Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အာဖဂန်အမျိုးသမီးများ ပညာသင်ကြားခွင့် ပိတ်ပင်ခံလိုက်ရခြင်းက ဘာတွေကို စွန့်လွှတ်လိုက်ရသလဲ (ဘာသာပြန်သတင်းဆောင်းပါး)

အသက် ၂၁ နှစ်အရွယ် တက္ကသိုလ်ကျောင်းသူတစ်ယောက် သူမ၏ တက္ကသိုလ်ပထမနှစ် နောက်ဆုံးစာမေးပွဲအတွက် ရက်သတ္တပတ်ကြာ စာကြိုးစားလျက်ရှိနေခဲ့သည်။ သင်ခန်းစာ ၂ ခန်းမျှသာ စာဆက်လုပ်ရန်ကျန်တော့သည့်အချိန်တွင် သူမ သတင်းတစ်ခုကို ကြားခဲ့ရသည်။ ထိုသတင်းက အာဖဂန်နစ္စတန်က အမျိုးသမီးကျောင်းသူများအားလုံးကို တက္ကသိုလ်ပညာသင်ကြားခွင့်ကို တာလီဘန်တို့က တားမြစ်လိုက်ပြီဟူ၍ပင်ဖြစ်သည်။

ကျွန်မ စာလုပ်တာမရပ်ဘဲဆက်လုပ်နေခဲ့တာပါ၊ ဘယ်လိုပဲဖြစ်ဖြစ် မနက်ဖြန် တက္ကသိုလ်သွားတက်ရမှာဘဲဆိုတဲ့ ခံစားချက်နဲ့ပေါ့ ဟု သူမက CNN ကို ပြောသည်။

သို့သော်လည်း သူမ၏ ကြိုးစားမှု ထင်မြင်မှုမှာ အချည်းနှီးသာဖြစ်ခဲ့ရသည်။ ကဘူးလ်တက္ကသိုလ်ဝန်းတွင်ရှိသည့် လက်နက်ကိုင်တာလီဘန်တို့ ဂိတ်ချထားသည့် နေရာကိုကြည့်ရန် သူမထွက်ခွာလာခဲ့သည်။ တက္ကသိုလ်ကျောင်းသူများ ကျောင်းပရဝုဏ်အတွင်းသို့ဝင်ရန်ကြိုးပမ်းနေကြသည်ကို လှည့်ထွက်လာခဲ့ပြီး စစ်ဆေးရေးဂိတ်ဘက်သို့ထွက်လာခဲ့သည်။

မြင်ရတာ တကယ်ဆိုးပါတယ်၊ ကျွန်မအပါအဝင် မိန်းခလေးအများစုက ကျွန်မတို့အားလုံးကို ဝင်ခွင့်ပြုဖို့ တောင်းဆိုကြတာပါ၊ တကယ်လို့ ရှင်တို့ရဲ့ အခွင့်အရေးတွေ ဆုံးရှုံးသွားလို့ ဘာတစ်ခုမှ လုပ်လို့မရတော့တဲ့အခြေအနေရောက်သွားရင် ရှင်တို့ဘယ်လို ခံစားရမလဲ စဉ်းစားကြည့်ကြပါအုံး ဟု ပြောခဲ့ကြောင်း သူမက ဆက်ပြောခဲ့သည်။

လုံခြုံရေးအရ သူမ၏နာမည်ကိုမူ CNNက ဖော်ပြထားခြင်းမရှိပါ။

၂၀၂၁ခု သြဂုတ်လက ရက်စက်ကြမ်းကြုတ်သည့် အစ္စလာမ်အစွန်းရောက်တို့၏ နိုင်ငံတော်အာဏာကို သိမ်းယူပြီးခဲ့သည့် ဖြစ်စဉ်နောက်ပိုင်းမှစကာ အာဖဂန်အမျိုးသမီးထု၏ လွတ်လပ်ခွင့်များကို တားဆီးပိတ်ပင်လိုက်ခြင်းက တာလီဘန်တို့၏ နောက်ဆုံးခြေလှမ်းပင်ဖြစ်ကြောင်း အင်္ဂါနေ့က တာလီဘန်အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြသည်။

