Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် လာမည့် ရွေးကောက်ပွဲတွင် ဝင်ပြိုင်မည်ဟု တရားဝင် ကြေညာ

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် လာမည့် ရွေးကောက်ပွဲတွင် ဝင်ပြိုင်မည်ဟု တရားဝင် ကြေညာ

ABN-ရှိုင်းမိုး

အသက် ၈၀အရွယ် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် လာမည့် ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်သွားမည်ဟု ဧပြီလ (၂၅) ရက်နေ့က တရားဝင် ကြေညာလိုက်သည်။

ဂျိုးဘိုင်ဒန်သည် အမေရိကန်သမိုင်းတစ်လျှောက်တွင် အသက်အကြီးဆုံး သမ္မတအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး၊ ယခုဆုံးဖြတ်ချက်ကလည်း လက်ရှိတွင် အသက် (၈၀) နှစ်ရှိပြီဖြစ်သည့် ဘိုင်ဒန်ကို အမေရိကန်ပြည်သူများက သမ္မတအဖြစ် နောက်ထပ် (၄) နှစ်သက်တမ်းအတွက် ရွေးချယ်သွားရန် အသင့်ဖြစ်မဖြစ် စမ်းသပ်မှုဖြစ်လာမည်ဟု ဆိုသည်။

သမ္မတဘိုင်ဒန်က နောက်တစ်ကြိမ် သမ္မတရွေးကောက်ပွဲဝင်မည်ဖြစ်ကြောင်း ၎င်း၏ မဲဆွယ်စည်းရုံးရေးအဖွဲ့က ထုတ်ပြန်လိုက်သည့် ဗီဒီယိုဖိုင်တွင် ကြေညာခဲ့ခြင်းဖြစ်ပြီး ထိုသို့ရွေးကောက်ပွဲဝင်ခြင်းမှာလည်း အမေရိကန်ဒီမိုကရေစီကို ကာကွယ်ရန် ၎င်း၏ အလုပ်ဖြစ်ကြောင်းလည်း ပြောထားသည်။

“လွန်ခဲ့တဲ့ (၄) နှစ်တုန်းက ကျွန်တော် သမ္မတရွေးကောက်ပွဲဝင်တဲ့အချိန်မှာတော့ အမေရိကန်ရဲ့ ဝိညာဥ်အတွက် တိုက်ပွဲဝင်နေတယ်လို့ ကျွန်တော် ပြောခဲ့တယ်၊ ကျွန်တော်တို့ အခုလည်း တိုက်ပွဲဝင်နေဆဲပဲ၊ ကိုယ့်ဘာသာ ကျေနပ်နေရမယ့် အချိန်မဟုတ်သေးပါဘူး၊ ဒါကြောင့် ကျွန်တော် ပြန်အရွေးခံသွားမှာပါ၊ ဒီအလုပ်ကို အပြီးသတ်ကြပါစို့၊ ကျွန်တော်တို့လုပ်နိုင်တယ်ဆိုတာ ကျွန်တော် သိတယ်” ဟု သမ္မတဘိုင်ဒန်က ပြောခဲ့သည်။

ရီပတ်ဘလစ်ကင်တို့က အမေရိကန်၏ လွတ်လပ်ခွင့်ကို ခြိမ်းခြောက်ကြောင်း ဒီမိုကရက်တစ် သမ္မတဘိုင်ဒန်က ရည်ညွှန်းပြောဆိုခဲ့ပြီး အမျိုးသမီးများ၏ ကျန်းမာရေးစောင့်ရှောက်မှုအပေါ် ကန့်သတ်ရန် ကြိုးပမ်းအားထုတ်မှုများ၊ လူမှုဖုံလုံရေး ဖြတ်တောက်လျှော့ချမှုများနှင့် စာအုပ်များ တားမြစ်ပိတ်ပင်မှုတို့ကို တုံ့ပြန်ဆန့်ကျင်သွားမည်ဟု ကတိပြုခဲ့သည်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၅ရက်နေ့တွင်ပြုလုပ်မည့် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကလည်း ရီပတ်ဘလစ်ကင်ပါတီ ကိုယ်စားပြု သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဥ်ပြိုင်ရန် စီစဥ်နေပြီး ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် အကြိတ်အနယ် ယှဥ်ပြိုင်ခဲ့ကြသည့် ဘိုင်ဒန်နှင့်ထရမ့်တို့၏ အိမ်ဖြူတော်ကို သိမ်းပိုက်ရေး ဒုတိယအကြိမ် ယှဥ်ပြိုင်မှုကို မြင်တွေ့ရလာနိုင်ဖွယ်ရှိနေသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