Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (The Asia-Pacific Economic Cooperation – APEC) ညီလာခံ – ထိုင်းရဲများနှင့် ပရာယုဆန့်ကျင်ဆန္ဒပြသူများ ဘန်ကောက်မြို့ထဲတွင် ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ရာဘာကျည်များနှင့် မျက်ရည်ယိုဗုံးများ ပစ်ခတ်

ထိုင်းနိုင်ငံ၏ အငြင်းပွားဖွယ်ရာဖြစ်သော စီးပွားရေးနှင့် လူမှုတိုးတက်ဖွံ့ဖြိုးစေရေးအတွက် ချမှတ်ထားသည့် မူဝါဒ (Bio-Circular-Green Economic Model or BCG) ကို ဆန့်ကျင်သည့်အနေဖြင့် ဘန်ကောက်မြို့တော်ရှိ အထင်ကရနေရာတစ်ခုဖြစ်သော ဒီမိုကရေစီအထိမ်းအမှတ်ကျောက်တိုင် အနီးတွင် ဆန္ဒပြသူ ၃၀၀ခန့် စုဝေးခဲ့ကြသည်။ ဆန္ဒပြသူများက ရဲအရာရှိများကို တိုက်ခိုက်ကြပြီး ယာဥ်များကို ဖျက်ဆီးကြပြီးနောက် ရဲတပ်ဖွဲ့ဝင်များသည် ကိုယ့်ကိုကိုယ်ကာကွယ်မှုပြုလုပ်ခဲ့ကြရသည် ဟု ထိုင်းရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ဆိုသည်။

ထိုင်းဝန်ကြီးချုပ် ပရာယု ချန်းအိုချ ၏ ဝန်ကြီးချုပ်ရာထူးကို မတရားသဖြင့်လိုချင်နေသော နက်ရှိုင်းသည့် နိုင်ငံရေးပြဿနာများကို သတိပေးသည့်အနေဖြင့် ထိုင်းနိုင်ငံတွင် ကျင်းပနေသော အေပက်ညီလာခံ (the Apec summit) ကို ဆန့်ကျင်ဆန္ဒပြနေကြသည့် ဒီမိုကရေစီလှုပ်ရှားတက်ကြွသူ ဆန္ဒပြသူများနှင့် ရုန်းရင်းဆန်ခတ်ဖြစ်နေစဉ်အတွင်း ရဲတပ်ဖွဲ့ဝင်များသည် ရာဘာကျည်၊ မျက်ရည်ယိုဗုံးများသုံးကာ ဖြိုခွင်းခဲ့သည်။

ငယ်ရွယ်သော ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများနှင့် အနယ်နယ်အရပ်ရပ်မှ လယ်သမားများတို့ စုပေါင်းကာ ဆန္ဒပြသူ ၃၀၀ ခန့်တို့သည် အေပက်ညီလာခံတွင် အတည်ပြုမည့် BCG ခေါ် ထိုင်းအစိုးရ၏ အထင်ကရ မူဝါဒကို ဆန့်ကျင်ဆန္ဒပြရန် ဒီမိုကရေစီအထိမ်းအမှတ် ကျောက်တိုင်အနီးတွင် နိုဝင်ဘာ ၁၈ မနက်ပိုင်းတွင် စုဝေးခဲ့ကြသည်။

