Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အစ္စရေး ဟားမတ်ဇ် စစ်ပွဲ၊ စစ်ဖြစ်နေပြီဟု အစ္စရေးဝန်ကြီးချုပ် ပြောကြား

AB News-အောက်တိုဘာ ၈ ရက်

စည်သူစိုးမိုး

အောက်တိုဘာ ၇ ရက်၊ စနေနေ့တွင် ဂါဇာကမ်းမြှောင် ဒေသ အခြေစိုက် ပါလက်စတိုင်း ဟားမတ်ဇ် အကြမ်းဖက်အဖွဲ့ က အစ္စရေးနိုင်ငံအား လျှပ်တပြက် အလစ်အငိုက်ဖမ်း၍ တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။ ဟားမတ်ဇ်အဖွဲ့ ၏ပြောကြားချက်အရ ဒုံးကျည်ပေါင်း ၅၀၀၀ ကျော် ( အစ္စရေးစစ်ဖက်က ၂၅၀၀ ကျော်ဟု ဆို ) ကို အစ္စရေးတောင်ပိုင်းရှိ မြို့များ၊ လူနေရပ်ကွက်များ၊ စစ်စခန်းများထံ ပစ်လွှတ်တိုက်ခိုက်ခဲ့သည် သိရသည်။

ထို့အပြင် သေနတ်သမား အမြောက်အများသည်လည်း ဂါဇာကမ်းမြှောင်ဒေသမှနေ၍ အစ္စရေးနယ်မြေထဲသို့ ထိုးဖောက်စိမ့်ဝင်ကာ စစ်ရေးနှင့် အရပ်ဖက်ပစ်မှတ်များကို တိုက်ခိုက်ခဲ့ကြသည်ဟု ဟားမတ်ဇ် အဖွဲ့ က ထုတ်ပြန်ထားသည်။

ဟားမတ်ဇ်အဖွဲ့သည် ဒေသစံတော်ချိန် နံနက် ၆း၃၀ မိနစ်တွင် အစ္စရေးမြို့တော် တဲလ်အဗစ် အပါအဝင် မြို့ပေါင်း ၂၀ ခန့်ဆီသို့ ဒုံးကျည်များ ပစ်လွှတ်တိုက်ခိုက်ခြင်းဖြင့် စတင်တိုက်ခိုက်ခဲ့ကြသည်။ နံနက် ၇း၄၀ ခန့်တွင် ဂါဇာကမ်းမြှောင်ဒေသနှင့် အစ္စရေးနိုင်ငံအကြား ကာရံထားသော သံဆူးကြိုးတံတိုင်းများကို ဖောက်ခွဲဖျက်ဆီး၍ ဟားမတ်ဇ် လက်နက်ကိုင်များ အစ္စရေးနိုင်ငံအတွင်း ဝင်ရောက်လာခဲ့ကြသည်ဟု ဆိုသည်။ ဟားမတ်ဇ်တို့သည် မော်တော်ဆိုင်ကယ်များ၊ မော်တော်ဘုတ်များ၊ စက်တပ် လေထီးများကို အသုံးပြု၍ အစ္စရေးနယ်စပ်ကို ဖြတ်ကျော်လာခဲ့ကြရာ အစ္စရေးလုံခြုံရေးတပ်ဖွဲ့တို့ အငိုက်မိသွားခဲ့ကြရသည်။ တနေရာတွင် ဟားမတ်ဇ်တို့က ဘူဒိုဇာကြီးတစီး

ကိုပါ အသုံးပြု၍ နယ်စပ်အကာအရံများအား ဖြိုချနေသည်ကို တွေ့မြင်ကြရသည်။

မီဒီယာများက အစ္စရေးနှင့် ဟားမတ်ဇ် သတင်းရင်းမြစ်များကို ကိုးကား၍ ဖော်ပြကြရာတွင် ဟားမတ်ဇ်လက်နက်ကိုင် ၃၀၀ မှ ၄၀၀ အကြား အစ္စရေးနိုင်ငံအတွင်းသို့ ဝင်ရောက်လာနိုင်ခဲ့ကြသည်ဟုဆိုသည်။

မီဒီယာများ၏သတင်းဖော်ပြချက်များတွင် ဒုံးကျည်များ ပစ်လွှတ်တိုက်ခိုက်နေပုံ၊ အစ္စရေး လူနေရပ်ကွက်များ ပျက်စီးနေကြပုံများကို တွေ့မြင်ကြရသည်။ အောက်တိုဘာလ ၇ ရက်နေ့ ညပိုင်းအထိ အစ္စရေးနိုင်ငံသား အနည်းဆုံး ၂၅၀ ဦးမျှသေကြေပျက်စီးခဲ့ကြရပြီး ၁၅၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြရသည်။ ဟာမတ်ဇ်အဖွဲ့က ထုတ်ပြန်သည့် ဗီဒီယိုများတွင် အစ္စရေးတို့၏ တင့်ကားကြီးတစီး မီးလောင်ပျက်စီးနေပုံကို တွေ့ကြရသည်။ အခြားဗီဒီယိုများတွင်လည်း အစ္စရေးစစ်သည်တဦး၏ ရုပ်အလောင်းအား ပါလက်စတိုင်းလူထုက နင်းချေကာအောင်ပွဲခံနေသည်ကို တွေ့ကြရသည်ဟု မီဒီယာများတွင် ဖော်ပြထားကြသည်။ ဗြိတိန်အခြေစိုက် စကိုင်း ရုပ်သံသတင်းဌာန ၏ဗီဒီယို တခုတွင် ဒဏ်ရာရနေသော အစ္စရေး အမျိုးသမီးတပ်ဖွဲ့ဝင်တဦးအား ဟားမတ်ဇ် တပ်ဖွဲ့ဝင်များက အစ္စရေးစစ်တပ်ထံမှဖမ်းဆီးသိမ်းယူထားသည့် ဟမ်းဗီး စစ်သုံးယာဥ်တစ်စီးဖြင့် ဂါဇာဖက်ခြမ်းသို့ ခေါ်ဆောင်လာသည်ကို တွေ့ကြရသည်။

