Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အမေရိကန်ခရီးစဥ်အတွက် လက်စားချေမည်ဟု တရုတ်က ခြိမ်းခြောက်ခဲ့ပြီးနောက် ထိုင်ဝမ်သမ္မတ ဖီဆန်

အမေရိကန်ခရီးစဥ်အတွက် လက်စားချေမည်ဟု တရုတ်က ခြိမ်းခြောက်ခဲ့ပြီးနောက် ထိုင်ဝမ်သမ္မတ ဖီဆန်

ABN-ကျော်ဇံ

ထိုင်ဝမ်သမ္မတ အနေဖြင့် အမေရိကန် လွတ်တော် ပြောခွင့်ရပုဂ္ဂိုလ် Kevin McCarthy နှင့်တွေ့ဆုံပါက လက်စားချေသွားမည်ဟု တရုတ် ခြိမ်းခြောက်ပြီးနောက် ထိုခြိမ်းခြောက်မှုကို လျစ်လျူရှုကာ အမေရိကန်သို့ သွားရောက်ခဲ့သည့် သမ္မတ Tsai Ing-wen က ကမ္ဘာကြီးနှင့် ဆက်ဆံနေသော ထိုင်ဝမ်နိုင်ငံအတွက် ပြည်ပ ဖိအားများမှာ ရပ်တန့်သွားလိမ့်မဟုတ် ဟု ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

ဒီမိုကရေစီနည်းလမ်းတကျ အုပ်ချုပ်ထားသည့် ထိုင်ဝမ်နိုင်ငံ မှာ သူတို့ပိုင်သည့် နယ်မြေပိုင်နက်ဖြစ်သည် ဟု ဆိုထားသည့် တရုတ်နိုင်ငံသည် ထိုင်ဝမ်သမ္မတ Tsai နှင့်မတွေ့ဆုံရန် အမေရိကန်အရာရှိများကို ထပ်ခါတလဲလဲ သတိပေးထားသည်။ အကြောင်းမှာ သီးခြားလွပ်လပ်သည့် နိုင်ငံတစ်နိုင်အဖြစ် မြင်စေလိုသည့် ထိုင်ဝမ်ကျွန်း၏ ရည်မှန်းချက်ဆန္ဒကို အမေရိကန်က ထောက်ခံပေးနေသည်ဟု တရုတ်က ယူဆနေသည်။

လွန်ခဲ့သည့် သြဂုတ်လအတွင်းက ယခင် အမေရိကန် ပြောခွင့်ရပုဂ္ဂိုလ် Nancy Pelosi ထိုင်ဝမ်ကျွန်းကို အလည်လာသည့်အခါတွင် တရုတ်နိုင်ငံသည် ထိုင်ဝမ်နှင့်အနီးတဝိုက်တွင် စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်ပြခဲ့သည်။ ထိုင်ဝမ်စစ်တပ်က သူတို့အနေဖြင့် Tsai နိုင်ငံခြားရောက်နေချိန်တွင် တရုတ်နိုင်ငံ၏ မည်သည့်လှုပ်ရှားမှုများကို မဆို စောင့်ကြည့်နေကြောင်း ဆိုသည်။

သမ္မတ Tsai သည် Guatemala နှင့် Belize တို့ကို သွားရောက်မည် ဖြစ်ပြီး အပြန်တွင် New York နှင့် Los Angeles တို့ကို ဖြတ်၍ တစ်ထောက်နားမည် ဖြစ်သည်။ တရားဝင် အတည်မပြုသေးသော်လည်း California တွင် ရှိနေစဥ်အချိန်အတွင်း McCarthy နှင့်တွေ့မည်ဟု ယူဆရသည်။

“ပြင်ပဖိအားတွေက ကမ္ဘာကြီးနဲ့ ဆက်ဆံရေးတည်ဆောက်မယ့် ကျွန်မတို့ရဲ့ ရည်မှန်းချက်ကို မတားဆီးနိုင်ပါဘူး” ဟု ထိုင်ဝမ်နိုင်ငံ၊ Taoyuan ရှိ အဓိက နိုင်ငံတကာလေဆိပ်တွင် တရုတ်နိုင်ငံကို တိုက်ရိုက်မရည်ညွန်းပဲ သမ္မတ Tsai က ပြောကြားခဲ့သည်။

