AB News – မတ် ၁၉ ၊ ၂၀၂၅
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့သည် ယမန်နေ့ မတ်လ ၁၈ ရက်နေ့၊ နံနက်ပိုင်းက ၂နာရီကြာ ဖုန်းပြောဆိုပြီးနောက် ယူကရိန်းနှင့် ရုရှား နှစ်နိုင်ငံကြား အကန့်အသတ် အပစ်အခတ်ရပ်စဲမှုများကို ယူကရိန်းဘက်မှ သဘောတူပါက ရုရှားဘက်မှ ရပ်တန့်သွားမည်ဟု ကရင်မလင် က ထုတ်ပြန်လိုက်သည်။
အကန့်အသတ်အပစ်ရပ်မှုတွင် ယူကရိန်းနှင့် အမေရိကန်တို့ အဆိုပြုထားသော ရုရှားနှင့် ယူကရိန်းစစ်ပွဲကို ရက် ၃၀ ကြာ ရပ်တန့်ခြင်းမဟုတ်ဘဲ နှစ်ဖက်နိုင်ငံရှိ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းကိုသာ ယာယီရပ်စဲခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလုံးစုံအပစ်ရပ်စပ်ခြင်းမဟုတ်သည့်အတွက် ရုရှားမှ ယူကရိန်း အရပ်သားများ၊မြို့များနှင့် ဆိပ်ကမ်းများအား တိုက်ခိုက်ခြင်းကို ဆက်လက် ပြုလုပ်သွားမည်ဟု ဆိုထားသည်။
ယင်းအပြင် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကိုသာ တိုက်ခိုက်ခြင်းအား နှစ်ဘက်သဘောတူပါက စစ်ပွဲစတင်သည့် သုံးနှစ်ကျော် အတွင်း အပစ်အခတ်ရပ်စဲခြင်းဖြစ်ပြီး ပိုမိုကျယ်ပြန့်သည့် ငြိမ်းချမ်းရေးသဘောတူညီမှုများရရှိရေးအထိ ရှေ့ဆက်တိုး လုပ်ဆောင်သွားနိုင်ကြောင်း အမေရိကန်အိမ်ဖြူတော်မှ ဆိုထားသည်ဟု အမေရိကန်သတင်းဌာနများမှ ရေးသားဖော်ပြထားသည်။
ယူကရိန်းသမ္မတ ဇလန်းစကီးအနေဖြင့် ၎င်းသည် ပူတင်နှင့် ထရမ့်တို့၏ ဆွေးနွေးမှုအသေးစိတ်ကို သိရှိရန်အတွက် ထရမ့်နှင့် ဖုန်းပြောရန်စောင့်ဆိုင်းနေကြောင်း၊ စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကိုသာ အကန့်အသတ်အပစ်အခတ်ရပ်စဲရန် ကမ်းလှမ်းချက်ကိုလည်း ညှိနှိုင်းရန် ဆန္ဒရှိသည်ဟု တုံ့ပြန်သည်။
“အမေရိကန်ကြားဝင်မှုနဲ့ ရုရှားနဲ့ ယူကရိန်းတို့ရဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေကို တစ်ဖက်နဲ့တစ်ဖက်မတိုက်ကြဘူးဆိုရင် သဘောတူနိုင်တာပေါ့။ ဒါပေမယ့် ရုရှားက ကျုပ်တို့ စွမ်းအင်အဆောက်အအုံတွေကို ဆက်လက်တိုက်ခိုက်ရင်၊ ကျုပ်တို့ဖက်ကတော့ လက်မခံနိုင်ပါဘူး။ ကျုပ်တို့ပြန်တုံ့ပြန်မှာပါ” ဟု ဇလန်းစကီးက ယူကရိန်းနိုင်ငံပိုင် Suspilne သတင်းဌာနကို ပြောကြားသည်။
ထရမ့်နှင့် ပူတင်တို့ ဖုန်းပြောစဥ် ရေရှည်ငြိမ်းချမ်းရေးအတွက် ယူကရိန်းအား ကူညီပေးနေသည့် နိုင်ငံခြားစစ်လက်နက်နှင့် ထောက်လှမ်းရေးအချက်အလက်အကူအညီများ လုံးဝရပ်တန့်သွားရန် လိုအပ်ကြောင်း ပြောဆိုခဲ့သည်ဟု နယူးယောက်တိုင်းစ် သတင်းစာက ရေးသားထားသည်။