Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အမေရိကန်-တရုတ်တို့၏ ချိပ် (Chip) စစ်ပွဲ

အမေရိကန် အနိုင်ရနေ (ဘာသာပြန်ဆောင်းပါး)

ရာစုနှစ်တစ်ခုကျော်အထိ ရေနံရရှိရန် အပြိုင်အဆိုင်ကြိုးစားကြသည့် ရေနံစစ်ပွဲများသည် မတူကွဲပြားသည့် မဟာမိတ်များအပေါ် ဖိအားပေးနိုင်ခဲ့ပြီး သံတမန်ရေးဆိုင်ရာ အငြင်းအခုံ ပြဿနာများကိုလည်း အစပြုခဲ့သည်။

လက်ရှိတွင် ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံးနှစ်နိုင်ငံတို့သည်နောက်ထပ် တန်ဖိုးကြီးမားလှသည့် အရင်းအမြစ်တစ်ခု နှင့် ပတ်သက်၍ အပြိုင်အဆိုင် အလုအယက်ကြိုးပမ်းနေကြသည်။ ၄င်းတန်ဖိုးကြီးပစ္စည်းမှာ ကျွန်တော်တို့ နေ့စဥ်လူနေမှုဘဝကို အထောက်အကူပြုနေသည့် လျှပ်စစ်ပစ္စည်းများတွင် အသုံးပြုသော လျှပ်ကူးပစ္စည်း (Chip) ချိပ် အပြားလေးများပင် ဖြစ်သည်။

အလွန်သေးငယ်သော ဤဆီလီကွန်အပိုင်းအစလေးများသည် ဒေါ်လာဘီလီယံ ၅၀၀တန်ဖိုးရှိ လုပ်ငန်းများ၏ အဓိက အရေးပါဆုံးပစ္စည်းဖြစ်နေပြီး ၂၀၃၀ တွင် တန်ဖိုး နှစ်ဆခန့် တက်မည်ဟု ယူဆရသည်။ ပြီးလျှင် ချိပ်အပြားထုတ်လုပ်သော နိုင်ငံများနှင့် ကုမ္ပဏီများပါဝင်သည့် ရှုပ်ထွေးသည့် ကွန်ယက်ကို ထိန်းချုပ်နိုင်သူ မည်သူမဆို ပြိုင်ဖက်ကင်း စူပါပါဝါနိုင်ငံကြီးတစ်ခုဖြစ်စေသည့် သော့ချောင်းကို ပိုင်ဆိုင်ထားပြီဖြစ်သည်။

တရုတ်နိုင်ငံသည် ချိပ်အပြားများထုတ်လုပ်ရန် နည်းပညာကို လိုချင်နေသည်။ ထို့ကြောင့်ပင်လျှင် နည်းပညာအများစု၏ အရင်းအမြစ်ဖြစ်သော အမေရိကန်သည် တရုတ်ကို အဆက်အသွယ်လမ်းကြောင်း ဖြတ်တောက်ထားသည်။

တာ့ဖ်စ် တက္ကသိုလ်၏ တွဲဖက်ပါမောက္ခတစ်ဦးဖြစ်သည့် ချိပ်စစ်ပွဲ စာအုပ်ကိုရေးသားသူ ခရစ်ဆ်မီလာ က “ တရုတ်-အမေရိကန်တို့ဟာ အာရှပစိဖိတ်ဒေသမှာ လက်နက်အင်အားပြိုင်နေကြတာ ဆိုတာ အားလုံးအသိပါ၊ ဒါပေမယ့် ထပ်ပြိုင်ရမဲ့ ပြိုင်ပွဲတစ်ခုရှိပါတယ်၊ ဒါဟာ ထုတ်လုပ်ထားတဲ့ ဒုံးကျည်တွေလို သို့မဟုတ် သင်္ဘောအရေအတွက်လို ပြိုင်ဆိုင်မှုတွေဟာ နှစ်နိုင်ငံလုံးရဲ့ ပိုင်နက်မှာ ဖြစ်ပျက်နေတာပါ” ဟုဆိုသည်။

