Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အိန္ဒိယနိုင်ငံ၊ မြောက်ပိုင်းတွင် အပူလှိုင်းဖြတ်၍ နှစ်ရက်အတွင်း လူ ၃၀ ကျော်သေဆုံး

ABN-မေအိအိအောင်

ဇွန်လ ၁၈ ရက်

အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင် ပြင်းထန်သည့်အပူလှိုင်းဖြတ်မှုကြောင့် နှစ်ရက်အတွင်း လူပေါင်း ၃၀ ကျော်သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ဇွန်လ ၁၇ ရက်နေ့ကထုတ်ပြန်သည်။

ထိုဖြစ်စဉ်မှာ အိန္ဒိယနိုင်ငံ၊ အူတာပရာဒက်ရှ်ပြည်နယ်မြို့တော် လက်ခနောင်းကနေ မိုင် ၂၀၀ ခန့်ဝေးသော ဘာလီယာခရိုင်တွင် ဖြစ်ပွါးခဲ့ပြီး နှစ်ရက်အတွင်း လူပေါင်း ၃၄ ဦးသေဆုံးခဲ့သည်။

ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နေ့တွင် လူ၂၃ ဦးနှင့် ဇွန်လ ၁၆ ရက်နေ့တွင် ၁၁ ဦး စုစုပေါင်း ၃၄ ဦးသေဆုံးခဲ့ကြောင်း ခရိုင်ကျန်းမာရေးအကြီးအကဲများကပြောသည်။

အိန္ဒိယနိုင်ငံ မိုးလေဝသဌာန၏ ထုတ်ပြန်ချက်အရ ဘာလီယာခရိုင်၏ အပူချိန်မှာ ဇွန်လ ၁၅ ရက်နေ့က ၄၂.၂ ဒီဂရီစင်တီဂရိတ်အထိမြင့်မားနေပြီး၊ ယင်းအပူချိန်မှာ ပုံမှန်ထက် ၄.၇ ဒီဂရီ မြင့်တက်နေကြောင်းကိုလည်းထုတ်ပြန်ထားသည်။

အပူလှိုင်းဖြတ် သေဆုံးသူများတွင် အသက် ၆၀ ကျော်အရွယ်နှင့် ရောဂါအခံရှိသူများအများဆုံးဖြစ်ကြသည်။ ထို့ကြောင့် အဆိုပါပြည်နယ်ရှိ အသက် ၆၀ ဝန်ကျင်ရှိ သက်ကြီးရွယ်အိုများအနေဖြင့် နေ့ဘက်အချိန်တွင် နေအိမ်အတွင်းသာ နေထိုင်ရန် ဆရာဝန်များကက သတိပေးထားသည်။

ယင်းအပြင် သေဆုံးသူအများစုမှာ နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်းများနှင့် ဝမ်းလျှောခြင်းများကြောင့် အဓိကသေဆုံးရကြောင်းနှင့် ခရိုင်ဆေးရုံမှ လူနာများမှာ စိုးရိမ်ရသည့်အခြေအနေဖြစ်နေပြီး အထူးသဖြင့်သက်ကြီးရွယ်အိုများဖြစ်ကြောင်း ဆရာဝန်များကပြောသည်။

လတ်တလောတွင် အပူလှိုင်းကြောင့် လျှပ်စစ်ဓါတ်အားပြတ်တောက်မှုများပါဖြစ်ပေါ်နေပြီး၊ ပြည်သူများမှာ ရေမရရှိသည့်အပြင် ပန်ကာများ၊ လေအေးပေးစက်များပါ ဖွင့်၍မရသည့်အခြေအနေဖြစ်နေကြောင်းသိရသည်။

အူတာပရာဒက်ရှ်ပြည်နယ်ဝန်ကြီးချုပ်ဖြစ်သည့် Yogi Adityanath က အစိုးရနဲ့တိုင်ပင်ပြီး၊ လျှပ်စစ်မီးပုံမှန်ရရှိအောင် လုပ်ဆောင်ပေးမည်ဟု အာမခံထားကာ ပြည်သူများအနေဖြင့်လည်း မျှမျှတတသုံးစွဲကြရန် တောင်းဆိုထားကြောင်း သိရသည်။

အိန္ဒိယနိုင်ငံတွင် ဧပြီ၊ မေ နှင့် ဇွန်လများမှာ အဓိကနွေရာသီလများဖြစ်ပြီး၊ ပုံမှန်အပူချိန်မြင့်တက်လေ့ရှိသော်လည်း လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုအတွင်းမှစ၍ အပူချိန်မြင့်တက်မှု အလွန်မြင့်တက်လာခဲ့သည်။

၎င်းအပြင် အိန္ဒိယနိုင်ငံအတွင်း အပူလှိုင်းဖြတ်ချိန်များတွင် လူပေါင်း သန်းချီ ရေပြတ်လတ်မှုကို နှစ်စဉ်ခံစားနေရပြီ ပြီးခဲ့သည့် ဧပြီလအတွင်းတွင်လည်း အပူလှိုင်းကြောင့် လူ ၁၃ ဦးအထိသေဆုံးခဲ့သည်ဟု ဖော်ပြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