အစ္စရေးမီဒီယာများ၏ဖော်ပြချက်များတွင် အစ္စရေးတောင်ပိုင်းမြို့များ၊ လူနေရပ်ကွက်များ အနည်းဆုံး ၂၂ ခု အတွင်း ပါလက်စတိုင်း သေနတ်သမားများနှင့် အစ္စရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ရဲတပ်ဖွဲ့၏ သတင်းရင်းမြစ်များကို ကိုးကား၍ ဖော်ပြထားသည်။ ထို့အပြင် ဟားမတ်ဇ်တို့သည် အစ္စရေးနိုင်ငံသား ၂၀ မှ ၃၀ ခန့်ကို ဓါးစာခံများ အဖြစ် ဂါဇာကမ်းမြှောင်ဒေသသို့ ဖမ်းဆီးခေါ်ဆောင်သွားကြကြောင်း မီဒီယာများက ဖော်ပြနေကြသည်။

ဂါဇာဒေသအနီးတွင်နေထိုင်သူ အစ္စရေးအမျိုးသမီးတဦးက ပါလက်စတိုင်းသေနတ်သမားများသည် အိမ်အတွင်းချိုးဖျက်ဝင်ရောက်လာခဲ့ကြပြီး အိမ်သူအိမ်သားများ ပုန်းခိုနေကြ

သည့် မြေအောက်ဗုံးခိုကျင်း တံခါးကို ရိုက်ချိုးရန် ကြိုးစားနေကြသည်ဟု ပြောကြောင်း အစ္စရေး အင်န် ၁၂ သတင်းဌာနက ဖော်ပြထားသည်။

“သူတို့ ဗုံးခိုကျင်းတံခါးကို နောက်တခေါက် ရိုက်ချိုးဖို့ လုပ်နေကြပြန်ပြီ။ ကယ်ကြပါဦးရှင်၊ တပ်တွေလွှတ်ပေးပါ။ မြို့ထဲမှာလဲ ချိုးဖောက်အဝင်ခံရတဲ့ အိမ်တွေ အများကြီးပဲ…… ကျမ ယောင်္ကျားက တံခါးကို သူတို့ဖွင့်လို့မရအောင် အကာအကွယ်တွေလုပ်ထားတာ၊ ဘုရားရေ၊ သူတို့တံခါးကို သေနတ်တွေနဲ့ ပစ်နေကြပြန်ပြီ” ဟု ပြောနေကြသည်။

ဟာမတ်ဇ်အဖွဲ့ သည် ဖမ်းဆီးရမိထားသော အစ္စရေးစစ်သည်များနှင့် အရပ်သားများအား ဂါဇာကမ်းမြှောင်ဒေသရှိ စခန်းများဆီသို့ အတင်းအကြပ်ခေါ်ဆောင်သွားနေသည်ဟု အတည်မပြုနိုင်သည့် သတင်းများတွင် ဖော်ပြထားသည်။ ဟား

မတ်ဇ် အဖွဲ့ ၏ ဒုတိယအကြီးအကဲ ဆာလား အယ်လ် အရူရီ က ဖမ်းဆီးထိန်းသိမ်းထားသည့် အစ္စရေးတို့အနက် ရာထူးကြီးသူများလည်း ပါဝင်နေသည်ဟု ပြောဆိုလိုက်သည်၊

အစ္စရေးတို့ကလည်း ဂါဇာဒေသအတွင်း လေကြောင်းတိုက်ခိုက်မှုများဖြင့်တုန့်ပြန်သည်။ ထိုလေကြောင်း တိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်းအရပ်သား အနည်းဆုံး ၂၅၀ ခန့် သေဆုံး ထိခိုက်မှုရှိ၍ ၁၆၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြရသည်ဟု ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနသတင်းအရင်းအမြစ်များကို ကိုးကား၍ မီဒီယာများက ဖော်ပြထားကြသည်။ ရုပ်သံသတင်းများတွင် အစ္စရေးလေကြောင်းတိုက်ခိုက်မှုများကြောင့် ဂါဇာဒေသရှိ အထပ်မြင့်အဆောက်အဦးကြီးတခု ပြိုကျပျက်စီးသွားသည်ကို တွေ့ကြရသည်။

အစ္စရေးဝန်ကြီးချုပ် နေတာယာဟူးက အစ္စရေးနိုင်ငံသည် စစ်ပွဲတပွဲကို ဆင်နွှဲနေရပြီ/ စစ်ဖြစ်နေပြီဟု ထုတ်ပြန်ကြေညာထားသည်။

“ကျနော်တို့ရဲ့ရန်သူတွေဟာ သူတို့ မမျှော်မှန်းထားတဲ့ တုန့်ပြန်တိုက်ခိုက်မှုကိုမလွှဲမသွေ ကြုံတွေ့ကြပြီး တန်ဘိုးကြီးကြီးပြန်လည်ပေးဆပ်ကြရမှာပါ။ ကျနော်တို့ဟာ စစ်ပွဲတပွဲထဲကို ရောက်နေကြပါပြီ။ ဒီစစ်ပွဲမှာ ကျနော်တို့ အနိုင်ရမယ်။” ဟူ၍ နေတာယာဟူးက ဆက်လက်၍ ပြောကြားသွားသည်။