“ကျွန်မတို့ဟာ တည်တည်ငြိမ်ငြိမ်နဲ့ ယုံကြည်မှုလည်း ရှိပါတယ်၊ ခေါင်းငုံ့ခံမှာလည်း မဟုတ်သလို ရန်လည်းသွားစမှာ မဟုတ်ပါဘူး။ ထိုင်ဝမ်ဟာ လွပ်လပ်မှုနဲ့ ဒီမိုကရေစီလမ်းကြောင်းကို ခိုင်မာစွာ လျောက်လှမ်းပြီး ကမ္ဘာကြီးနဲ့ ဆက်ဆံရေးတည်ဆောက်မှာပါ။ ဒီလမ်းက မလွယ်ကူပေမယ့် ထိုင်ဝမ် နိုင်ငံတစ်ခုတည်းတော့ မဟုတ်ပါဘူး” ဟု ဆိုသည်။

ခရီးမသွားမီ Tsai နှင့်အတူ ဘေဂျင်း၌ စကားပြောခဲ့သည့် တရုတ်နိုင်ငံ ထိုင်ဝမ်ရေးရာ ဌာန၏ ပြောရေးဆိုခွင့်ရှိသူ Zhu Fenglian က “ထိုင်ဝမ်သမ္မတ Tsai သွားရောက်မယ့် အမေရိကန် တစ်ထောက်နားခရီးစဥ်တွေဟာ လေဆိပ်တို့ ဟိုတယ်တို့မှာ စောင့်နေဖို့မဟုတ်ဘူး၊ သူ့အတွက်တော့ အမေရိကန်အစိုးရ အရာရှိတွေ၊ လွှတ်တော် အမတ်တွေကို တွေ့ဖို့သွားတာပါ” ဟု ဆိုသည်။

“တကယ်လို့ သူသာ အမေရိကန်လွှတ်တော် ပြောခွင့်ရပုဂ္ဂိုလ် McCarthy နဲ့အဆက်အသွယ် ရှိရင်တော့ ဒါဟာ တရုတ်နိုင်ရဲ့ တစ်ပါတီ၊ တစ်သွေး၊ တစ်သံ၊ တစ်မိန့် မူဝါဒ (One-China Principle) ကို ပြင်းပြင်းထန်ထန် ချိုးဖောက်တာဖြစ်ပြီး တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နိုင်ငံ့ဂုဏ်သိက္ခာကိုလည်း ထိခိုက်စေပါတယ်။ ဒါ့အပြင် ထိုင်ဝမ်ရေလက်ကြားအတွင်းမှာရှိတဲ့ ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်အေးချမ်းမှုကိုလည်း ဖျက်ဆီးရာ ကျပါတယ်” ဟု Zhu Fenglian က ဆိုသည်။

“ကျွန်မတို့ ဒီလို သွားရောက်တာကို လုံးဝကန့်ကွက် ပါတယ်။ ပြီးရင် ဒီလုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး အရေးယူဆောင်ရွက်ချက်တွေကို အသေအချာလုပ်ဆောင်ပါမယ်” ဟု ဖြည့်စွက်ပြောခဲ့သော်လည်း အသေးစိတ်ကို ဖွင့်ပြောခဲ့ခြင်း မရှိချေ။

အမေရိကန်အစိုးရသည် ၁၉၁၇ ခုနှစ်တွင် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို ပုံမှန်အနေအထားသို့ ပြန်ရောက်စေပြီး ထိုင်ဝမ်ကျွန်းမှ သံတမန်ရေးဆိုင်ရာ အသိအမှတ်ပြုမှုကို ဦးလှည့်သွားစဥ်ကပင် တရုတ်နှင့် အမေရိကန်တို့၏ ဆက်ဆံရေးမှာ အဆိုးရွားဆုံး အခြေအနေဖြစ်နေသည်ဟု တချို့ ကျွမ်းကျင်သူများက မြင်ကြသည်။ ဤကဲ့သို့ တင်းမာနေသည့် အချိန်အတွင်းမှာ ထိုင်ဝမ်သမ္မတ Tsai ၏ တစ်ထောက်နား ခရီးစဥ် ပေါ်ပေါက်လာခြင်းဖြစ်သည်။

ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ထိလွယ်ရှလွယ်အဖြစ်ဆုံး နယ်မြေပိုင်နက်ဆိုင်ရာ ပြဿနာတစ်ခုဖြစ်ပြီး အမေရိကန်အစိုးနှင့် အမေရိကန်နှင့် အဓိက ယှဥ်ပြိုင်နေရသည့် အရာတစ်ခုလည်း ဖြစ်သည်။ အမေရိကန်သည် တခြားနိုင်ငံများကဲ့သို့ ထိုင်ဝမ်နှင့် တရားဝင် ဆက်ဆံရေးတည်ဆောက်ထားခြင်း မရှိချေ။ သို့ရာတွင် ထိုင်ဝမ်ကျွန်းသည် သူတို့ကို သူတို့ ကာကွယ်ပိုင်ခွင့်ရှိသည်ဆိုသည့် အချက်ကို ကူညီပေးရန်အတွက် အမေရိကန်အစိုးရ ဥပဒေတွင် ပြဌာန်းထားသည်။

“အလွန်အကျွံလုပ်ပြစရာ အကြောင်းမရှိ”

အမေရိကန်အစိုးရက ထိုင်ဝမ်သမ္မတများ၏ ထိုကဲ့သို့ အမေရိကန်တွင် တစ်ထောက်နားသွားရောက်သည့် ခရီးစဥ်များမှာ ပုံမှန်ဖြစ်ပြီး တရုတ်အစိုးရအနေဖြင့် Tsai ၏ ခရီးကို လက်ညှိုးထိုးကာ ထိုင်ဝမ်အပေါ် ရန်စသည့် မည်သည့် လုပ်ရပ်မျိုးကိုမှ မလုပ်ဆောင်သင့်ကြောင်း ဆိုသည်။

အမေရိကန်အစိုးရအနေဖြင့် ဤအပတ်အတွင်း သူတို့ သွားရောက်ရန် စီစဥ်ထားသည့် ခရီးစဥ်များနှင့် နောက်လတွင် ထိုင်ဝမ်သမ္မတ သွားရောက်မည့် တစ်ထောက်နား ခရီးစဥ်များအတွက် တရုတ်နိုင်ငံဖြင့် အလွန်အကျွံစိုးရိမ်ပြစရာ မလိုဟု ထင်မြင်ယူဆကြောင်းကို Tsai မထွက်ခွာမီ အမေရိကန်ထိပ်တန်းအရာရှိများက ပြောကြားခဲ့သည်။

အမေရိကန် ထိပ်တန်းအရာရှိတစ်ဦးက သူမအရင်က သွားရောက်ခဲ့သည့် ခရီးစဥ်များတွင် လွှတ်တော်အမတ်များ၊ ထိုင်ဝမ်မှ ရွေ့ပြောင်းသွားကြသူများ နှင့် တခြားအုပ်စုများနှင့် တွေ့ဆုံခြင်းများအပါအဝင် စီစဥ်ဆောင်ရွက်ချက် အများအပြားကို လုပ်ဆောင်ခဲ့သည် ဟု ပြောသည်။

“ဒါကြောင့် တရုတ်အစိုးရအနေနဲ့ လာမယ့်ခရီးစဥ်ကို အကြောင်းပြအသုံးချပြီး ထိုင်ဝမ်ကို ရန်ပြုတာ၊ ဖိအားပေးတာ တွေလုပ်စရာအကြောင်း လုံးဝမရှိပါဘူး” ဟု ထိုအရာရှိမှ ဆိုသည်။

ထိုင်ဝမ်သမ္မများသည် လက်တင်အမေရိက၊ ကာရေးဗီးယန်း နှင့် ပစိဖိတ်တို့ရှိ သံတမန် မဟာမိတ်နိုင်ငံများကို သွားရောက်ရာတွင် ပုံမှန်လိုလို အမေရိကန်နိုင်ငံကို ဖြတ်သန်းသွားလေ့ရှိသည်။ ထိုခရီးစဥ်များမှာ တရားဝင်လာရောက် လည်ပတ်ခြင်း မဟုတ်သော်လည်း အမေရိကန်နှင့် ထိုင်ဝမ် နှစ်ဖက်စလုံးက ထိုခရီးစဥ်များအတွင်း အဆင့်မြင့် အစည်းအဝေးများမကြာမကြာ လုပ်ဆောင်လေ့ရှိသည်။