ဆန္ဒပြသူများသည် စစ်ဦးစီးချုပ်ဟောင်း ပရာယုနှင့် ထိုင်းနိုင်ငံတွင် စီးပွားရေးအရ အကြီးအကျယ်လွှမ်းမိုးထားသော တရုတ်ခေါင်းဆောင် ရှီကျင်းပင်တို့ကို ရှုတ်ချသည့် စာတမ်းများကိုင်ဆောင်ခြင်း၊ လမ်းနံရံများပေါ်တွင် ပုံများဆွဲခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။ အမာခံ ဆန္ဒပြသူတစ်စုတို့သည် ရေသန့်ဗူးများ၊ တုတ်များ၊ ရောင်စုံမီးခိုးဗုံးများကို ရဲတပ်ဖွဲ့ဝင်များကို ပစ်လွှတ်ခဲ့ပြီး‌နောက် ကျည်ကာများကိုင်ဆောင်ထားသည့် အကြမ်းဖက်ဖြိုခွင်းကြမည့် ရဲတပ်ဖွဲ့ဝင်များထံတွင် ဆန္ဒပြသမား လေးငါးယောက် ရိုက်နှက်ခံကြရသည်။

ဆန္ဒပြမှုကို ထိုင်းတော်ဝင်နန်းတော်အနီးတွင် ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ထိုင်းဘုရင် မဟာဝိဇယလောင်ကွန်း တော်ဝင်အခမ်းအနားဖြင့်တက်ရောက်တွေ့ဆုံမည့် သူများတွင် ဆော်ဒီအာရေးဗီးယား မင်းသား မိုဟာမက်ဘင် ဆာလမန်၊ ပြင်သစ်သမ္မတ အီမန်ညူရွယ် မက်ခရွန်၊ တရုတ် ခေါင်းဆောင် ရှီကျင်းပင်တို့ အပါအဝင် ကမ္ဘာ့ခေါင်းဆောင်အကြီးအကဲတချို့တို့ ပါဝင်သည်။

 “ကျွန်တော်တို့ရဲ့ အသံကို သူတို့ကြားအောင် သေချာလုပ်ရမယ်၊ ဒါမှ အာဏာသိမ်းပြီး ဖြစ်လာတဲ့ အစိုးရဖြစ်  ကို မကြိုက်ဘူးဆိုတာကို သူတို့သိကြမှာ” ဟု ထစ်ပ် (Thip) ဟုအမည်ရသည့် ဆန္ဒပြသူလူငယ်တစ်ဦးက ဆိုသည်။

ရဲတပ်ဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးချုပ် အန်ချာယွန် ခရိုင်ထုန် က “ရဲအရာရှိတွေဟာ မိမိကိုယ်ကို ကာကွယ်မှုပြုလုပ်ခဲ့ကြရတယ်၊ ဆန္ဒပြသမားတွေဟာ ဥပဒေချိုးဖောက်ပြီး ရုန်းရင်းဆန်ခတ်ဖြစ်‌အောင်လုပ်ကြ၊ ပြီးရင် ရဲကားတွေနဲ့ ရဲအရာရှိတွေကို ထိခိုက်အောင်လုပ်တဲ့အတွက် ဆန္ဒပြသူ (၁၀)ဦးကို ဖမ်းဆီးခဲ့တယ်” ဟု ဆိုသည်။ သူစကားပြောနေသည့် အချိန်တွင် ထိုင်းခေါင်းဆောင် ပရာယု သည် တရုတ်သမ္မတရှီကျင်းပင်နှင့်အတူ ဘန်ကောက်မြို့ထဲမှာ ကျင်းပနေသည့် အေပက်ညီလာခံထဲကို ဝင်ရောက်လာနေခြင်းဖြစ်ပြီး၊  ရှီကျင်းပင်သည် ကိုဗစ်ကာလပြီးနောက် ထိုင်းနိုင်ငံကို ပထဆုံးအလည်လာခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံသည် တရုတ်ပိုးလမ်းမကြီးစီမံချက်တွင် မဲခေါင်မြစ်တလျှောက်ပါနေသည့် နိုင်ငံတစ်ခုလည်းဖြစ်သည်။