ဟာမတ်ဇ်အဖွဲ့၏ စစ်ရေးခေါင်းဆောင် မိုဟာမက် ဒေးဖ် က အစ္စရေးတို့အပေါ် မြင့်မြတ်သော စစ်ပွဲဆင်နွှဲနေပြီဖြစ်ပြီး တကမ္ဘာလုံးရှိ ပါလက်စတိုင်းလူမျိုးများအား ယခု စစ်ပွဲတွင် ပါဝင်ဆင်နွှဲကြရန် ဆော်သြသွားသည်။

“ဒီကနေ့ဟာ ကမ္ဘာပေါ်မှာ နောက်ဆုံးကျန်ရှိနေတဲ့ နယ်ချဲ့သိမ်းပိုက်မှုကို အဆုံးသတ်ဖို့ စတင်လိုက်တဲ့နေ့တနေ့ပါပဲ။” ဟု ဒေးဖ်က ဆော်သြချက်တွင် ထည့်သွင်းပြောကြားသွားသည်။

ယခုတိုက်ခိုက်မှုများနှင့် ပတ်သက်၍ ဟားမတ်ဇ်က ထုတ်ပြန်ရာတွင် ဂျော်ဒန်မြစ်အနောက်ဖက်ကမ်းဒေသနှင့် ဂျေရုစလင် မြို့တော်နေ ပါလက်စတိုင်းပြည်သူတို့အပေါ် အစ္စရေးတို့၏တိုးမြှင့်တိုက်ခိုက်လာနေမှု၊ အစ္စရေးအကျဥ်းထောင်များအတွင်းရှိ ပါလက်စတိုင်း အကျဥ်းသားများအပေါ် ပိုမိုဖိနှိပ်ဆက်ဆံလာမှုများအတွက် လက်တုန့်ပြန် တိုက်ခိုက်ရခြင်းဖြစ်သည်ဟု ဖော်ပြ ပါရှိသည်။

⬛ အစ္စရေးတို့ အငိုက်မိသွားကြပါသလား

ယခု အောက်တိုဘာ ၇ ရက်နေ့ တိုက်ခိုက်မှုအား ၁၉၇၃ ၊ အောက်တိုဘာ ယွမ်ကစ်ပါးစစ်ပွဲအတွင်း အစ္စရေးတို့ အငိုက်မိခံလိုက်ရခြင်းနှင့် ခိုင်းနှိုင်းပြောဆိုနေကြသည်။ ၁၉၇၃ ယွမ်ကစ်ပါးစစ်ပွဲတွင် လုံခြုံရေးသတိ ပေါ့လျော့ခဲ့ကြသော အစ္စရေးတို့သည် အီဂျစ် နှင့် ဆီးရီးယားတို့ဦးဆောင်သည့် အာရပ်တပ်ဖွဲ့ကြီးများ၏ အလစ်အငိုက်ဖမ်းတိုက်ခိုက်မှုအောက်တွင် အကြီးအကျယ်အထိနာခဲ့ရပြီး အနုမြူလက်နက်များကိုပင် နောက်ဆုံးအဆင့်အဖြစ် သုံးစွဲရန် ပြင်ဆင်ခဲ့ကြရဖူးသည်။

အောက်တိုဘာ ၇ ရက် နေ့ ဟားမတ်ဇ်တိုက်ခိုက်မှုများသည်လည်း ယွမ်ကစ်ပါးစစ်ပွဲမှာကဲ့သို့ အစ္စရေးထောက်လှမ်းရေးနှင့် လုံခြုံရေးတပ်ဖွဲ့များ အငိုက်မိသွားခဲ့ကြရသည်။ ဟားမတ်ဇ်အဖွဲ့၏ထုတ်ပြန်ချက်များအရ အစ္စရေးတပ်ဖွဲ့ဝင်နှင့် အရပ်သားအများအပြားကို ဟားမတ်ဇ် တို့က ဖမ်းဆီးရမိ

သည့်အပြင် တင့်ကားများအပါအဝင် စစ်လက်နက်များကိုပါ ဖျက်ဆီးနိုင်ခဲ့၊ သိမ်းဆည်းရမိကြသလို အစ္စရေးလူနေရပ်ကွက်များအတွင်းသို့ပါ ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့ကြသည်။

အစ္စရေးဝန်ကြီးချုပ် နေတာယာဟူးက ထိပ်တန်း အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးပြုလုပ်အပြီး နိုင်ငံတောင်ပိုင်းမှ အကြမ်းဖက်သမားများကို ရှင်းလင်းရေးသည် ပထမဦးစားပေးဖြစ်ကြောင်း၊ နောက်တဆင့်အနေဖြင့် ဂါဇာကမ်းမြှောင်ဒေသတွင် အခြေစိုက်ထားသော အကြမ်းဖက်အဖွဲ့များကို လက်စားချေတိုက်ခိုက်ရမည်ဖြစ်သည်ဟု ပြောကြားခဲ့သည်ဟုဆိုသည်။

အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနကလည်း တပ်ဖွဲ့များကို တပ်လှန့်ထားလိုက်ကြပြီး အရန်တပ်ဖွဲ့ဝင်အားလုံးကို ဆင့်ခေါ်ထားလိုက်ပြီဖြစ်သည်။ အချို့ သတင်းများအရ အစ္စရေးတို့သည် တပ်မ ၄ ခု ကို အဆင်သင့်ပြင်ဆင်နေကြသည်ဟု သိရသည်။ Ugda ခေါ် အစ္စရေးတပ်မ တခုလျှင် တပ်ဖွဲ့ ဝင် ၁၅,၀၀၀ မှ ၂၀,၀၀၀ အထိ ရှိပြီး တင့်ကားနှင့်သံချပ်ကာတပ်ဖွဲ့များကို အခြေပြုဖွဲ့စည်းထားသည်။

