
AB News – ဇန်နဝါရီ ၈၊ ၂၀၂၆
အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းတွေကြောင့် တရုတ်အစိုးရ အပူတပြင်းအလိုရှိနေသည့် ကျားဖြန့်ဂိုဏ်းခေါင်းဆောင် ချန်ကျိ ကို ဖမ်းဆီးပြီး တရုတ်အစိုးရထံ လွှဲပြောင်းပေးခဲ့ပြီဖြစ်ကြောင်း ကမ္ဘောဒီးယားအစိုးရက အသိပေးထုတ်ပြန်ခဲ့သည်။
တရုတ်နိုင်ငံသားဖြစ်သူ အသက် ၃၇ နှစ်အရွယ် ဘီလီယံနာသူဌေးကြီးချန်ကျိသည် ခရစ္စတို ဒစ်ဂျစ်တယ် ငွေကြေးလိမ်လည်မှုဆိုင်ရာ ကျားဖြန့် ဒုစရိုက်ကွန်ရက်ကြီးတစ်ခုကို နောက်ကွယ်မှ ကြိုးကိုင်ဆောင်ရွက်နေသည်ဟု စွပ်စွဲခံထားရသူဖြစ်သည်။
ထို့ပြင် ၎င်းလက်အောက်ခံ ကျားဖြန့်ဂိုဏ်များသည် ကမ္ဘာ့အနှံ့ ငွေကြေးလိမ်လည်မှု၊ လုပ်သားများကို လိမ်လည်ခေါ်ယူပြီး အတင်းအဓမ္မ ကျွန်ပြုခိုင်းစေမှုနှင့် လူကုန်ကူးမှုတို့တွင် နာမည်ဆိုးဖြင့်ကျော်ကြားသည်။
တဖက်တွင်လည်း အမေရိကန်အစိုးရက ပြီးခဲ့သည့်နှစ် အောက်တိုဘာတွင် ချန်ကျိ ကို အမေရိကန်နိုင်ငံသားများထံမှ ဒေါ်လာဘီလီယံနှင့်ချီ တန်ဖိုးရှိသည့် ခရစ္စတိုငွေကြေးများကို လိမ်လည်ခိုးယူခဲ့ကြောင်း ဆိုထားသည်။
ထို့နောက် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ချန်ကျိနှင့် တိုက်ရိုက်ဆက်စပ်သည်ဟု စွပ်စွဲထားသည့် ဒေါ်လာ ၁၄ ဘီလီယံခန့် တန်ဖိုးရှိသည့် ခရစ္စတိုငွေကြေးများကို သိမ်းယူခဲ့သည်။
ဗြိတိန်အစိုးရကလည်း ချန်ကျိ၏ စီးပွားရေးလုပ်ငန်းစုကြီးဖြစ်သည့် Prince Group ကုမ္ပဏီကို ပိတ်ဆိုပြီး အရေးယူမှုများကို ပြုလုပ်ခဲ့ကြောင်း ကြေညာပြီးနောက် ကမ္ဘောဒီးယားတွင် အခြေစိုက်ထားသည့် အဆိုပါလုပ်ငန်းစုကြီးဘက်မှ မည်သည့်ရာဇဝတ်မှုများနှင့် လုံးဝပတ်သက်ဆက်နွယ်မှု မရှိကြောင်း ငြင်းဆိုထားသည်။
အမေရိကန်အစိုးရဘက်က ချန်ကျိကို စွဲချက်တင်ခဲ့ချိန်တွင် ချန်ကျိသည် မည်သည့်နေရာတွင်ရှိနေသည်ဟု တိတိကျကျမသိရှိရသေးပဲဖြစ်နေကြောင်း မီဒီယာများကဖော်ပြခဲ့ကြသည်။
ယခုအခါ ကမ္ဘောဒီးယားအစိုးရက ချန်ကျိအားဖမ်းဆီးရရှိခဲ့ပြီး ချန်ကျိ အပါအဝင် တရုတ်နိုင်ငံသား ၃ ဦးကို ယမန်နေ့ ဇန်နဝါရီ ၇ ရက်နေ့တွင် တရုတ်နိုင်ငံသို့ လက်လွှဲပေးအပ်ခဲ့ကြောင်းကို အတည်ပြုပြောကြားခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၄ ရက်နေ့က ကျားဖြန့်ဂိုဏ်ခေါင်းဆောင် ပယ်ဆောက်ချိန် အပါအဝင် ပယ်မိသားစုဝင် (၅) ဦးအား တရုတ်အစိုးရမှ ပြစ်မှုထင်ရှားသဖြင့် သေဒဏ်ချမှတ်ခဲ့သည်။
ထို့ပြင် ထိုင်းနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော ရွှေကုက္ကိုလ်ကျားဖြန့်ခေါင်းဆောင် ရှီကျီကျန်းကိုလည်း ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ထိုင်းအာဏာပိုင်များက တရုတ်အစိုးရထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းကို ထိုင်းသတင်းဌာန The Reporters မှ ဖော်ပြခဲ့သည်။
Ref; BBC