ABN-ရာဟု
ဇူလိုင် ၂ ရက်
Timor-Leste (အရှေ့တီမော)နိုင်ငံ၏ လွတ်လပ်ရေးခေါင်းဆောင်တစ်ဦးဖြစ်သည့် Xanana Gusmao မှာ ဝန်ကြီးချုပ်သစ်အဖြစ် ဇူလိုင်လ ၁ရက်နေ့ကကျမ်းသစ္စာကျိန်ဆိုခဲ့သည်ဟု သိရသည်။
၂ ကြိမ်မြောက် ၀န်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုသည့် အခမ်းအနားတွင် နိုင်ငံသားများ ပိုမို ချမ်းသာလာစေရန်နှင့် ပညာတတ်မှုနှုန်း တိုးတက်ပြီး အရည်အချင်းပြည့်၀ကာ တီထွင်ကြံဆနိုင်သည့် အလုပ်အကိုင် အခွင့်အလမ်းများ၊ ကုန်ထုတ်စွမ်းအားမြင့်တင်နိုင်ရေးတို့အတွက် စီစဥ် ဆောင်ရွက်သွားမည်ဟု Mr. Xanana Gusmao က ပြောကြားခဲ့သည်။
တရားစီရင်ရေး နည်းစနစ်များနှင့် ဓာတ်ငွေ့ပိုက်လိုင်းများ ပိုမိုကောင်းမွန်လာစေရန် ၎င်းအစိုးရက ဦးစားပေးလုပ်ဆောင်သွားမည်ဟု Mr. Gusmao က ကတိပြုပြောဆိုခဲ့သည်ဟု သိရသည်။
Mr .Gusmao မှာ အသက်၇၇နှစ်အရွယ်ရှိပြီးဖြစ်ကာ နိုင်ငံ လွတ်လပ်ရေးရပြီးနောက် ပထမဆုံး သမ္မတအဖြစ် ၂၀၀၂-၂၀၀၇ တာဝန်ထမ်းဆောင်ခဲ့သည့် နိုင်ငံခေါင်းဆောင်ကြီးတစ်ဦးဖြစ်ပြီး ဝန်ကြီးချုပ်အဖြစ်လည်း ၂၀၀၇-၂၀၁၅ အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ချက်သမ္မတနိုင်ငံ NUG ကိုယ်စားလှယ် ဦးလင်းသန့်တို့ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို တက်ရောက်ခဲ့သည်ဟုလည်း သိရသည်။
အရှေ့တောင်အာရှနိုင်ငံများထဲတွင် အရှေ့တီမောနိုင်ငံသည် အင်ဒိုနီးရှားလက်အောက်မှလွတ်လပ်ရေးရကာ နှစ် ၂၀ ဒီမိုကရေစီသက်တမ်း အနုဆုံးနိုင်ငံ တစ်ခုဖြစ်သလို ဖွံ့ဖြိုးမှုနောက်ကျဆဲဖြစ်ပြီး လူဦးရေ ၁.၃ သန်းကျော်ရှိသည့်အထဲ ၄၀ ရာခိုင်နှုန်းကျော်မှာ ဆင်းရဲသည့် ပြည်သူများဖြစ်ကြသည်။