အစ္စရေးတို့က တဖက်တွင် စစ်ပြင်ဆင်နေကြသလို နေတာယာဟူး၏ လက်ယာစွန်း အစိုးရအဖွဲ့၏ ဆောင်ရွက်ချက်များအပေါ် မကျေမနပ်ဝေဘန်မှုများလည်းရှိနေသည်။ နေတာယာဟူး၏ တရားစီရင်ရေးကဏ္ဍတွင် အခြေကစ၍ပြောင်းလဲပြင်ဆင်မှုများပြုလုပ်ရန် အစီအစဥ်ကို နိုင်ငံသား သိန်းနှင့်ချီ၍ ကန့်ကွက်ဆန္ဒပြခဲ့ကြသည် ( အစ္စရေးနိုင်ငံ၏ လူဦးရေမှာ ၉.၁၇ သန်း (၂၀၂၃ခုနှစ်) ဖြစ်သည်) ။

ကန့်ကွက်ဆန္ဒပြမှုများကို အကြောင်းပြု၍ အရန်တပ်ဖွဲ့ဝင် ရာပေါင်းများစွာတို့ တာဝန်ထမ်းဆောင်ရန် ပျက်ကွက်ခဲ့ကြသည်။ဤဖြစ်ရပ်သည် အစ္စရေးတပ်မတော်၏ စစ်ရေးအရအသင့်ဖြစ်မှုအပေါ် ဆိုးကျိုးသက်ရောက်နိုင်သည်ဟု ယူဆနေကြသည်။

ဝန်ကြီးချုပ်နေတာယာဟူးသည် အကျင့်ပျက်ခြစားမှုစွဲချက်များကို ရှောင်လွှဲနိုင်ရန် တရားရုံးချုပ်ကို ပြန်လည်ပြုပြင်ဖွဲ့စည်းကာ အင်အားချိနဲ့သွားစေရန် လုပ်ဆောင်နေသည်ဟု အစ္စရေး လူမှုအသိုင်းအဝိုင်းအတွင်း စွပ်စွဲဝေဘန်မှုများ အကြီးအကျယ် ဖြစ်ပေါ်နေသည်။ သဘောထားကွဲလွဲမှုများလည်း မကြုံစဖူးဖြစ်ပေါ်နေသည်ဟု ဆိုကြသည်။

ထို့အပြင် အစ္စရေးနှင့် ပါလက်စတိုင်းတို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ နှစ်ပေါင်းများစွာကြာအောင် ရပ်တန့်နေခဲ့ခြင်းကလည်း နှစ်ဖက်အကြား သံသယစိတ်များကို တိုးပွားနေစေခဲ့သည်ဟု ဆိုကြသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် နေတာယာဟူး၏ လက်ယာစွန်းအစိုးရက ဂျော်ဒန်မြစ် အနောက်ဖက်ကမ်းဒေသတွင် ဂျုးတို့အတွက် အိမ်ယာများဆောက်လုပ်ပေးရန် ပါလက်စတိုင်းဒေသခံတို့အား ဖယ်ရှားခဲ့သည့်အတွက် အခြေအနေများ တင်းမာခဲ့ရသည်။ ထို့အပြင်လည်း ဂျေရုစလင် ရှိ အယ်လ်အက်ဆာ ပလီအား အစ္စရေးရဲတပ်ဖွဲ့တို့က ယခုနှစ် ဧပြီလအတွင်း ဝင်ရောက်စီးနင်းတိုက်ခိုက်စဥ် ပါလက်စတိုင်းအရပ်သား ဒါဇင်ပေါင်းများစွာ ထိခိုက်ဒဏ်ရာရခဲ့ကြရသည်။

ယခု တိုက်ခိုက်မှုသည် အစ္စရေးဝန်ကြီးချုပ် နေတာယာဟူး၏ နိုင်ငံတော်လုံခြုံရေးကိစ္စရပ်များတွင် ကျွမ်းကျင်လိမ္မာပါးနပ်မှုအား မေးခွန်းထုတ်စရာဖြစ်လာနေသည်ဟု ဆိုသည်။ ဟား

မတ်ဇ်အဖွဲ့၏ လှုပ်ရှားမှုများအပေါ် သတင်းရယူထောက်လှမ်းနိုင်ခြင်းမရှိခဲ့သည့်အတွက် အစ္စရေးထောက်လှမ်းရေး အဖွဲ့များ၏ ညှိနှိုင်းဆောင်ရွက်နိုင်မှုအား မေးခွန်းထုတ်စရာဖြစ်နေရသည်ဟု အစိုးရအဖွဲ့ ထိပ်တန်းအရာရှိကြီးတဦးက ပြောကြားကြောင်း ရိုက်တာသတင်းဌာနက ရေးသားထားသည်။ အစ္စရေးတို့အနေဖြင့် နိုင်ငံစတင်တည်ထောင်သည်မှစ၍ ယနေ့ကာလအထိ နိုင်ငံနှင့် လူမျိုးကို ဖျက်ဆီးပစ်လိုသူများနှင့် တောက်လျှောက်ရင်ဆိုင်ကြုံတွေ့လာခဲ့ရသည်ဖြစ်ပြီး စစ်ပွဲများသာမက အကြမ်းဖက် တိုက်ခိုက်မှုမျိုးစုံနှင့်ပါ ရင်ဆိုင်လာနေခဲ့ရသည်ဖြစ်ရာ မော့ဆက်နှင့် ရှင်းဘတ် အပါအဝင် ထောက်လှမ်းရေးအဖွဲ့များ၏ ဟန်ချက်ညီညီ ချိတ်ဆက်ဆောင်ရွက်နိုင်မှုက လွန်စွာအရေးပါနေသည်။