ဒီပြိုင်ပွဲကတော့ စစ်ရေးစနစ်တွေမှာ အသုံးပြုနိုင်တဲ့ ဉာဏ်ရည်တု အလိုဂရစ်သမ်တွေ (Artificial intelligence – AI) ရဲ့ အရည်အသွေးနဲ့ သက်ဆိုင်ပါတယ် ဟု သူမှ ထပ်မံပြောကြားသည်။

လောလောဆယ် ၄င်းပြိုင်ဆိုင်မှုတွင် အမေရိကန် အနိုင်ရနေသည်။ သို့ရာတွင် အမေရိကန်က တရုတ်အပေါ်ကြေငြာခဲ့သော ချိပ်စစ်ပွဲသည် ကမ္ဘာ့စီးပွားရေး ပုံစံသစ်ကိုဖန်တီးလျှက်ရှိသည်။

ချိပ်ထုတ်လုပ်သူများ

လျှပ်ကူးပစ္စည်း ချိပ်အပြားထုတ်လုပ်ခြင်းသည် အလွန်ရှုပ်ထွေးပြီး အဆင့်မြင့်ကာ ပုံစံမျိုးစုံ ပါဝင်သည်။

အိုင်ဖုန်း Iphone တစ်လုံးတွင် ပါဝင်သော ချိပ် အပြားများကို အမေရိကန်တွင် ဒီဇိုင်းဖန်တီးပြီး ထိုင်ဝမ်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့တွင် ထုတ်လုပ်ကာ တရုတ်နိုင်ငံတွင် တပ်ဆင်သည်။ ချိပ် ထုတ်လုပ်ရေးလုပ်ငန်းတွင် အကြီးအကျယ်ရင်းနှီးမြှုပ်နှံသော အိန္ဒိယနိုင်ငံသည်လည်း အနာဂတ်တွင် အဓိကကျသည့် နိုင်ငံတစ်နိုင်ငံဖြစ်လာနိုင်ပေသည်။

ချိပ် အပြားများကို အမေရိကန်တွင်တီထွင်ခဲ့သည်။ သို့ရာတွင် အချိန်ကြာလာသည်နှင့်အမျှ ထောက်ပံ့ကြေးများအပါအဝင် အစိုးရမက်လုံးများကြောင့် အရှေ့တောင်အာရှသည်လည်း ထုတ်လုပ်ရေးနေရာတစ်ခုအဖြစ် ပေါ်ထွက်လာခဲ့သည်။

ဤအချက်သည်ပင်လျှင် စစ်အေးကာလအတွင်း ရုရှားလွမ်းမိုးမှုကိုခံရသော ဒေသများတွင် စီးပွားရေးအရဆက်ဆံရေး နှင့် မဟာဗျူဟာအရအရေးပါသည့် မဟာမိတ်များ တိုးပွားလာစေရန် အမေရိကန်အစိုးရကို အကူအညီပေးခဲ့သည်။

လိုအပ်သည့်အရွယ်အစားနှင့် အကောင်းဆုံးနှင့် အထိရောက်ဆုံး ချိပ်အပြားများကို ထုတ်လုပ်ရန် စတင်ယှဥ်ပြိုင်ခြင်း ဖြစ်ပြီး အရွယ်အစားသေးငယ်လေ ပိုကောင်းလေပင်ဖြစ်သည်။ စိန်ခေါ်မှုတစ်ခုမှာ လျှပ်စီးကို ပိတ်နိုင်ဖွင့်နိုင်သည့် အလွန်သေးငယ်သည့် ခလုတ်များဖြစ်သည့် လျှပ်စီးကူးခြင်းကို ကြားခံပေးသည့် ကိရိယာ (ထရန်စစ္စတာ) မည်မျှကို ဆီလီကွန် အပြားလေးပေါ်တွင် အတုံးအငယ်ဆုံးများအဖြစ် ထည့်သွင်းနိုင်မည်လဲ ဆိုသည့် အချက်ပင်ဖြစ်သည်။