တာလီဘန်တို့သည် မိန်းခလေးနှင့် အမျိုးသမီးတို့၏ အခွင့်အရေးကို ကာကွယ်မည်ဟု အကြိမ်ကြိမ်ထုတ်ပြန်ပြောကြားခဲ့သော်လည်း လက်တွေ့တွင် အာဖဂန်အမျိုးသမီးများ၏ ရာစုနှစ် ၂ စုကျော်ကြာ ကြိုးစားတိုက်ခိုက်ကာ ရယူထားခဲ့ရသည့် သူ့တို့၏ အဖိုးတန်လွတ်လွပ်ခွင့်ကို ပြန်လည်တင်းကျပ်ပိတ်ပင်လိုက်သည့်အတွက်ကြောင့် တာလီဘန်တို့၏ အပြောနှင့်အလုပ်မှာ တလွဲစီဖြစ်နေသည်။

တာလီဘန်တို့၏ ထုတ်ပြန်ချက်များထဲမှအချို့မှာ မိန်းခလေးများကို မတ်လတွင် အလယ်တန်းကျောင်းတက်ခွင့်မရစေရ ဟုဆိုသည့် ပညာသင်ကြားခွင့်ပိတ်ပင်ခြင်းပင်ဖြစ်သည်။ ထိုသို့တားမြစ်လိုက်ခြင်းက ဆရာဝန်၊ ကျောင်းဆရာနှင့် အင်ဂျင်နီယာတို့ဖြစ်ရမည်ဟု ယုံကြည်ထားကြသည့် ကျောင်းသား၊သူများနှင့် သူတို့၏ မိသားစုတို့၏ ရည်ရွယ်ချက်၊ မျှော်လင့်ချက်တို့ကို ဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း သူတို့က CNN ကိုပြောသည်။

အင်္ဂါနေ့က အစည်းအဝေးတစ်ခုတွင် တာလီဘန်အဆင့်မြင့် ပညာရေးဝန်ကြီးက အစ္စလာမ်ဝတ်စားဆင်ယင်မှု စည်းမျဉ်းနှင့် အခြားသော အစ္စလာမ်တန်ဖိုးထားစရာများကို လိုက်နာခြင်းမရှိသည့်အတွက် တက္ကသိုလ်များမှ အမျိုးသမီများကို တားမြစ်ထားရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကျောင်းသားနှင့် ကျောင်းသူတို့အကြားဆက်ဆံရေးမှာ Sharia ဥပဒေအရ တားမြစ်ထားသည်ကိုလည်း ထည်းသွင်းစဉ်းစားခဲ့သည့်အတွက်ကြောင့်လည်း တားမြစ်ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောခဲ့သည်။

ကြာသပတေးနေ့က တက်ကြွလှုပ်ရှားသည့် ကျောင်းသား၊ သူများအပါအဝင် လူဒါဇင်နှင့်ချီ၍ ကဘူးတက္ကသိုလ်ရှေ့တွင် ဆန္ဒပြရန် စုရုံးခဲ့ကြသည်။ လုံခြုံရေးအရအမည်မဖော်လိုသည့် ဆန္ဒပြသူတစ်ဦးက ဆန္ဒပြသူအများအပြားကို တာလီဘန်တို့က ဖမ်းဆီးခဲ့ကြောင်းနှင့် နောက်ပိုင်းတွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

အခင်းဖြစ်ပွားရာနေရာမှ ဗွီဒီယိုဖိုင်တွင် အမျိုးသမီးများက ဘယ်သူမှ မလုပ်လျှင် နောက်လုပ်မဲ့သူမရှိတော့ဘူး ဟု ကြွေးကြော်နေသည်ကို တွေ့ရသည်။ မှတ်ချက်ပေးရန်အတွက် တာလီဘန်တို့ကို CNN က ဆက်သွယ်ခဲ့သည်။

အသက် ၂၁ နှစ်အရွယ်ကျောင်းသူအတွက် သူမ၏ပညာရေးလွတ်လွပ်ခွင့် ဆုံးရှုံးရခြင်းသည် ဗုံးပေါက်ကွဲမှုနှင့် အကြမ်းဖက်မှုများထက် စိတ်ထိတ်လန့်တုန်လှုပ်စရာဖြစ်ခဲ့သည်။

ကျွန်မအမြဲတမ်းထင်ခဲ့တာက ပညာတတ်လို့ရှိရင် စိုးရိမ်သောကတွေ၊ အကြောက်တရားတွေကို တွန်းလှန်နိုင်မယ်လို့ပေါ့၊ ဒါပေမဲ့ အခုကတော့ တခြားစီပါဘဲ၊ ဘယ်လိုမှ ယုံကြည်လက်ခံနိုင်စရာမရှိပါဘူး ဟု အသက် ၂၁နှစ်အရွယ် ကျောင်းသူက ပြောခဲ့သည်။