ဂါဇာအခြေစိုက် ဟားမတ်ဇ် ပါလက်စတိုင်းအကြမ်းဖက်အဖွဲ့သာမက လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘူလာ အကြမ်းဖက်အဖွဲ့အပါအဝင် အစွန်းရောက် အဖွဲ့များက အစ္စရေးနိုင်ငံအား ကမ္ဘာ့မြေပုံပေါ်ကနေ ပျောက်ကွယ်သွားစေရန် လုပ်ဆောင်မည်ဟု တရားဝင် ထုတ်ပြန်ကြေညာထားကြသည်။

⬛ အစ္စရေးနှင့် ပါလက်စတိုင်း၊ဟားမတ်ဇ်၊ ဟစ်ဇ်ဘူလာ

ပါလက်စတိုင်းဒေသကြီးသည် ခရစ်တော်မပေါ်မှီကာလများကပင် နှစ်ပေါင်းထောင်နှင့်ချီ၍ လူမျိုးနွယ်စုမျိုးစုံနေထိုင်လာခဲ့ကြသည်။ အစ္စရေးလူမျိုး ( ဂျုး/ ရဟူဒီ) တို့သည် ဘီစီ ၁၁၀၀ မှ ၁၀၀၀ ကြားကာလတွင် ယနေ့ အီရတ်နိုင်ငံတည်ရှိရာ မက်ဆိုပိုတေးမီးယားဒေသကြီးမှနေ၍ လက်ရှိ ပါလက်စတိုင်းဒေသ ( Canaan ခေးနွန်း ဟု ရှေး ကခေါ်ကြသည်) ကြီးဆီသို့ ပြောင်းရွှေ့ အခြေစိုက်လာကြသည်။ ဂျုးတို့သည် ဘီစီ ၁၀၀၀ ခန့်တွင် ဂျုး ဘုရင့်နိုင်ငံနှစ်ခု ဂျုးဒါးနှင့် အစ္စရေး ကို ထူထောင်နိုင်ခဲ့ကြသည်။

ရောမခေတ် အေဒီ ၁ရာစုမှ ၂ ရာစုအတွင်း ဖြစ်ပွားသည့် ရောမအစ္စရေးစစ်ပွဲများအတွင်း အစ္စရေးတို့အရေးနိမ့်ကာ ပါလက်စတိုင်းဒေသမှ နှင်ထုတ်ခြင်းခံရပြီး ဥရောပတိုက်နှင့် အာဖရိကတိုက်၊ ထို့နောက် မြောက်နှင့် တောင်အမေရိက တိုက်ဒေသကြီးများတွင် ရာစုနှစ်ပေါင်းများစွာ တကွဲတပြားစီပြန့်ကြဲနေထိုင်ခဲ့ကြရသည်။

အာရပ်တို့သည် ခရစ်သက္ကရာဇ် ၆၀၀ ခန့်တွင် ပါလက်စတိုင်းဒေသကြီးတခွင်သို့ အလုံးအရင်းနှင့်ဝင်ရောက်လာခဲ့ကြသည်။ တမန်တော်မိုဟာမက်၏ ဦးဆောင်မှုဖြင့် အစ္စလာမ်သာသနာကို ပြန့်ပွားစေရာတွင် ပါလက်စတိုင်းဒေသကြီး သည်လည်း အပါအဝင်ဖြစ်သည်။ ထိုကာလမှစ၍ ပါလက်စတိုင်းဒေသတွင် အာရပ်တို့က လူများစုအဖြစ် ရှိလာနေခဲ့ကြတာဖြစ်သည်။

ဒုတိယကမ္ဘာစစ်မဖြစ်မှီတွင် ဂျုးခေါင်းဆောင်များက သမ္မာ ကျမ်းစာအတိုင်း ပါလက်စတိုင်းဒေသတွင် ဂျုး/ အစ္စရေးနိုင်ငံတည်ထောင်ရန် စိုင်းပြင်းလာကြသည်။ ဒုတိယကမ္ဘာစစ်ကာလအတွင်း နာဇီတို့က ဂျုးလူမျိုး ၆ သန်းကျော်အား လူမျိုးတုန်းသုတ်သင်ရှင်းလင်းခဲ့သော်လည်း စစ်ကြီးအပြီး တွင် ဗြိတိသျှ အစောင့်ရှောက်ခံ ပါလက်စတိုင်းဒေသသို့ ဂျုးတို့ နည်းလမ်းအမျိုးမျိုးဖြင့် ပြန်လည်ဝင်ရောက်လာခဲ့ကြပြီး ဒေသခံ ဂျုးတို့နှင့်ပူးပေါင်းကာ အခက်အခဲအမျိုးမျိုးကိုကျော်ဖြတ်၍ ၁၉၄၈ ခုနှစ် မေလတွင် အစ္စရေးနိုင်ငံကို တည်ထောင်နိုင်ခဲ့ကြသည်။