စစ်ဦးစီးချုပ်ဟောင်း တစ်ဦးဖြစ်သူ ပရာယုသည် ၂၀၁၄တွင် အာဏာသိမ်းခဲ့ပြီး ထိုင်းဥပ‌ဒေအောက်တွင် အရပ်သား ဝန်ကြီးချုပ်ဖြစ်လာသည်။ ၄င်းထိုင်းဥပဒေသည် ထိုင်းနိုင်ငံကို လွမ်းမိုးချုပ်ကိုင်ထားသော စစ်တပ်၊ ထိုင်းတော်ဝင်မိသားစုနှင့် လူကုံထံအလွှာကိုသာ မျက်နှာသာပေးထားသော ဥပဒေဟု ဝေဖန်သူများက ဆိုသည်။

ပရာယုသည် ပါလီမန်တွင် သူ့ကို ရာထူးမှဖြုတ်ချရန် ကြိုးပမ်းမှုများနှင့် သူ့အစိုးရအဖွဲ့ကို ဆန့်ကျင်ခြင်းများကို ထပ်ခါတလဲလဲ ရင်ဆိုင်ခဲ့ရသည်။ သို့ရာတွင် ဝေဖန်မှုများကို ကြံ့ကြံခံနိုင်ကြောင်းပြခဲ့ပြီး ရာထူးကို ဆက်လက်ရယူထားသည်။ နိုင်ငံရေးကျွမ်းကျင်သူများက ပရာယုသည် မတ်လမတိုင်ခင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ထပ်မံဝင်ပြိုင်မည့် အလားအလာရှိကြောင်းဆိုသည်။

အစိုးရအဖွဲ့ အားနည်းပုံပေါ်သည့် အခါတိုင်း အစိုးရအဖွဲ့ကို အားကောင်းလာစေရန် ထိုင်းတော်ဝင်တပ်မတော်သည် ၁၉၃၂ ကပင် ၁၃ကြိမ်မြောက် အာဏာသိမ်းလာသော ထိုင်းနိုင်ငံ၏ နိုင်ငံရေးဖြစ်စဥ်များတွင် ပါဝင်ခဲ့သည်။

ထိုင်းနိုင်ငံတွင်ကျင်းပသည့် အေပက်ညီလာခံ၏ အဓိကအကြောင်းအရာသည် အထင်ကရ ကမ္ဘာ့ခေါင်းဆောင်များ၊ စီးပွားရေး ဦးဆောင်သူများမှ BCG မူဝါဒ ကိုထောက်ခံအောင်လုပ်ရန် သဘောတူညီချက်ပင်ဖြစ်သည်။ ရည်မှန်းချက်ကြီးမားသော စီမံကိန်း၏ အဓိကရည်ရွယ်ချက်မှာလည်း အထူးစီးပွားရေးဇုံများ၊ တိုးတက်ဖွံဖြိုးပြီး မြို့တော်(စမတ်စီးတီး)များ အပြင် နိုင်ငံ၏သယံဇာတများကို အသုံးပြုကာ နိုင်ငံခြားရင်းနှီးမြုပ်နှံသူများကို ဖိတ်ခေါ်ပြီး ထိုင်းနိုင်ငံ၏စီးပွားရေးကို သဘာဝပတ်ဝန်းကျင်နှင့်ကိုက်ညီသော ထိခိုက်မှုအနည်းဆုံးရှိသည့် တိုးတက်မှုဖြစ်အောင် ပြောင်းလဲရန်ပင်ဖြစ်သည်။