ကမ္ဘာက တုန့်ပြန်ပုံ

တာလီဘန်တို့၏ ထုတ်ပြန်ချက်သတင်းသည် ကမ္ဘာ့ခေါင်းဆောင်များအကြားတွင် ပြစ်တင်ရှုတ်ချမှု၊ တုန်လှုပ်ချောက်ချားမှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့သည်။ ထို့အပြင် အာဖဂန်တက်ကြွလှုပ်ရှားသူ ခေါင်းဆောင်များက တာလီဘန်တို့၏ ဆုံးဖြတ်ချက်ကို ပြန်ရုတ်သိမ်းဖို့ တိုက်တွန်းခဲ့ကြသည်။

တာလီဘန်တို့အာဏာသိမ်းချိန်က ထွက်ပြေးသွားခဲ့သည့် အာဖဂန်သမ္မတဟောင်း Ashraf Ghaniက တွယ်တာတွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ရာတွင် လူထုတစ်ရပ်လုံးကို ဓားစာခံအဖြစ် သွတ်သွင်းထားသည့် တရားမဝင် အုပ်စိုးသူများ ဟူ၍ သုံးနှုန်းထားခဲ့သည်။

တိုင်းပြည်မှာ အခုဖြစ်ပျက်နေတဲ့ အမျိုးသမီထုရဲ့ ပညာသင်ယူခွင့်၊ အလုပ်လုပ်ခွင့် ပိတ်ပင်ကန့်သတ်လိုက်တာက တကယ့်ကို ပြင်းထန်ရက်စက်လွန်းပြီး အတော့်ကို စိတ်မကောင်းဖြစ်ရပါတယ်။ ပြီးတော့ ၂၁ ရာစုသမိုင်းမှာ အဆိုးရွားဆုံးနှင့် အသိသာဆုံး လိင်ခွဲခြားမှုလည်းဖြစ်ပါတယ်။ အရင်က ကျွန်တော် အကြိမ်ကြိမ်ပြောခဲ့ပါတယ်။ တကယ်လို့ မိန်းခလေးတစ်ယောက် ပညာတတ်လာပြီဆိုရင် သူမဟာ မျိုးဆက်ငါးဆက်လောက်ကို ပြောင်းလဲနိုင်တယ်၊ ဒါပေမဲ့ မိန်းခလေးတစ်ယောက် ပညာမတတ်ရင်တော့ နောက်မျိုးဆက် ငါးဆက်ကို ဖျက်ဆီးလိုက်တာပါပဲဟု Ghaniက သူ၏တွယ်တာတွင် ရေးသားဖော်ပြခဲ့သည်။

အာဖဂန်တွင် တာလီဘန်တို့၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ဆန္ဒပြသူများအား သမ္မတဟောင်းက ရှေ့ဆောင်များဟု ခေါ်ဆိုသုံးနှုန်းထားခဲ့သည်။

နောက်ထပ် အာဖဂန်သမ္မတဟောင်းတစ်ဦးဖြစ်သည့် Hamid Karzaiကလည်း တားမြစ်ထားမှုအတွက် အလွန်ပင် စိတ်မကောင်းဖြစ်ရကြောင်း ဖော်ပြခဲ့သည်။ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ လူဦးရေနှင့် စားနပ်ရိက္ခာဖူလုံမှုဆိုတာ ပညာရေးမှာ ယောင်္ကျားလေး မိန်းခလေးမရွေးဘဲ ကလေးတိုင်းကို လေ့ကျင်းသင်ကြားပေးမှုတို့အပေါ်မှာ မူတည်နေတာပါ ၎င်းက ရေးသားဖော်ပြခဲ့သည်။

ဗြိတိန်ဝန်ကြီးချုပ် Rishi Sunak၊ အမေရိကန်နိုင်ငံ ပြောခွင့်ရ Ned Priceနှင့် အာဖဂန်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် Karen Deckerတို့အပါအဝင် တခြားသော ကမ္ဘ့ာ့ခေါင်းဆောင်ပိုင်းများ၊ အရာရှိများက ထိုကဲ့သို့သော ထုတ်ပြန်ချက်မျိုးကို ထုတ်ပြန်ခဲ့ကြသည်။