အစ္စရေးနိုင်ငံတည်ထောင်မည်ကို ဒေသခံအာရပ်မျိုးနွယ်များက မကျေနပ်ပဲ အစဥ်တစိုက် ဆန့်ကျင်လာခဲ့ကြရာ ၁၉၄၇ ခုနှစ်၊ ဗြိတိသျှတပ်ဖွဲ့များပြန်လည်ရုတ်သိမ်းသွားကြသည့်အခါ အာရပ်တပ်ဖွဲ့ကြီးများက အစ္စရေးမြို့ပြနှင့် လူနေရပ်ကွက်ကြီးများအား စတင်တိုက်ခိုက်ကြသည်။ ဒေသခံအာရပ် အရပ်သားများက စိုးရိမ်တကြီးဖြင့် အိမ်နီးချင်း အာရပ်နိုင်ငံမများဆီသို့ တိမ်းရှောင်ကုန်ကြသည်ရှိသလို အာရပ်အမျိုးသားရေးအစွန်းရောက်များကလည်း အာရပ် အရပ်သားများအား တိုက်ပွဲများဖြစ်ပွားနေသော အစ္စရေးလူနေရပ်ကွက်တို့နှင့် ဝေးရာသို့ရွှေ့ပြောင်းခိုင်းကြသည်များလည်းရှိခဲ့သည်။

၁၉၄၉ တွင် ပထပအာရပ်အစ္စရေးစစ်ပွဲကြီးပြီးဆုံးသွားသော်လည်း အာရပ်နိုင်ငံများက အစ္စရေးနိုင်ငံတည်ရှိမှုကို အသိအမှတ်မပြုကြသဖြင့် ပါလက်စတိုင်းအာရပ်တို့သည်လည်းနေရပ်မပြန်နိုင်ကြတော့ပဲရှိရသည်။ ထိုအချိန်ကစကာ ပါလက်စတိုင်းပြဿနာ ပေါ်ပေါက်လာရခြင်းဖြစ်သည်။

၁၉၄၈ မှ ၁၉၇၈-၇၉ ခုနှစ်များအထိ အာရပ်နိုင်ငံတို့က အစ္စရေးနိုင်ငံအား ကမ္ဘာ့မြေပုံပေါ်မှဖယ်ရှားပစ်ရန်သာ အားသန်နေခဲ့ကြသဖြင့် ပါလက်စတိုင်းပြဿနာကို ဖြေရှင်းရန် အရာမရောက်။ ထိုကာလများတွင် ပါလက်စတိုင်းလွတ်မြောက်ရေးတပ်ဦး ( ပီအယ်လ်အို) ပေါ်ပေါက်လာခဲ့ပြီးအီဂျစ်နိုင်ငံဂါဇာကမ်းမြှောင်ဒေသ၊ ဆီးရီးယား၊ ဂျော်ဒန်နှင့် လက်ဘနွန်းနိုင်ငံများတွင်အခြေစိုက်ကာ အစ္စရေးတို့အား လက်နက်စွဲကိုင်တိုက်ခိုက်လာကြသဖြင့် အခြေအနေများပိုမိုတင်းမာရှုပ်ထွေးလာခဲ့ရသည်။

နောက်ဆုံး၁၉၈၂ ခုနှစ်တွင် အစ္စရေးတို့က လက်ဘနွန်နိုင်ငံအတွင်း ဝင်ရောက်ကာ ပါလက်စတိုင်းတပ်ဖွဲ့များအား တိုက်ထုတ် ဖယ်ရှားကြသဖြင့် ပါလက်စတိုင်းတပ်ဦး အထိနာခဲ့ရသည်။ ပါလက်စတိုင်းတပ်ဦး ခေါင်းဆောင် ယာဆာအာရာဖတ်အပါအဝင် ထိပ်တန်း ပါလက်စတိုင်းအရာရှိကြီးများ တို့သည် အာဖရိက အနောက်မြောက်ဖက်အစွန်ရှိ တူနီးရှားနိုင်ငံအထိ ပြောင်းရွှေ့ခိုလှုံခဲ့ကြရသည်။

၁၉၉၁ ခုနှစ်တွင် စစ်အေးတိုက်ပွဲကြီးပြီးဆုံးသွားသည်အခါ အမေရိကန်တို့ဦးဆောင်၍ ပါလက်စတိုင်းပြဿနာကို ဖြေရှင်းရန်ကြိုးစားလာခဲ့သည်။ စစ်အေးခေတ်နှောင်းပိုင်းကာလ ၁၉၇၈/ ၇၉ ခုနှစ်မှစကာ အာရပ်နိုင်ငံများသည်လည်း အစ္စရေးတို့အပေါ်’သဘောထားပျော့ပြောင်းလာကြပြီး အီဂျစ်နိုင်ငံသည် အစ္စရေးနှင့် ငြိမ်းချမ်းရေးရယူခဲ့သည်။

အာရပ်တို့အစ္စရေးအပေါ်သဘောထားပျော့ပျောင်းလာသည်ကို မနှစ်မြို့ကြသော ပါလက်စတိုင်းတို့က ပီအယ်လ်အိုမှခွဲထွက်ကာ စင်ပြိုင်လက်နက်ကိုင်အဖွဲ့များ ထူထောင်ကြရာ ဟစ်ဇ်ဘူလာ အဖွဲ့ ( ၁၉၈၂ခုနှစ်) နှင့် ဟားမတ်ဇ်အဖွဲ့ (၁၉၈၇ ခုနှစ်) တို့သည် အင်အားအကြီးမားဆုံးဖြစ်လာကြသည်။ လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘူလာအဖွဲ့အား ရှီးယား အစ္စ

လာမ်ဘာသာရေးဂိုဏ်းကိုသက်ဝင်ယုံကြည်ကြသူများက ဦးဆောင်ပြီး တပ်ဖွဲ့ဝင် ၄၅,၀၀၀ အထိ ရှိနိုင်သည်ဟု အစ္စရေးထောက်လှမ်းရေးအဖွဲ့များက ခန့်မှန်းထားကြသည်။ဟစ်ဇ်ဘူလာတို့အား အဓိက ထောက်ပံ့သူမှာ အီရန်နိုင်ငံဖြစ်ပြီး နှစ်စဥ် အသုံးစရိတ်သည် အမေရိကန်ဒေါ်လာ သန်း ၇၀၀ ပတ်ဝန်း ကျင်တွင်ရှိနေသည်။