ယင်းအချက်ကို ထရန်စစ္စတာ ထုတ်လုပ်သည့်လုပ်ငန်းများက မောရ် ဥပဒေသ ( Moore’s law ) ဟုခေါ်ကြပြီး အချိန်ကြာလာသည်နှင့်အမျှ ထရန်စစ္စတာ၏ သိပ်သည်းမှုက နှစ်ဆဖြစ်သွားစေသည်။ ပြီးလျှင် ထိုကဲ့သို့ ထရန်စစ္စတာ အများကြီးထည့်သွင်းနိုင်မည့်ကိစ္စမှာ အောင်မြင်ရန် အလွန်ခက်ခဲ့သည့် ကိစ္စတစ်ခုဖြစ်သည် ဟု ဆီလီကွန်တောင်ကြားရှိ Bain & Company ၏ စီးပွားရေး ပါတနာ ဂျူးဝန်း က ဆိုသည်။

ဆီလီကွန်ပြားလေးပေါ် ထရန်စစ္စတာများကို အများအပြားထည့်သွင်းနိုင်ခြင်းက ကျွန်တော်တို့ အသုံးပြုသည့် ဖုန်းများကို ပိုမိုမြန်ဆန်စေခြင်း၊ ဒီဂျစ်တယ် ဓာတ်ပုံများထိမ်းသိမ်းသည့် နေရာများကို အရွယ်အစား ပိုကြီးစေခြင်း၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများကိုလည်း ပိုမို စနစ်တကျသုံးစွဲလာနိုင်ခြင်းနှင့် လူမှုကွန်ယက်ပေါ်ရှိ အကြောင်းအရာများကိုလည်း ပိုမိုများပြားစေခြင်းတို့အတွက် အကူအညီပေးသည်။

ထိုအဆင့်ကို ရောက်ရှိရန် ထိပ်တန်း ချိပ် ထုတ်လုပ်သူများအတွက်ပင် မလွယ်ကူကြောင်းတွေ့ရသည်။ ၂၀၂၂ အလယ်ပိုင်းတွင် ဆမ်ဆောင်း( Samsung) ကုမ္ပဏီသည် သုံး-နာနိုမီတာ အရွယ်အစားရှိသည့် ချိပ် ပြားများ အမြောက်အမြားထုတ်လုပ်နိုင်သည့် ပထမဆုံးကုမ္ပဏီဖြစ်လာပြီး အက်ပဲလ် (Apple) ကုမ္ပဏီအတွက် ချိပ်ပြားအဓိက ထောက်ပံ့ပေးသည့် ကမ္ဘာ့အကြီးမားဆုံး ချိပ်ထုတ်လုပ်သည့် ထိုင်ဝမ် ထရန်စစ္စတာထုတ်လုပ်ရေးကုမ္ပဏီ (TSMC) က နောက်ကလိုက်သည်။

အရွယ်အစား မည်မျှသေးငယ်သည်ကို သာဓက ပြရပါက အရွယ်အစား ၅၀ နာနိုမီတာမှ ၁၀၀,၀၀၀ ကြားရှိသော ဆံပင်တမျှင်ထက်တောင်ပို၍ သေးငယ်သည်။

ဤပို၍သေးငယ်သော ရှေ့ပြေး ချိပ် ပြားများသည် ပိုမိုထိရောက်ပြီး ပို၍တန်ဖိုးရှိသော ပစ္စည်းများဖြစ်သည့် စူပါကွန်ပျူတာ၊ AI နှင့် အင်တာနက် ဆက်သွယ်ရေးပစ္စည်းများတွင် အသုံးပြုနိုင်သည်။

ကျွန်တော်တို့ သာမန် လူနေမှုဘဝကို အထောက်အကူပြုသည့် မိုက်ကရိုဝေ့ဗ်၊ အဝတ်လျှော်စက်နှင့် ရေခဲ သေတ္တာ ကဲသို့သော အရာများတွင်သုံးသည့် နောက်ကျကျန်နေခဲ့သော ချိပ်ပြားများသည်လည်း အမြတ်ကောင်းကောင်း ရနိုင်သည်။ သို့ရာတွင် အနာဂတ်တွင် နောက်ကျကျန်နေသော ချိပ်ပြားများ ပျောက်ကွယ်သွားနိုင်သည်။

