Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အိန္ဒိယနိုင်ငံက စစ်အုပ်စုကို အမြောက်ပြောင်းတွေ ရောင်းချပေးပြီး ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သက်နေ

အိန္ဒိယနိုင်ငံက စစ်အုပ်စုကို အမြောက်ပြောင်းတွေ ရောင်းချပေးပြီး ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သက်နေ

အိန္ဒိယရဲ့ နိုင်ငံပိုင်စစ်လက်နက်ကုမ္ပဏီ Yantra India Limited က နိုင်ငံတကာဥပဒေကို ချိုးဖောက်ပြီး ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလမှာ မြန်မာစစ်တပ်ကို ၁၂၂ မမ အမြောက်ပြောင်းတွေ အမြောက်အများ တင်ပို့ ရောင်းချခဲ့တဲ့အကြောင်း Justice For Myanmar ရဲ့ စုံစမ်းစစ်ဆေးမှုမှာ တွေ့ရှိထားပါတယ်။

အဲ့ဒီ ၁၂၂ မမ ပြောင်းတွေဟာ စစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးညွှန်ကြားမှုဦးစီးဌာန လို့လည်း သိကြတဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံးက မြန်မာနိုင်ငံမှာ ထုတ်လုပ်တဲ့ ဟောင်ဝစ်ဇာ အမြောက်တွေအတွက် ဖြစ်နိုင်ပါတယ်။ အဲ့ဒီဌာနကို အမေရိကန်၊ ယူကေ၊ အီးယူနဲ့ ကနေဒါနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားပါတယ်။

အဲ့ဒီအမြောက်ပြောင်းတွေကို မြန်မာစစ်တပ်ရဲ့ စစ်လက်နက်ပွဲစား ကျော်ကျော်ထွန်းပိုင်ဆိုင်တဲ့ ကုမ္ပဏီ တခုဆီ ပေးပို့ခဲ့တာဖြစ်တယ်။ ကျော်ကျော်ထွန်းက ခဲယမ်းမီးကျောက်တွေ ဖောက်ခွဲရေးအတွက် မြန်မာ စစ်တပ်အသုံးပြုနိုင်ဖို့ စနတ်တံတွေကို အိန္ဒိယကုမ္ပဏီ Sandeep Metalcraft ဆီကနေ တင်ပို့ခဲ့တဲ့ အကြောင်း Justice For Myanmar က ဖော်ထုတ်ထားပါတယ်။ ကျော်ကျော်ထွန်းနဲ့ သူရဲ့အပေါင်းအပါ တွေကို အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေ မလုပ်သေးပါဘူး။

Yantra India Limited ဟာ အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှု ဦးစီးဌာန လက်အောက်မှာ လုပ်ဆောင်နေတဲ့ တရားဝင် အများပိုင်လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ Bharat Electronics Limited ရဲ့ အဝေးထိန်းစစ်လက်နက်စခန်း တစ်ခု တင်ပို့တာအပါအဝင် တခြားသိထားပြီးဖြစ်တဲ့ အိန္ဒိယ ကုမ္ပဏီတွေကလည်း မြန်မာနိုင်ငံကို စစ်လက်နက်တွေနဲ့ စစ်လက်နက်ပစ္စည်းအစိတ်အပိုင်းတွေ အများကြီး တင်ပို့တာတွေရှိခဲ့ပြီး အခုအခါမှာ Yantraရဲ့ ၁၂၂ မမ အမြောက်ပြောင်းတွေ တင်ပို့တာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

တရားမဝင်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း စစ်အုပ်စုက ဆန္ဒပြပြည်သူတွေကို သတ်ဖြတ်တာ၊ ကျေးရွာ တွေကို အမြောက်လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ အရပ်ဘက်-စစ်ဘက်မခွဲခြားပဲလေကြောင်း တိုက်ခိုက် တာတွေ ကျူးလွန်ခဲ့ပြီး၊ ပြည်သူ ၃၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး၊ လူပေါင်း ၁.၂ သန်းကျော် အိုးအိမ်ပစ်ကာ ထွက်ပြေးစေခဲ့ပါတယ်။ စစ်အုပ်စုက စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှု တွေကို ဟောင်ဝှစ်ဇာအမြောက်တွေအပါအဝင် စစ်လက်နက်တွေနဲ့ ဆက်လက် ကျူးလွန်နေတုန်းမှာ အခုနောက်ဆုံးအသုတ် စစ်လက်နက်ပစ္စည်းတင်ပို့မှုကို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာစစ်တပ်က အရပ်သားပြည်သူ့နေရာတွေကို ၁၂၂ မမ ဟောင်ဝှစ်ဇာအမြောက်တွေနဲ့ မကြာသေးခင် ကပဲ ပစ်ခတ်ခဲ့တဲ့ မှတ်တမ်းတွေ ရှိနေပါတယ်။ ဥပမာတစ်ခုအနေနဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့က ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နမ့်ဆိုင်း Namsai Hkahku ဆင်ခြေဖုံးရပ်ကွက်တွေဆီ ၁၂၂ မမ ဟောင်ဝှစ်ဇာအမြောက်တွေနဲ့ စစ်တပ်က ပစ်ခတ်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်း ၁၂၂ မမ ဟောင်ဝှစ်ဇာအမြောက်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။