ထိုင်းအစိုးရ၏ အကျဥ်းချုပ်ထုတ်ပြန်ချက်တွင် BCG မူဝါဒသည် လာမည့် ငါးနှစ်အတွင်း တိုင်းပြည်အသားတင်ငွေ ၂၄ရာခိုင်နှုန်းရောက်ရန် အလားအလာနှင့်အတူ စိုက်ပျိုးရေး နှင့် အစားအသောက်၊ ဆေးဝါးနှင့် ကျန်းမာရေး၊ ဇီဝစွမ်းအင်၊ ဇီဝနည်းစနစ်များ၊ ဇီဝဓာတုဆိုင်ရာ၊ ခရီးသွားလုပ်ငန်း၊ တီထွင်ဆန်းသစ်မှုများနှင့် စီးပွားရေးလုပ်ငန်းတို့ကို အဓိကထား၍ လုပ်ဆောင်မည်ဟု ပါရှိသည်။ သို့ရာတွင် ၄င်းမူဝါဒသည် စီးပွားရေးလုပ်ငန်းကြီးများချုပ်ကိုင်သော ကာဗွန်စုပ်ယူခြင်းလုပ်ငန်းများ၊ အမြောက်အမြားစိုက်ပျိုးခြင်းများကိုသာ ပိုမိုအားကောင်းစေပြီး ဘိုးဘွားပိုင်မြေများမှ ဆင်းရဲသားလယ်သမားများ၊ လူနည်းစုများကို ပြောင်းရွှေ့သွားစေရန်၊ စစ်တပ်နှင့်ဆက်နွယ်သော အစိုးရထံ၌သာ အာဏာပိုမိုသက်ရောက်အောင်လုပ်ခြင်းဖြစ်သည်ဟု ဝေဖန်သူများက ဆိုသည်။

ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်သူ ခွန်ကာနော့ ခမ်တာ ကမူ “ သိတဲ့အတိုင်း အဲဒီမူဝါဒက ကုမ္မဏီကြီးတွေ အတွက်ပဲ၊ အများပြည်သူအတွက် မဟုတ်ဘူး၊ လက်ဝါးကြီးအုပ်တာက စျေးကွက်တစ်ခုလုံးမှာ ရှိပြီးသား၊ ဆိုတော့ အစိုးရအကူအညီနဲ့ သူတို့မှာ မရှိတဲ့ လယ်မြေတွေကို ရအောင်သိမ်းယူကြမှာ” ဟုပြောသည်။

နောက်ထပ် ဆန္ဒပြသူတစ်ဦးက မူ “ လုံးဝသဘောမတူပါဘူး၊ ပရာယုဟာ အာဏာကိုရယူထားတာ ၈နှစ်တောင်ရှိပြီ၊ သူရဲ့မူဝါဒအားလုံးဟာလည်း သူနဲ့ရင်းနှီးတဲ့ လူတွေလောက်ကိုပဲ အကူအညီပေးတာ။ ဒီတော့ ပရာယု ရာထူးကထွက်သွားဖို့ ကျွန်တော်တို့တောင်းဆိုမှုတွေကို အေပက်ညီလာခံကို တက်ရောက်လာကြတဲ့ ခေါင်းဆောင်တွေ နားထောင်ကြဖို့ တိုက်တွန်းနေပါတယ်” ဟုပြောသည်။ နိုဝင်ဘာ ၁၈ရက်နေ့လည်အချိန်၌ လုံးထွေးသတ်ပုတ်လျှက် ရုန်းရင်းဆန်ခတ်ဖြစ်နေသောမြင်ကွင်းတွင် ဆန္ဒပြသမားများကို ကာဆီးထားသော ရဲတပ်ဖွဲ့ကားတာယာများကို ဖောက်ခဲ့သော ဆန္ဒပြသမားများမှ လူအုပ်ကြီးကိုတိုက်ခိုက်နေသော ရဲတပ်ဖွဲ့ဝင်များကို ရေသန့်ဗူးများနှင့်တရစပ်ပစ်ပေါက်နေခြင်းကို တွေ့ရသည်။

ဆန္ဒပြသူ လူငယ် ထစ်ပ် ကမူ “ကျွန်တော်တို့ အလျော့မပေးနိုင်ဘူး၊ ကျွန်တော်တို့ ဒီမှာ တညလုံးရှိနေမှာ” ဟုပြောသည်။

Apec summit: rubber bullets and tear gas fired as Thai police, anti-Prayuth protesters clash in Bangkok ဆောင်းပါးကို

ကျော်ဇံ (ဘာသာပြန်သည်)

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