လက်ရှိတွင် ကမ္ဘာပေါ်တွင်ထုတ်လုပ်သည့် ချိပ်ပြားများထဲမှ အများစုကို ထိုင်ဝမ်နိုင်ငံတွင် ထုတ်လုပ်လျှက်ရှိပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကျွန်းကြီးကို ထိုင်ဝမ်သမ္မတသုံးနှုန်းသည့် “ဆီလီကွန် ဒိုင်းကာ” ဖြင့် မိမိတို့အပိုင်ဖြစ်သည်ဟု ဆိုသည့် တရုတ်လက်မှ အကာအကွယ်ပေးထားသည်။

တရုတ်နိုင်ငံသည် ချိပ်ထုတ်လုပ်ခြင်းကို နိုင်ငံ၏ ဦးစားပေးအရာအဖြစ်သတ်မှတ်ထားပြီး စူပါကွန်ပျူတာနှင့် AI တို့တွင် အကြီးအကျယ်ရင်းနှီးမြုပ်နှံနေသည်။ ချိပ်ထုတ်လုပ်ရေးတွင် ကမ္ဘာ့ထိပ်တန်းနိုင်ငံမဖြစ်လာသေးသော်လည်း လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း ချိပ် ဒီဇိုင်းအရည်အသွေးများတွင် မြန်မြန်ဆန်ဆန်နှင့် အမှီလိုက်လာနေသည်ဟု မစ္စတာ မီလာမှ ပြောကြားသည်။

“သမိုင်းအစဥ်အလာအရ လေ့လာတွေ့ရှိရတဲ့ အရာတစ်ခုက အင်အားကြီးနိုင်ငံတွေ နည်းပညာရှေ့ရောက်အောင်လုပ်နိုင်ပြီဟေ့ ဆိုရင် ထောက်လှမ်းရေးနဲ့ စစ်ရေးဆိုင်ရာ ကိစ္စရပ်တွေ မှာ အသုံးပြုကြတော့တာပဲ” ဟု သူကဆက်ပြောသည်။

ချိပ် တင်ပို့မှုအတွက် ထိုင်ဝမ်နှင့် တခြားအရှေ့တောင်အာရှ နိုင်ငံများအပေါ် မှီခိုအားထားရမှုနှင့် ဤအချက်သည်ပင်လျှင် အမေရိကကို လှုပ်ခတ်နေသကဲ့သို့ ဖြစ်စေသည်။

တရုတ်တိုးတက်မှုကို အမေရိကန် ဘယ်လိုနှောင့်နှေး‌အောင်လုပ်နေတာလဲ

ဘိုင်ဒင်အစိုးရသည် တရုတ်နိုင်ငံ၏ ချိပ်ပြားများထုတ်လုပ်သည့် နည်းပညာကို ချုပ်ကိုင် ဖိညှစ်ဖို့ ကြိုးစားလျှက်ရှိသည်။

လွန်ခဲ့သည့် ‌အောက်တိုဘာလအတွင်းက အမေရိကန်အစိုးရသည် ကမ္ဘာပေါ်ရှိမည်သည့်နေရာတွင် အခြေစိုက်သည့်ကုမ္ပဏီဖြစ်စေ အမေရိကန်နည်းပညာပါဝင်သည့် ချိပ်ပြားများ၊ ချိပ်ပြားထုတ်လုပ်သည့် ပစ္စည်းကိရိယာများနှင့် ဆော့ဖ်ဝဲများကို ရောင်းချခွင့် မပြုရန်ကြေငြာထားသည်။

ထို့အပြင် အမေရိကန်နိုင်ငံသားများနှင့် အမြဲတမ်းနေထိုင်သူများကိုလည်း တရုတ်နိုင်ငံရှိ သတ်မှတ်ထားသည့် စက်ရုံများတွင် ချိပ်ပြားများကို ကူညီလုပ်ကိုင်ပေးခြင်း နှင့် ထုတ်လုပ်ခြင်းတို့မှ တားမြစ်ထားသည်။

တရုတ်နိုင်ငံသည် စက်ပိုင်းဆိုင်ရာပစ္စည်းများ (hardware) နှင့် ဖွံဖြိုးစချိပ်ထုတ်လုပ်ရေးကို ကူညီပေးသည့် အစွမ်းအစ နှစ်ခုစလုံးကို တင်ပို့သဖြင့် ဤအချက်က တရုတ်နိုင်ငံကို အထိနာစေသည်။

