သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အမှတ် ၁၃ သင်တန်းကျောင်း ရှော့တိုက်ဒုံး​​ဖြင့် ပစ်ခတ်ခံရမှုကြောင့် စစ်ကော်မရှင်အရာရှိအပါအဝင် ၁၈ ဦးသေဆုံး

အမှတ် ၁၃ သင်တန်းကျောင်း ရှော့တိုက်ဒုံး​​ဖြင့်ပစ်ခတ်ခံရမှုကြောင့် စစ်ကော်မရှင်အရာရှိအပါအဝင် ၁၈ ဦးသေဆုံး

AB News- သြဂုတ် ၂၂၊ ၂၀၂၅
ဒေဝီ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ အမှတ် (၁၃) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးသင်တန်း ကျောင်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အထက်တန်းနည်းပြအရာရှိ ၃ ဦးနှင့် အခြားအဆင့် တိုက်ခိုက်ရေးတပ်သား ၁၈ဦးသေဆုံပြီး သင်တန်းဆောင်များ မီး​လောင်ပျက်စီးခဲ့ကြောင်း Brave Warriors for Myanmar က ထုတ်ပြန်ထားသည်။

အဆိုပါ အမှတ် (၁၃) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်း ကျောင်းမှာ မိုးကုတ်နှင့် သပိတ်ကျင်းကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်ကော်မရှင်တပ်သားများ၏ အခြေစိုက်စခန်းတစ်ခုဖြစ်ကြောင်း သိရသည်။

သပိတ်ကျင်းမြို့နယ်၊ ၇ မိုင်၊ တွင်းငယ်ကျေးရွာရှိ အမှတ် (၁၃) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းကို Brave Warriors for Myanmar (BWM) ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့များက သြဂုတ်လ ၂၀ ရက်နေ့တွင် ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုတွင် ရှော့တိုက်ဒုံး ၁၀ လုံးအနက် ၉ လုံး ပေါက်ကွဲခဲ့ပြီး သင်တန်းကျောင်းရှိ အဆောင် ၄ ခု မီးလောင်ပျက်စီးခဲ့ကာ အရာရှိ ၃ ဦးနှင့် တပ်သား ၁၈ ဦး သေဆုံးခဲ့ကြောင်း BWM က ထုတ်ပြန်ထားသည်။

ယခုတိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အပါအဝင် Shadow (အညာ)၊ No More Dictatorship (NMD-PDF)၊ Infinity (အညာ) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး မန္တလေးတိုင်း လက်နက်ကြီးတပ်ဖွဲ့နှင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များကလည်း ပံ့ပိုးကူညီခဲ့ကြသည်။

အဆိုပါ တိုက်ခိုက်မှုမတိုင်မီ နံနက်ပိုင်းက စစ်ကော်မရှင် တပ်စခန်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များသည် ဇရပ်ကွင်းကျေးရွာသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သားအချို့ ထိခိုက်ခဲ့ကြောင်းလည်း သိရသည်။

စစ်ကော်မရှင်သည် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက သပိတ်ကျင်းမြို့ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့သော်လည်း စစ်ရေးတင်းမာမှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