Yantra India Ltd က အပြည့်အဝနိုင်ငံပိုင်ကုမ္ပဏီ ဖြစ်တဲ့အပြင် အိန္ဒိယလက်နက်ထုတ်လုပ်ရေးကုမ္ပဏီ တွေက အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း စစ်လက်နက်တွေ ဆက်လက်ထောက်ပံ့ ပေးနေတယ်ဆိုတဲ့ အချက်က နိုင်ငံတကာဥပဒေတွေနဲ့ Wassenaar သဘောတူညီချက်ပါ လိုက်နာရမယ့် စံနှုန်းတွေအပေါ် အိန္ဒိယနိုင်ငံရဲ့ ဆိုးဆိုးရွားရွား လျစ်လျူရှုမှုကို ပြသနေပါတယ်။

အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာနိုင်ငံဥပဒေအရ၊ ဒါ့အပြင် နိုင်ငံတကာဥပဒေမှာသတ်မှတ်ချက်အရ အကြမ်းဖက် အဖွဲ့အစည်းတစ်ရပ်ဖြစ်တဲ့ မြန်မာစစ်တပ်အပေါ် စစ်လက်နက်ပိတ်ပင်ရေးတစ်ရပ်ကို ချက်ချင်းပြဌာန်းဖို့၊ လေ့ကျင့်ရေးသင်တန်းတွေနဲ့ တခြားသော စစ်လက်နက်အကူအညီတွေကို ချက်ချင်းရပ်တန့်ဖို့ Justice For Myanmar က တောင်းဆိုတယ်။

Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က အိန္ဒိယနိုင်ငံက အမြောက်ပြောင်းတွေ တင်ပို့မှုကို ခွင့်ပြုပေးတဲ့အတွက် မြန်မာအရပ်သားပြည်သူတွေအပေါ် စစ်အုပ်စုရဲ့ အဆင်ခြင်မဲ့တိုက်ခိုက်မှု တွေကို တိုက်ရိုက်ပံ့ပိုးကူညီနေတာ ဖြစ်ပါတယ်။ အဲ့ဒီ အမြောက်ပြောင်းတွေနဲ့ စစ်အုပ်စုက နိုင်ငံတကာ ဥပဒေ ချိုးဖောက်မှုတွေကို ပြောင်းပြောင်းတင်းတင်း ဆက်ပြီး ကျူးလွန်ရာမှာ အသုံးပြုမှာ ဖြစ်ပါတယ်။

ဒီမိုကရေစီနိုင်ငံနဲ့ မြန်မာ့အိမ်နီးချင်းနိုင်ငံအနေနဲ့ စစ်ရာဇဝတ်ကောင်တွေအပါအဝင် သူတို့ရဲ့ တရားမဝင် စစ်အုပ်စုနဲ့ အတူမရပ်တည်ဘဲ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပေးဖို့ အိန္ဒိယအစိုးရကို တောင်းဆို ပါတယ်။

အိန္ဒိယအနေနဲ့ မြန်မာစစ်အုပ်စုကို စစ်လက်နက်ပစ္စည်း ထောက်ပံ့တာ ချက်ချင်းရပ်တန့်ရမှာ ဖြစ်ပြီး၊ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေအရ သူတို့ရဲ့ တာဝန်တွေကို စောင့်ထိန်းရမှာ ဖြစ်ပါတယ်။

Quadrilateral Security Dialogue (the Quad) လေးပွင့်ဆိုင် လုံခြုံရေး ဆွေးနွေးဖက် အစီအစဉ်ရဲ့ အခြားအဖွဲ့ဝင်နိုင်ငံတွေဖြစ်ကြတဲ့ သြစတြေးလျ၊ ဂျပန်နဲ့ အမေရိကန်တို့ အနေနဲ့ သူတို့ရဲ့ ဩဇာကို အသုံးပြုပြီး အိန္ဒိယကနေ မြန်မာစစ်တပ်ကို စစ်လက်နက်တွေစီးဆင်းနေတာကို ရပ်တန့်ပေးဖို့ တိုက်တွန်း တောင်းဆိုပါတယ်။

ကျော်ကျော်ထွန်းနဲ့ သူ့ရဲ့ အပေါင်းအပါတွေက စစ်လက်နက်နဲ့ စောင့်ကြည့်ထောက်လှမ်းရေးပစ္စည်းတွေကို ပွဲစားလုပ်ပြီး ဝယ်ယူနေတဲ့အတွက် စစ်အုပ်စုရဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သက်နေကြောင်း သက်သေအထောက်အထားတွေ ရှင်းရှင်းလင်းလင်း ရှိနေပေမယ့်လည်း ကျော်ကျော်ထွန်းနဲ့ သူ့ရဲ့ အပေါင်းအပါတွေကို အရေးယူဒဏ်ခတ်ပိတ်ဆို့တာတွေ မလုပ်သေးတာ စိတ်ပျက်စရာကောင်းလှပါတယ်။

စစ်အုပ်စုရဲ့ တခြားထောက်တိုင်တွေနဲ့အတူ ကျော်ကျော်ထွန်း၊ သူရဲ့ စီးပွားရေးလုပ်ငန်းနဲ့ မိတ်ဖက်တွေ အပေါ် အရေးတကြီး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ တောင်းဆိုပါတယ် လို့ ပြောကြားခဲ့တယ်။

မှတ်ချက်-Justice for Myanmar Fb Page မှ သတင်းထုတ်ပြန်ချက်ကို တိုက်ရိုက်ကူးယူဖော်ပြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