G7 အဖွဲ့ဝင်နိုင်ငံများကလည်း ကြာသပတေးနေ့က ထုတ်ပြန်ချက်နှင့် ပတ်သတ်ပြီး အမျိုးသမိန်းများအပေါ် အကြွင်းမဲ့ ညှင်းပန်းနှိပ်စက်နေသည့် တာလီဘန်အဖွဲ့ဟု ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သည်။ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး၊ ကာတာနှင့် ဆူဒီအာရေဗျနိုင်ငံခြားရေးဝန်ကြီးတို့ကလည်း ဆုံးဖြတ်ချက်အပေါ် ပြစ်တင်ဝေဖန်ခဲ့ကြသည်။

လူဦးရေတစ်ဝက်လောက်ကို လူ့အဖွဲ့အစည်းအတွက် အဓိပ္ပာယ်ရှိရှိ ပံ့ပိုးကူညီခြင်းမှ တားဆီးပိတ်ပင်ခြင်းသည် နိုင်ငံတစ်ခုလုံးအပေါ် ဆိုးရွားစွာ သက်ရောက်မှုရှိလိမ့်မည်ဟု အာဖဂန်ရှိ ကုလသမဂ္ဂမစ်ရှင်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပညာရေးဆိုတာ အခြေခံလူ့အခွင့်အရေးပါပဲ၊ အမျိုးသမီးတွေနှင့် မိန်းခလေးတွေကို တက္ကသိုလ်ပညာသင်ကြားခွင့် ပိတ်ပင်တားဆီးလိုက်တာက ဒီလူ့အခွင့်အရေးကို ဆန့်ကျင်တာသာမက အမျိုးသမီးတွေနှင့် မိန်းခလေးတွေခံစားရမယ့် နိုင်ငံအကျိုးကျေးဇူးတွေအတွက် အာဖဂန်လူ့အဖွဲ့အစည်းတစ်ခုလုံးကို ဆန့်ကျင်တာပါဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျောင်းသားများ၏ ဝရုန်းသုန်းကားဖြစ်စဉ်

အာဖဂန်မှ ကျောင်းသူများက အခုဆိုလျှင် ကျွန်မတို့၏ဘဝက ပညာရေးနှင့်ပတ်သက်ပြီး ဘာမှ ရေရေရာရာမရှိတော့ပါဘူးဟု ပြောဆိုကြသည်။

ကျွန်မက အရာအားလုံး ပုံမှန်အခြေအနေအတိုင်း ပြန်ဖြစ်လာမယ်လို့ မျှော်လင့်နေတုန်းပါ၊ ဘယ်အချိန်မှာလဲဆိုတာတော့ ကျွန်မလည်းမသိပါဘူး၊ အခုဆိုရင် ကျွန်မအပါအဝင် မိန်းခလေးများစုက နောက်ဘာဖြစ်လာအုံးမှာလဲဆိုတာကိုပဲ သိချင်နေကြတာပါ၊ နောက်ထပ် ဒီအခြေအနေက ဘယ်လိုမျိုး ရုန်းထွက်မလဲပေါ့ ဟု ကဘူးလ်ကျောင်းသူတစ်ဦးက ပြောသည်။

တကယ်လို့ အာဖဂန်နစ္စတန်က ကျောင်းသူတွေကို ဒီအတိုင်းပဲ ဆက်လက်တားမြစ်ထားမယ်ဆိုရင်တောင် လုပ်နိုင်တဲ့တစ်နေရာတော့ ရှိအုံးမှာပါ၊ ကျွန်မ အရှုံးမပေးပါဘူးဟု ထပ်ပြောခဲ့သည်။

နောက်ထပ်အမျိုးသမီးငယ်တစ်ဦးဖြစ်သည့် Marhyamသည် အမျိုးသမီးတစ်ဦးအနေဖြင့် ပညာသင်ကြားခွင့် ရရှိရေးလှုပ်ရှားမှုများတွင် ပာဝင်ခဲ့သူတစ်ဦးဖြစ်သည်။ အထက်တန်း ကျောင်းသူတစ်ဦးအနေဖြင့် ကဘူးလ်တက္ကသိုလ်တွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ဖူးသည်။ ထို့အပြင် သူမတို့၏ခေါင်းပေါ်မှ ကျည်ဆံတဝီဝီမြည်နေခဲ့သည့် အချိန်ကိုလည်း ပြန်လည် သတိရမိသည်။