နယ်သာလန်နိုင်ငံ၏ ချိပ်ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သည့် ASML သည် တရုတ်နိုင်ငံမှ ရရှိနေကျဖြစ်သော အခွန်ငွေလေးပုံတစ်ပုံခန့် ဆုံးရှုံးမည် ဖြစ်သည်။ အကြောင်းမှာ ASML ကုမ္ပဏီသည် အဆင့်မြင့်ဆုံးသော ပုံနှိပ်သည့် စက်များနှင့် ခေတ်နောက်ကျသည့် ချိပ်ပြားများထုတ်လုပ်ရန် ပစ္စည်းများကို ထုတ်လုပ်သည့် တစ်ခုတည်းသော ကုမ္ပဏီဖြစ်သည်။

“အစွမ်းအစက ဒီနယ်ပယ်မှာ ဒီလောက်ထိအရေးမကြီးတော့ဘူး၊ တရုတ်ရဲ့ ချိပ်ထုတ်လုပ်ရေးကုမ္ပဏီတွေရဲ့ အကြီးအကဲတွေကို ကြည့်လိုက်လို့ရှိရင် သူတို့ထဲက အများစုဟာ အမေရိကန် နိုင်ငံကူးလက်မှတ်တွေ ကိုင်ဆောင်ထားကြတယ်၊ ပြီးရင် အမေရိကန်မှာ လေ့လာသင်ကြားခဲ့တယ်၊ ပြီးရင် သူတို့မှာ အမေရိကန်မှာ အမြဲနေထိုင်ခွင့် (Green card) ကိုင်ဆောင်ထားကြတဲ့ လူတွေဖြစ်တယ်။ ဒါကြောင့် ဒီအချက်က တရုတ်အတွက် အကြီးအကျယ်ပြဿနာကြီးတစ်ခုပဲ ဟု မူဝါဒသုတေသန ကုမ္ပဏီ Trivium China ၏ မူဝါရေးရာ ကျွမ်းကျင်သူ လင်ဂို ဘို က ဆိုသည်။

အမေရိကန်ကလည်း ချိပ်တွေ ပိုပြီး ထုတ်လုပ်ရန် လိုလားနေသည်။ ချိပ် ပြားများနှင့် သိပ္ပံဆိုင်ရာ အက်ဥပဒေ က အမေရိကန်ရှိ ချိပ်ထုတ်လုပ်သည့် ကုမ္ပဏီများကို ဒေါ်လာ ၅၃ ဘီလီယံ နှင့် တခြားအကျိုးခံစားခွင့် များ ပေးအပ်ထားသည်။ TSMC ကုမ္ပဏီသည် ထိုင်ဝမ်ပြင်ပတွင်ရှိသော သူတို့၏တစ်ခုတည်း ပိုင်ဆိုင်မှုဖြစ်သည့် ဒေါ်လာ ၄၀ဘီလီယံတန်ဖိုးရှိသော အမေရိကန်ရှိစက်ရုံနှစ်ရုံအတွက် ရင်းနှီးမြုပ်နှံနေသည်။

စူပါကွန်ပျူတာ၊ စစ်ဖက်သုံးပစ္စည်းများနှင့် စက်ပါသည့် မည်သည့် ပစ္စည်းအတွက် မဆို မရှိမဖြစ်လိုအပ်သော မှတ်ဉာဏ်ကဒ်( မေမိုရီကဒ်) ထုတ်လုပ်သည့် အကြီးမားဆုံးသော အမေရိကန်အခြေစိုက် မီခရွင် ကုမ္ပဏီသည် လာမည့် နှစ် ၂၀ အတွင်း နယူးယောက်မြို့၏ ဝေးလံသည့် ဒေသတွင် ကွန်ပျူတာချိပ်ပြားများထုတ်လုပ်ရန် ဒေါ်လာဘီလီယံ ၁၀၀ အထိ သုံးစွဲရန် စီစဥ်ထားကြောင်း ကြေငြာခဲ့သည်။

