မာနိုင်ငံတို့သည် ခြံစည်းရိုးပိုင်းခြားထားသော နယ်နိမိတ်တစ်ခုကို ပိုင်ဆိုင်ထားကြပြီး လွတ်လပ်သော လှုပ်ရှားမှုအစီအစဉ် (FMR) ဟု ခေါ်သော သီးခြားစနစ်တစ်ခု ရှိသည်။

ထိုစနစ်အရ နယ်စပ်အနီး ၁၀ ကီလိုမီတာအတွင်း နေထိုင်ကြသော မိသားစုများသည် ဗီဇာ သို့မဟုတ် ပတ်စပို့ မလိုဘဲ သွားလာခွင့် ရရှိသည်။

သို့သော်လည်း ၂၀၂၃ ခုနှစ်၊ မေလမှ စတင်ခဲ့သော လူမျိုးရေး အကြမ်းဖက်မှုများကြောင့် လူပေါင်း ၂၅၀ ကျော် သေဆုံးခဲ့ပြီး၊ ထိုသို့ ဖြစ်ပွားရခြင်းမှာ နယ်စပ်ဖြတ်ကျော်မှုများကို ထိန်းချုပ်မှုမရှိသည့်အတွက် ဖြစ်ကြောင်း မဏိပူရ ပြည်နယ်ဝန်ကြီးချုပ်ဟောင်း N. Biren Singh က ပြောကြားခဲ့သည်။

ယခင်က မဏိပူရပြည်နယ်၊ မိုရေးမြို့အနီးတွင်သာ ခြံစည်းရိုးတပ်ဆင်ထားခဲ့သော်လည်း၊ ၂၀၂၅ မတ်လ ၁ ရက်နေ့တွင် အိန္ဒိယပြည်ထဲရေး ဝန်ကြီး Amit Shah သည် နယ်စပ်လုံခြုံရေး ပြန်လည်သုံးသပ်ရာတွင် Assam Rifles အား နယ်စပ်ဂိတ်တစ်ခုစီ၏ တစ်ဖက်တစ်ချက်တွင် ၁၀ ကီလိုမီတာ ခြံစည်းရိုးတပ်ဆင် ရန် သို့မဟုတ် FMR စနစ်ကို ပြန်လည်ပြင်ဆင်ရန် တောင်းဆိုခဲ့သည်။

လက်ရှိတွင် ပြန်လည်ပြင်ဆင်ထားသည့် FMR စနစ်အောက်ရှိ မြန်မာ-အိန္ဒိယ နယ်စပ်ဖြတ်ကျော်ဂိတ် ၄၃ ခုအနက် ၂၂ ခုကို စတင်အသုံးပြုနေပြီး၊ ထိုအနက် ၁၁ ခုသည် မဏိပူရပြည်နယ်တွင် တည်ရှိသည်။

လက်ရှိအခြေအနေအရ နယ်စပ်ဂိတ်များမှ လူပေါင်း ၉,၀၀၀ ခန့် ဝင်ရောက်လာခဲ့ပြီးဖြစ်ကြောင်း အိန္ဒိယအစိုးရ အရာရှိတစ်ဦးက ထုတ်ဖော်ပြောကြားခဲ့သည်။

နယ်စပ်လုံခြုံရေးကို ပိုမိုမြှင့်တင်ရန် ခြံစည်းရိုးတစ်လျှောက် စောင့်ကြည့်ကင်မရာများ တပ်ဆင်ထားပြီး၊ ဖြတ်ကျော်ဂိတ်များနှင့် ခြံစည်းရိုးတင်းကျပ်မှုများသည် တရားမဝင် ဝင်ရောက်သူများကို ထိန်းချုပ်နိုင်မည်ဟု သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