
AB News – ဇန်နဝါရီ ၂၇၊၂၀၂၆
နွယ်စိုး
ရက္ခိုင်ပြည်၊ ဘူးသီးတောင်နှင့် မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်မရှင်မှ အာရက္ခတပ်တော် (AA)အား ခုခံတိုက်ခိုက်ရန် မူဆလင်လက်နက်ကိုင်အဖွဲ့များဖြစ်သည့် ARSA၊ RSOနှင့် ARA အဖွဲ့များအား စစ်ကော်မရှင်တပ်နှင့်အတူ ပူးပေါင်း၍ တိုက်ခိုက်ရန် စေခိုင်းခဲ့ကြောင်း ဂမ်ဘီယာရှေ့နေ အာဆလန်ဆူလေမန် က ပြောကြားသည်။
စစ်ကောင်မရှင်အနေဖြင့် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း ဘူးသီးတောင်နှင့် မောင်တောတိုက်ပွဲအတွင်း ARSA၊ RSOနှင့် ARA စသော လက်နက်ကိုင်အဖွဲ့များကို အသုံးချ၍ အာရက္ခတပ်တော်(AA)ကို တိုက်ခိုက်ရန် စေခိုင်းခဲ့ကြောင်း ၎င်းက ဆိုထားသည်။
“မြန်မာအာဏာပိုင်တွေဟာ အာဆာအဖွဲ့ဝင်တွေ ဘယ်သူဘယ်ဝါဆိုတာကို သတင်းပေးတွေက တဆင့် အတိအကျသိနေတာတောင် ဖြိုခွဲဖို့ မကြိုးစားခဲ့တာဟာ နားမလည်နိုင်စရာပဲ”လို့ ရှေ့နေ ဆူလေမန်က ထပ်ဆင့် ပြောကြားခဲ့သည်။
စစ်ကော်မရှင်သည် အကြမ်းဖက် မူဆလင်လက်နက်ကိုင်(ARSA) အဖွဲ့အား အသုံးချပြီး မူဆလင်လူမျိုး မဟုတ်သည့် ကျေးရွာများကို တိုက်ခိုက်ရန်နှင့် လူသူကင်းမဲ့အောင် လုပ်ဆောင်ရန်အတွက် ဆင်ခြေတစ်ခုအနေဖြင့် တည်ရှိနေခွင့်ပေးထားကြောင်းလည်း ပြောဆိုထားသည်။
အာရက္ခတပ်တော်(AA)ကို တိုက်ခိုက်ရန် စစ်ကော်မရှင်က ARSAနှင့် ပူးပေါင်းခဲ့သည်ဆိုသော ငြင်းမရသည့် သက်သေများကို ICJ က တရားရုံးမှာ တင်ပြခဲ့သော်လည်း မြန်မာနိုင်ငံဘက်က နှုတ်ဆိတ်နေခဲ့ကြောင်းလည်း ထောက်ပြခဲ့သည်။
စစ်ကော်မရှင်တပ်အနေဖြင့် ARSA အဖွဲ့အား ဖြိုခွဲရန် တစ်ကြိမ်တစ်ခါမှ မကြိုးစားခဲ့သကဲ့သို့ အာရက္ခတပ်တော်(AA)ကို တိုက်ခိုက်သည့် စစ်ပွဲတွင်လည်း ပူးပေါင်းဆောက်ရွက်ခဲ့ကြောင်း ၎င်းက ဆိုထားသည်။