“ချိပ် အက်ဥပဒေက အမေရိကနဲ့ အာရှတို့မှာ တည်ရှိတဲ့ ထုတ်လုပ်ရေး ကုန်ကျစရိတ် ကွာဟာချက်ကို ဖြည့်ဆည်းပေးနိုင်ပြီး မီခရွင်ဟာ အာရှမှာလည်း စက်ရုံတွေတည်ဆောက်ဖို့ ရင်းနှီးမြုပ်နှံသွားမယ်၊ ပိုအရေးကြီးတာက ကမ္ဘာတဝှမ်းမှာ ချိပ်ထုတ်လုပ်တာဟာ တပြေးညီဖြစ်နေရမယ်” ဟု မီခရွင်နည်းပညာ ကုမ္ပဏီ၏ အမှုဆောင်ချုပ်မှ ပြောကြားခဲ့သည်။

တရုတ်ရဲ့ လုပ်နိုင်တဲ့ အတိုင်းအတာ

အမေရိကန်၏ ကန့်သတ်ချက်များသည် တရုတ်တို့၏ ဒဏ်ရာကို ပိုဆိုးစေသည်။ ကန့်သတ်မှုများထုတ်ပြန်လိုက်သည်နှင့် အက်ပဲလ် ကုမ္ပဏီသည် တရုတ်နိုင်ငံ၏ အအောင်မြင်ဆုံး ချိပ်ထုတ်လုပ်ရေးကုမ္ပဏီများမှ တစ်ခုဖြစ်သည့် Yangtze Memory Technologies Corp (YMTC ) မှ မှတ်ဉာဏ်ကတ် (မေမိုရီကဒ်) များဝယ်ယူရန် သဘောတူညီချက်ကို ပယ်ဖျက်လိုက်သည်။

မစ္စတာ ဘို ၏ အဆိုအရ ဟွာဝေးကုမ္ပဏီ၏ အတွေ့အကြုံလည်း ဤကဲ့သို့ပင် ဖြစ်ပျက်ခဲ့ဖွယ်ရာရှိသည် ဟု ဆိုသည်။ ဧရာမ ဆက်သွယ်ရေး ကုမ္ပဏီကြီးဖြစ်သည့် ဟွာဝေးသည် ဆမ်ဆောင်းပြီးနောက် ကမ္ဘာ့ဒုတိယအကြီးဆုံး ဖုန်းထုတ်သည့် ကုမ္မဏီအဖြစ်မှ လုံးဝရပ်တည်လို့ မရသည့် အနေအထားကို ကျဆင်းဖူးသည်။

“ဒါဟာ အမေရိကန်အစိုးရအတွက် တရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခုကို ဖြိုဖျက်ဖို့ ဘယ်လောက်လွယ်သလဲဆိုတာကို ပြနေတာပဲ။ တရုတ်မှာ ဒါကို တုန့်ပြန်ဖို့ ရွေးချယ်စရာ အကောင်းတွေ မရှိဘူး။ အရင်တုန်းက အမေရိကန်ဟာ ပုဂ္ဂလိက တရုတ်ပိုင်ကုမ္ပဏီတွေကိုသာ ပစ်မှတ်ထားပေမယ့် ဒီတကြိမ်မှာတော့ ကန့်သတ်ချက် အတိုင်းအတာ (စကုပ်) ဟာ တရုတ်တနိုင်ငံလုံးအထိ ကျယ်ပြန့်သွားတယ်” ဟု မစ္စတာ ဘိုမှ ဆိုသည်။

သည် ပိတ်ဆို့မှုကို တုံ့ပြန်သည့်အနေနှင့် တရုတ်နိုင်ငံက တစ်ခုခုများ တုံ့ပြန်နိုင်မည့် လား။ ကုန်စည်များ၊ ဝန်ဆောင်မှုများကို တားမြစ်ခြင်း၊ တရုတ်နိုင်ငံမှပို့ကုန်ထိန်းချုပ်‌ခြင်းများကို ပိတ်ပင်ခြင်းက စီးပွားရေးနှေးကွေးနေသည့် အချိန်မျိုးတွင် အကောင်းထက် အဆိုးကို ပိုဦးတည်စေနိုင်သည်။

