AB News-ဒီဇင်ဘာ ၂၀၊၂၀၂၄
အမေရိကန်ပြည်ထောင်စု ၊ ယူတက် (Utah) ပြည်နယ်တွင် မြန်မာရွှေ့ပြောင်းဒုက္ခသည် မိသားစုတစ်စု၌ ဖခင်ဖြစ်သူက ကလေး ၄ ဦးနှင့် ဇနီးဖြစ်သူတို့ကို ပစ်ခတ်သတ်ဖြတ်ပြီးနောက် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့သည်ဟု APသတင်းဌာနတွင်ဖော်ပြထားသည်။
ပြီးခဲ့သည့်ဒီဇင်ဘာလ ၁၇ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ Utah ပြည်နယ်၊ Salt Lake City မြို့တော်၊ West Valley City ရှိ နေအိမ်တွင် အသက် ၄၂ နှစ် အရွယ် အမျိုးသား Dae Reh၊ အသက် ၃၈ နှစ်အရွယ် အမျိုးသမီး Bu Meh၊ ၎င်းတို့၏ ကလေးများဖြစ်ကြသည့် အသက် ၁၁ နှစ်အရွယ် ကလေးငယ် Boe Reh၊ အသက် ၈ နှစ်အရွယ် သမီး Kristina Ree နှင့် အသက် ၂ နှစ်အရွယ် သမီးငယ် Nyay Meh တို့၏ အလောင်း ၅ လောင်းကို တွေ့ရှိကြောင်း သိရသည်။
အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွှေ့လာသော မြန်မာဒုက္ခသည် မိသားစုတစ်စုတွင် ဖခင်ဖြစ်သူက ကလေး ၄ ဦးနှင့် ဇနီးဖြစ်သူကို သတ်ဖြတ်ပြီး ဖခင်မှာလည်း မိမိကိုယ်ကိုယ် အဆုံးစီရင်သွားကြောင်းနှင့် ကလေး ၁ ဦးမှာ ကံကောင်းထောက်မစွာဖြင့် အသက်မသေဘဲ ပြင်းထန်သည်ဒဏ်ရာများစွာဖြင့် အသက်ရှင်ကျန်ရစ်ကြောင်းAPသတင်းတရပ်တွင်ဖော်ပြထားသည်။
၄င်းတို့၏သားကြီးဖြစ်သော အသက်၁၇နှစ်အရွယ် Sha Reh၏ ဦးခေါင်းတွင် သေနတ်ဒဏ်ရာရထားသော်လည်း အသက်ရှင်နေဆဲဖြစ်သည့်အတွက်ကြောင့် ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရှိရသည်။
အဆိုပါအခင်းဖြစ်ပွားမှုနှင့်ပတ်သက်၍ အမေရိကန် ရဲတပ်ဖွဲ့က ဖခင်ဖြစ်သူသည် ကလေးများနှင့် ဇနီးဖြစ်သူတို့အား ပစ်ခတ်သတ်ဖြတ်ပြီးနောက် မိမိကိုယ်ကို အဆုံးစီရင်သွားခြင်းဖြစ်သည်ဟု လတ်တလော ကောက်ချက်ချထားကြောင်း ဆိုသည်။
ဖခင်ဖြစ်သူ၏ လက်ထဲတွင် သေနတ်များတွေ့ရှိရပြီး ဆွေမျိုးတစ်ဦးက ၎င်းတို့ကို ဆက်သွယ်ရန် ကြိုးစားကြည့်ရာမှ ထိုသို့ မိသားစုလိုက် သေဆုံးနေသည်ကို တွေ့ရကြောင်း သိရှိရသည်။
အဆိုပါအခင်းဖြစ်ပွားသည်ကို ပတ်ဝန်းကျင်ကလည်း မသိရှိခဲ့ကြောင်းနှင့် ရာဇဝတ်မှုခင်း ကျူးလွန်ခံထားရသည့်အခြေအနေမျိုးလည်း မတွေ့ရကြောင်း ရဲတပ်ဖွဲ့က ဆိုထားသည်။
ယခုနှစ်အတွင်း Utahပြည်နယ်တွင် ၃၈ ကြိမ်မြောက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်ပွားခြင်းဖြစ်၍ ထိုအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွင်း အနည်းဆုံး လူ ၁၆၅ ဦး သေဆုံးခဲ့သည်။
ထိုမိသားစုမှာ လွန်ခဲ့သည့် ၁၀ နှစ်ခန့်က ထိုင်း-မြန်မာ နယ်စပ် စစ်ဘေးရှောင်စခန်းမှ ရွှေ့ပြောင်းလာကြသည့် ကရင်နီမိသားစု ဖြစ်ကြောင်း သတင်းတွင် ဖော်ပြပါရှိသည်။