ဂါဇာကမ်းမြှောင်ဒေသ အခြေစိုက် ဟားမတ်ဇ်အဖွဲ့အား ဆွန်နီ အစ္စလာမ်ဂိုဏ်းခွဲကို သက်ဝင်ယုံကြည်သူများက တည်ထောင် ထားခဲ့ကြပြီး လက်နက်ကိုင်တပ်ဖွဲ့ဝင် ၃၀,၀၀၀ ကျော်အထိ ရှိသည်ဟု အစ္စရေးတို့က ခန့်မှန်းထားသည်။ ထို့အပြင် ဟားမတ်ဇ်တို့တွင် ဒုံးကျည်အမျိုးမျိုး ၇၀၀၀ ကျော်၊ လေယာဥ်ပစ်ဒုံးကျည် ၁၀၀ကျော်၊ တင့်ကားဖျက်ဒုံးကျည် ၃၀၀ ကျော် မျှရှိနိုင်သည်ဟူ၍ လည်း အစ္စရေးတို့က ခန့်မှန်းထားကြသည်။

ဟားမတ်ဇ်နှင့် ဟစ်ဇ်ဘူလာအဖွဲ့များသည် အစ္စရေးနိုင်ငံတည်ရှိမှုကို လက်မခံကြပဲ အစ္စရေးတို့အား ပါလက်စတိုင်းဒေသကြီးမှနည်းလမ်းမျိုးစုံဖြင့် တိုက်ထုတ်ပစ်ရမည်ဟူသည့် တင်းမာသော အစွန်းရောက် သဘောထားကို ကိုင်စွဲထားကြဆဲဖြစ်သည်။

တဖက်တွင်လည်း ပီအယ်လ်အိုတပ်ဦးသည် ၁၉၉၃ ခုနှစ်တွင် အစ္စရေးတို့နှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုနိုင်ခဲ့ကြသည်။ ပါလက်စတိုင်း နိုင်ငံထူထောင်ရေးအတွက် ခြေလှမ်းတရပ်ဖြစ်သော ပါလက်စတိုင်းအစိုးရအဖွဲ့ တရပ်ကို ဖွဲ့စည်းနိုင်ခဲ့သည်။ ဤ အစိုးရအဖွဲ့သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထားသည့် ဂါဇာ ကမ်းမြှောင်ဒေသ ( ဧရိယာ ၁၄၁ စတုရန်းမိုင်/ လူဦးရေ ၂.၂ သန်းကျော် (၂၀၂၃) ) တွင် အခြေစိုက်ပြီး အစိုးရတရပ်၏အင်္ဂါနှင့် ပြည့်စုံစေသည့် ဝန်ကြီးဌာနများဖွင့်လှစ်ဆောင်ရွက်နေသည်။

⬛ နိုင်ငံတကာ ၏တုန့်ပြန်မှုများ

နိုင်ငံတကာက ဟားမတ်ဇ် အဖွဲ့၏ ယခုတိုက်ခိုက်မှုများအပေါ် အမျိုးမျိုးတုန့်ပြန်နေကြသည်။

အစ္စရေး၏မဟာမိတ်ကြီးဖြစ်သည့် အမေရိကန်ပြည်ထောင်စုက ယခု တိုက်ခိုက်မှုများအား ချွင်းချက်မရှိ ရှုတ်ချကြောင်း ၊ အစ္စရေးနိုင်ငံက လိုအပ်သည့်အကူအညီများကို ပေးအပ်သွားရန် အဆင်သင့် ရှိနေကြောင်း ထုတ်ပြန်ကြေညာသည်။

ပြင်သစ်၊ဂျာမဏီ၊ ဗြိတိန် အပါအဝင် ဥရောပ နိုင်ငံအများအပြားက အစ္စရေးတို့ဖက်မှရပ်တည်ကြောင်း အသီးသီးထုတ် ပြန်ကြေညာထားကြသည်။ ဥရောပသမဂ္ဂ ( အီးယူ) ကလည်း ယခုတိုက်ခိုက်မှုသည် ချွင်းချက်မရှိ စက်ဆုတ်ရွံရှာဖွယ်ကောင်းသည့် အကြမ်းဖက်လုပ်ရပ်ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ဆော်ဒီအာရေဗျ၊ အီဂျစ်၊ ကာတာ၊ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) စသည့် အာရပ်နိုင်ငံများက ယခုတိုက်ခိုက်မှုများအား အမြန်ဆုံးရပ်တန့်ရန်၊ အားလုံးက ထိိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန် တိုက်တွန်းဆော်သြထားကြသည်။

ရုရှားဖက်ဒရေးရှင်းကလည်း ယခု ဖြစ်ရပ်တွင် ပါဝင်သူအားလုံးတို့နှင့် အဆက်အသွယ်ပြုလုပ်ကာ အခြေအနေများ ပိုမို ဆိုးရွားမလာအောင် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြဖို့ တိုက်တွန်းနေပါသည်ဟူ၍ ထုတ်ပြန်ထားသည်။

ယူကရိန်းနိုင်ငံက အစ္စရေးနိုင်ငံအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများကို ရှုတ်ချလိုက်ပြီး အစ္စရေးတို့၏မိမိကိုယ်မိမိခုခံကာကွယ်ပိုင်ခွင့်ကို အပြည့်အဝ ထောက်ခံသည်ဟူ၍ ထုတ်ပြန်ကြေညာထားသည်။