တရုတ်အစိုးရအနေဖြင့် ဤကိစ္စကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ချုပ် (World Trade Organization – WTO) ကို တိုင်တန်းထားသော်လည်း ဆုံးဖြတ်ဖြေရှင်းရန် နှစ်ပေါင်းများစွာ ကြန့်ကြာနိုင်သည်။ ဤအတောအတွင်း တရုတ်နိုင်ငံသည် ပြည်တွင်းရှိ ချိပ်ထုတ်လုပ်ရေးကုမ္ပဏီများအတွက် ရင်းနှီးမြုပ်နှံမှုများနှင့် အထောက်အပံ့များကို နှစ်ဆတိုးမြှင့်လာဖွယ်ရှိသည် ဟု ကျွမ်းကျင်သူများမှ ဆိုထားသည်။

နောက်ထပ် ဘာဆက်ဖြစ်မလဲ

ငွေကြေးဖောင်းပွမှု၊ တရုတ်နိုင်ငံ၏ စီးပွားရေးကို ပြန်လည်ကာ ခက်ခက်ခဲခဲနှင့် ပြန်ကျားကန်အစပျိုးနေရခြင်းနှင့် ယူကရိန်းစစ်ပွဲတို့ကြောင့် ရေတိုတွင် ချိပ် ထုတ်လုပ်ရေး လုပ်ငန်းများအနေဖြင့် တကမ္ဘာလုံးအတိုင်းအတာ နှောင့်နှေးမှုများနှင့် ရင်ဆိုင်ရဖွယ်ရှိသည်။

ကိုဗစ်အကျပ်အတည်းအတွင်း စီးပွားရေးထိခိုက်မှုများ ကြုံတွေ့ခဲ့ရသောကြောင့် တရုတ်အစိုးရအနေဖြင့် ဂရုတစိုက်ဖြင့် လုပ်ဆောင်လိုအပ်သည့် သဘောရှိသည်။

“အမေရိကန်၊ ထိုင်ဝမ်၊ တရုတ် နဲ့ တခြားနိုင်ငံက ကုမ္ပဏီတွေဟာကြားမှာ ဒီလိုပဲ အသွားအပြန်တွေ ရှိပါလိမ့်မယ်။ ယုတ္တိကျကျစဥ်းစားတွေးခေါ်ခြင်းနဲ့ မေမိုရီချိပ် ထုတ်လုပ်တဲ့အခါ တရုတ်ဟာ အဆင့်မြင့်အနေအထားတစ်ခုမှာ ရှိနေပြီး အမေရိကန်က တရုတ်ကို တီထွင်မှုကွန်ယက်တွေကို ဖြတ်တောက်ဖို့ ကြိုးစားတာရယ်၊ ပြီးရင် တရုတ်ကလည်း အမေရိကန်ကို အားကိုးစရာမလိုတဲ့ သူတို့ကိုယ်ပိုင် တည်ဆောက်သွားဖို့ ကြိုးပမ်းမှုတွေကို တွေ့မြင်ရနိုင်ပါတယ်” ဟု မစ္စတာ မီလာ မှ ဆိုသည်။

“သဘောကတော့ အမေရိကန်က တရုတ်ကို အာရုံစိုက်ပြီး တရုတ်က တခြားနိုင်ငံတွေကို အာရုံစိုက်နေတဲ့အတွက် ဒီကမ္ဘာကြီးရဲ့ အကျပ်အတည်း တစိတ်တပိုင်း ဖြစ်လာနိုင်တယ် ဆိုတာပါပဲ” ဟု သူက ဆက်ပြောသည်။

ဤလုပ်ဆောင်ချက်သည် ကမ္ဘာ့စီးပွားရေးအတွက် အကြီးအကျယ် ဂယက်ရိုက်စေနိုင်ပြီး တခြားနိုင်ငံများ၏ ချိပ်ထုတ်လုပ်သည့်ကုမ္ပဏီများကို တရုတ်စျေးကွက်နှင့် အဆက်အသွယ်ပြတ်တောက်စေမည့် တဘက်ဘက်ကို ရွေးချယ်ရန် တွန်းအားပေးလာပါလိမ့်မည်။

BBC သတင်းဌာနတွင် Suranjana Tewari (Asia Business Correspondent) ရေးသားသည့် US-China chip war: America is winning ကို ABN မှ ကျော်ဇံ ဘာသာပြန်သည်။

အမေရိကန်-တရုတ်တို့၏ ချိပ် (Chip) စစ်ပွဲ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