Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အမေရိကန်ရောက်မြန်မာများ မြန်မာ့နွေဦးတော်လှန်ရေး ၂နှစ်ပြည့် အကြိုအထိမ်းမှတ်အဖြစ် သံပုံးတီး ဆန္ဒပြ

ABN-နွယ်စိုး

အမေရိကန် နှင့် ကနေဒါရောက် မြန်မာများ ဖေဖေါ်ဝါရီလ ၁ ရက် ဗုဒ္ဓဟူးနေ့တွင် ကျရောက်မည့် စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်သည့် နွေဦးတော်လှန်ရေး အထိမ်းအမှတ်အဖြစ် အမေရိကန်၏ မြို့ကြီးတစ်ချို့တွင် ယနေ့ ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ နယူးယောက်တွင် မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုနှင့်ပတ်သက်ပြီး မြန်မာ့ နွေဦးတော်လှန်ရေး လူထု တိုက်ပွဲ ၂ နှစ်ပြည့် အကြိုအထိမ်းအမှတ်အဖြစ် သံပုံးတီး၍ မိစ္ဆာများကို မောင်းထုတ်သည့် ကြွေးကြော်သံ ပုံစံအတိုင်း ဆန့်ကျင်ဆန္ဒပြပွဲများပြုလုပ်ခဲ့ကြသည်။

အကြမ်းဖက်စစ်အာဏာရှင်အား ၂၀၂၃ ခုနှစ်တွင် နိဂုံးချုပ်စေရန်နှင့် မြန်မာပြည်မှ ပြည်သူများနှင့်အတူ တစ်သွေးတစ်သားတည်း ရှိနေကြောင်းနှင့် စစ်တပ်၏ မြန်မာပြည်သူပြည်သားများအပေါ် လူ့အခွင့်အရေး ချိုးဖေါက်မှု မှတ်တမ်းဓါတ်ပုံများကိုပါ ပြသခဲ့သည် ဟု သိရသည်။

ဆန္ဒပြသူများမှာ နယူးယောက်မြို့အပြင် နယူးဂျက်စီ၊ ကနက်တီးကပ်၊ ဗာဂျီးနီးယားနှင့် အမေရိကန်အရှေ့ဘက်ခြမ်း မေရီလန်းပြည်နယ်များတွင် နေထိုင်သည့်မြန်မာပြည်သားများသာမကာ အနောက်ဘက်ခြမ်းမှ Utah ပြည်နယ်တွင် နေထိုင်သည့် မြန်မာနိုင်ငံသားများကပါ သွားရောက်စုပေါင်းပြီး ဆန္ဒပြပွဲပြုလုပ်ခဲ့သည်ဟုသိရသည်။

ထို့အပြင် အနောက်ခြမ်း ကယ်လီဖိုနီးယား ပြည်နယ်က San Francisco မြို့တွင်လည်း အမေရိကန်‌ရောက်မြန်မာများ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်ပွဲကို စုဝေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

၄င်းအပြင် ကနေဒါနိုင်ငံ၏ ဗန်ကူးဗားမြို့မှ Jack Poole ရင်ပြင်တွင်လည်း ကနေဒါ ရောက်မြန်မာနိုင်ငံသားများ စုဝေးကာ စစ်တပ်အာဏာသိမ်းခြင်း ၂ နှစ်ပြည့် အထိန်းအမှတ်အဖြစ် ဆန္ဒပြခဲ့ကြည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက်ပိုင်း လူပေါင်း ၂၉၀၀ နီးပါးသေဆုံးခဲ့ရပြီး အကြမ်းဖက်နှိပ်စက် သတ်ဖြတ်မှုများကြောင့် အိမ်နီးချင်းနိုင်ငံများသို့ လူပေါင်း ၇ သောင်းကျော်မှာလည်း ထွက်ပြေးခဲ့ကြရသည့်အပြင် လူပေါင်း ၁ သန်း ၂ သိန်းခန့်မှာလည်း IDP ပြည်တွင်းဒုက္ခသည် အဖြစ်ဖြင့် တိမ်းရှောင်နေကြရသည်။

Ref-BBC Burmese

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