
AB News – နိုဝင်ဘာ ၃၀ ၊ ၂၀၂၄
အမေရိကန်နှင့် တရုတ်တို့၏ နှစ်နိုင်ငံကြား နှစ်ရှည်ဆွေးနွေးမှုအပြီးတွင် တရားမဝင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အကျဥ်းသားများအား အပြန်အလှန်လဲလှယ်ခဲ့ကြပြီး အမေရိကန်က တရုတ်အကျဥ်းသား ၃ ဦးနှင့် တရုတ်က အမေရိကန်နိုင်ငံသား ၃ ဦးကို ပြန်လွှတ်ပေးခဲ့ကြသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂၇ ရက်နေ့ အိမ်ဖြူတော်က ထုတ်ပြန်သော ကြေညာချက်အရ တရုတ်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အမေရိကန်နိုင်ငံသားများဖြစ်ကြသော Mark Swidan ၊ Kai Li နှင့် John Leung တို့အားပြန်လွှတ်ပေးထဲ့ကြောင်း ဖော်ပြထားသည်။
ထပ်ပြီး အမေရိကန်ကလည်း တရုတ်အပေါ် ခရီးသွားအန္တရာယ် သတိပေးချက်များကိုလည်း လျော့ချလိုက်ကြောင်း ထုတ်ဖော်ပြောပြခဲ့သည်။
Kai Li သည် ၂၀၁၆ ခုနှစ်က တရုတ်နိုင်ငံတွင် လျှို့ဝှက်သတင်းရယူမှု အပြစ်ချိုးဖောက်မှုဖြင့် မတရားဖမ်းဆီးခံခဲ့ရသူဖြစ်ပြီး Mark Swidan ကို တရုတ်နိုင်ငံတွင် ဆေးဝါးနှင့်ဆက်စပ်သော စွပ်စွဲချက်များဖြင့် ၁၂ နှစ်ထောင်ချထားခြင်းခံထားရသူဖြစ်သည်။
John Leung သည် ၂၀၂၃ ခုနှစ်တွင် အမေရိကန် စပိုင်အဖြစ်စွပ်စွဲကာ တရားစွဲဆိုခံထားခဲ့ရသူဖြစ်သည်။
တရုတ်ကမှု ယခုကိစ္စရပ်များကို တရားဥပဒေအတိုင်းသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားထားသည်။
Politico သတင်းဌာနက ပထမဆုံး ဤဖြစ်စဥ်ကို သတင်းထုတ်ဖော်ခဲ့ပြီး အမေရိကန်တွင်ထိန်းသိမ်းထားသော တရုတ်နိုင်ငံသားအချို့ကိုလည်း လွှတ်ပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ခဲ့သည်။
အလားတူ နိုဝင်ဘာလ ၂၄ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် အမေရိကန်နိုင်ငံ၌ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် တရုတ်နိုင်ငံသား ၃ ဦးမှာ မိမိနိုင်ငံအတွင်းသို့ လုံခြုံစွာ ပြန်ရောက်ရှိလာပြီဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားခဲ့သည်။
မိမိနိုင်ငံအတွင်းသို့ပြန်ရောက်ရှိလာသည့် တရုတ်နိုင်ငံသား ၃ ဦး၏အမည်နှင့် စွဲချက်တင်ထားသည့် အချက်အလက်များကိုမှု မသိရှိရသေးပါ။
ဤကဲ့သို့သော သဘောတူညီမှုများရရှိရန်အတွက် နှစ်နိုင်ငံကြား နှစ်ရှည်ကြာဆွေးနွေးမှုများပြုလုပ်ခဲ့ရကြောင်း ရိုက်တာ သတင်းတွင် ဖော်ပြထားသည်။