ထိုင်ဝမ်အစိုးရသည် တရုတ်နိုင်ငံကသာ အချုပ်အခြာအာဏာကို ပိုင်ဆိုင်သည်ဆိုသော ပြောဆိုမှုကို ငြင်းပယ်ပြီး တရုတ်အစိုးရနှင့် ဆွေးနွေးပွဲများတွင်လည်း ထိုင်ဝမ်ပြည်သူလူထုသာ သူတို့၏ အနာဂတ်ကို ဆုံးဖြတ်ပိုင်ခွင့်ရှိသည်ဟု Tsai မှ ထပ်ခါတလဲလဲ ပြောဆိုထားသည်။

တရုတ်အစိုးရက Tsai ၏ အမေရိကန်တွင် တထောက်နားခရီးနှင့် ပတ်သက်ပြီး ပြည်သူတို့၏ အမြင်ကို လှည့်စားရန် လူမှုကွန်ယက် ပလက်ဖောင်းများပေါ်တွင် သတင်းမှားများ ဖြန့်ဝေခြင်းအပါအဝင် အကျပ်ရိုက် ဖိအားပေးသည့် ကိစ္စတစ်ပုံတစ်ပင် ကို လုပ်ဆောင်လာနိုင်ကြောင်း စိုးရိမ်နေကြသည့် ထိုင်ဝမ်ရှိ လုံခြုံရေး အေဂျင်စီများကို Tsai ခရီးစဥ်က ကြောက်လန့်သွားစေသည် ဟု ထိုင်ဝမ် လုံခြုံရေးအေဂျင်စီတစ်ခု၏ အတွင်းရေး မှတ်တမ်းတစ်ခုတွင် တွေ့ရသည်။

ထိုမှတ်တမ်းတွင် လွန်ခဲ့သည့်နှစ် Nancy Pelosi ခရီးစဥ်အတွင်း ထိုင်ဝမ်နိုင်ငံကို လုပ်ဆောင်သည့် ဆိုက်ဘာ တိုက်ခိုက်မှုများအပါအဝင် ဖိအားကြီးမားစွာ ကျေရာက်စေသည့် လုပ်ဆောင်မှုများကို တရုတ်အစိုးရ လုပ်ဆောင်ခဲ့သည်ဟု ဆိုထားသည်။ လာမည့် အချိန်တွင် တရုတ်အစိုးရအနေဖြင့် ပိုမိုပြင်းထန်သော ဆောင်ရွက်များကို လုပ်လာနိုင်ကြောင်း ထိုင်ဝမ်အာဏာပိုင်များ က ယူဆနေကြသည်။

တချိန်တခါက ထိုင်ဝမ်၏ သစ္စာရှိသော မဟာမိတ် Honduras နိုင်ငံကလည်း သံတမန်ရေးဆိုင်ရာ အသိအမှတ်ပြခြင်းကို တရုတ်ဘက်သို့ ပြောင်းသွားသည့်အခါ တရုတ်အစိုးက ၄င်းဖြစ်ရပ်သည် ထိုင်ဝမ်အပေါ် နောက်ထပ် သံတမန်ရေးဆိုင်ရာ အနိုင်ရရှိမှု ဟု တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။ ထိုင်ဝမ်နှင့် တရားဝင် ဆက်ဆံရေးတည်ဆောက်ထားသည့် နိုင်ငံများမှာ ၁၃ နိုင်ငံသာရှိသည်။

တရုတ်အစိုးရက တရုတ်နိုင်ငံနှင့် ထိုင်ဝမ်တို့သည် တစ်ပါတီ၊ တစ်သွေး၊ တစ်သံ၊ တစ်မိန့် မူဝါဒအောက်တွင်သာ ရှိပြီး တရုတ်နိုင်ငံ၏ ဒေသတစ်ခုဖြစ်သည့် ထိုင်ဝမ်တွင် နိုင်ငံအချင်းချင်း ဆက်ဆံရေး တည်ဆောက်ခွင့် မရှိဟု ဆိုထားသည်။ ထိုင်ဝမ်နိုင်ငံကလည်း ထိုအမြင်ကို အပြင်းအထန် ငြင်းဆိုထားသည်။

Reuters သတင်းပါ Taiwan president defiant after China threatens retaliation for US trip ကို ကျော်ဇံ ဘာသာပြန်ဆိုသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