ထို့နောက် စက်တင်ဘာလတွင် ကဘူးလ်ရှိ Kaajပညာရေးစင်တာတွင် အသေခံဗုံးခွဲတိုက်ခိုက်မှုမှ လွတ်မြောက်ခဲ့ပြီး လူ ၂၅ ယောက်သေဆုံးခဲ့သည်။ သေဆုံးခဲ့သူအများစုမှာ အမျိုးသမီးငယ်များဖြစ်ကြသည်ဟု ယုံကြည်ကြသည်။ ထိုတိုက်ခိုက်မှုကြောင့် လူအများမှာ ဒေါသဖြစ်၊ ထိတ်လန့်မှုဖြစ်ခဲ့ကြရပြီး နောက်ပိုင်းတွင် ကဘူးလ်မြို့ရှိ လမ်းများပေါ်တွင် အမျိုးသမီး ဒါဇင်နှင့်ချီ၍ ဆန္ဒပြခဲ့ကြသည်။

လုံခြုံရေးအရ အမည်ပြောင်းထားသည့် Maryam သည် အချိန်အတော်အတန်ကြာအောင် သတိမေ့မြောနေခဲ့သည်။ သတိရပြီး အတန်းထဲသို့ပြန်လည်သွားကြည့်လိုက်သည်အခါ သူ့သူငယ်ချင်းများ၏ ကြောက်မက်ဖွယ်လိလိ သေဆုံးနေသည့် အလောင်းများကိုသာ တွေ့ခဲ့ရသည်။

ကျောင်းသူများ၏ သေဆုံးမှုက သူမ၏တော်လှန်ပုန်ကန်ချင်သည့် ရည်ရွယ်ချက်ကို ခိုင်မာစေခဲ့သည်သာမက သူ့မရှေ့တွင် သေဆုံးသွားခဲ့ရသည့် သူငယ်ချင်းများအားလုံး၏ အိပ်မက်ကိုလည်း အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း Maryamက ပြောခဲ့သည်။

ဗုံးခွဲတိုက်ခိုက်မှုအပြီး ရက်သတ္တပတ်အကြာတွင် ဘွဲ့နှင်းသဘင်အစီအစဉ်တစ်ခုတွင် ဆုလက်ခံရရှိခဲ့သော်လည်း ပျက်စီးသွားခဲ့သည့် ပညာရေးစင်တာကို ပြန်လည်တည်ဆောက်ရန် သူမ၏တက္ကသိုလ်ဆက်တက်မည့် အစီအစဉ်ကို တစ်နှစ် ရွှေ့ဆိုင်းခဲ့သည်။ တခြားမိန်းခလေးများကို သူတို့၏ပညာရေးအား ဆက်လက်ဆောင်ရွက်ရန် အားပေးအားမြှောက်ပြုချင်ခဲ့ကြောင်း သူမကပြောခဲ့သည်။

အခုဆိုရင် ထိုအိပ်မက်များသည် အင်္ဂါနေ့က ထုတ်ပြန်ကြေညာချက်ကြောင့် အကောင်အထည်ဖော်ရန်မဖြစ်နိုင်တော့ကြောင်း ပြောသည်။

ကျွန်မကတော့ လမ်းပျောက်နေပါပြီ၊ ဘာလုပ်ရမှာလဲ၊ ဘာပြောရမှာလဲ မသိတော့ပါဘူး။ မနေ့ညကတောင် Kaajဗုံးဖောက်ခွဲမှုမှာ ဆုံးပါးသွားခဲ့တဲ့ ကျွန်မ သူငယ်ချင်းတွေကို ပြန်မြင်ယောင်ခဲ့ပါသေးတယ်၊ ကျွန်မတို့က ဘာ့အတွက် ပေးဆပ်နေကြရတာလဲဟု ၎င်းက ပြောကြားခဲ့သည်။

ကျွန်မတို့ ပညာသင်ဖို့လိုတယ်၊ အဲဒီအတွက်လည်း ကျွန်မတို့အမျိုးသမီးတွေ အများကြီးပေးဆပ်ခဲ့ပြီးပြီ၊ ဒါက ကျွန်မတို့ရဲ့အနာဂတ်အတွက် တစ်ခုတည်းသော မျှော်လင့်ချက်ပါပဲ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