အာရှအလယ်ပိုင်းနှင့် အရှေ့အလယ်ပိုင်းဒေသတွင် အင်အားကြီးနိုင်ငံတခုဖြစ်လာနေသည့် တူရကီနိုင်ငံက နှစ်ဖက်စလုံးအား ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလိုက်သည်။ အနောက်အုပ်စု၏ မြောက်အတ္တလန်တိတ် မဟာမိတ်စာချုပ် အဖွဲ့ ( နေတိုး) ဝင်ဖြစ်သည့် တူရကီနိုင်ငံသည် အစ္စရေးတို့နှင့် ရင်းနှီးသည့် ဆက်ဆံရေး ရှိနေသည်။

ဟားမတ်ဇ်အဖွဲ့အား အဓိက ကူညီပံ့ပိုးနေသည့် အီရန်နိုင်ငံကမူ ယခု တိုက်ခိုက်မှုများအတွက် ဟားမတ်ဇ်အဖွဲ့အား ချီးကျုးပါသည်ဟု ထုတ်ပြန်ကြေညာသည်။

အီရန်တို့ ထောက်ခံအားပေးနေသည့် လက်ဘနွန်နိုင်ငံအခြေစိုက် ဟစ်ဇ်ဘူလာ အကြမ်းဖက်အဖွဲ့ကလည်း ယခု တိုက်ခိုက်မှုများအား ထောက်ခံကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။ ယခု တိုက်ခိုက်မှုများသည် အစ္စရေးနှင့် ပုံမှန်ပြန်လည်ဆက် ဆံရေး ထူထောင်လိုသူများအနေဖြင့် သတိထားကြရန် သတင်းစကား နှိုးဆော်ချက်ဖြစ်သည် ဟူ၍ ထုတ်ပြန်ကြေညာထားသည်။

.

.

ဒေသတွင်း ရိုက်ခတ်လာနိုင်သည့် ဂယက်များ

ယခု တိုက်ခိုက်မှုများကြောင့် အရှေ့အလယ်ပိုင်းဒေသကြီးတခုလုံးအပေါ် မည်သည့်အကျိုးသက်ရောက်မှုများ ရှိလာနိုင်ပါသနည်း။

ပထမဦးစွာ ပြောရလျှင် အစ္စရေးတို့၏ လက်တုန့်ပြန်မှု

အ တိုင်းအတာအပေါ်မူတည်ပြီး အာရပ် ကမ္ဘာနှင့် နိုင်ငံ တကာ ၏တုန့်ပြန်မှုများက လိုက်ပါလာမည်ဖြစ်သည်။

အစ္စရေးတပ်ဖွဲ့များ ဂါဇာကမ်းမြှောင်ဒေသသို့ဝင်ရောက်၍ ဟားမတ်ဇ်အဖွဲ့အား ဖမ်းဆီးရန်/ ချေမှုန်းရန်ကြိုးစားပါက အခြေအနေများ အလွန်ရှုပ်ထွေးတင်းမာသွားပြီး လက်ရှိတွင် အစ္စရေးတို့ဖက်မှ ရပ်တည်နေကြသည့် အနောက်အုပ်စုနိုင်ငံများအကြား သဘောထားပြောင်းလဲမှုများ ဖြစ်ပေါ်လာနိုင်သည်။

ဟားမတ်ဇ်တို့အဖို့ ယခုစစ်ပွဲသည် အဖက်ဖက်မှ အရှုံးကိုသာ ဖြစ်ပေါ်စေမည်ဖြစ်သည်။ စစ်ရေးအရ ဟားမတ်ဇ်အပါအဝင် ပါလက်စတိုင်းအဖွဲ့များသည် အစ္စရေးတို့အား ယှဥ်ပြိုင်နိုင်စွမ်းမရှိပေ။ နိုင်ငံတကာ ဆက်ဆံရေးတွင်လည်း လက်ယာစွန်း အစ္စရေးပါတီများ၏ အငြင်းပွားနေသော ပါလက်စတိုင်းနယ်မြေများဂျုးလူနေရပ်ကွက်များအတင်း အဓမ္မ ဆောက် လုပ်နေသည့်အတွက် ပါလက်စတိုင်းတို့အပေါ် နိုင်ငံတကာက ဂရုဏာသက်နေမှုများသည် အစ္စရေးအရပ်သားများ ထိခိုက်သေကြေပျက်စီးမှုများကြောင့် ဘဲစားဘဲချေ ဖြစ်သွားမည်ဖြစ်သည်။

ဟားမတ်ဇ် အပါအဝင် ပါလက်စတိုင်းအဖွဲ့တို့သည် အမေရိကန်၏ကမကထပြုမှုဖြင့် အာရပ် အစ္စရေး ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုကြတော့မည်ကို စိုးရိမ်နေကြသည်ဟုဆိုသည်။ အကြောင်းမှာ ပါလက်စတိုင်းပြသနာကို မဖြေရှင်းပေးတော့ပဲ ချောင်ထိုးထားလိုက်တော့မည်ကို စိုးရိမ်နေကြ၍ဖြစ်သည်။

သို့ရာတွင် အာရပ် အစ္စရေး ငြိမ်းချမ်းရေးသဘောတူစာ ချုပ်ကို စိုးရွံ့နေသူမှာ ပါလက်စတိုင်းတို့ချည်းသာမဟုတ်ပေ။

.

.

အီရန်နိုင်ငံ၏ အခန်းကဏ္ဍ

ပါးရှားဟု ရှေးက နံမည်ကျော်ခဲ့သည့် အီရန်နိုင်ငံသည် ယနေ့အခါဝယ် သဘောထားတင်းမာသည့် ရှီးယား ဘာသာရေးခေါင်းဆောင်များက အဓိက လွှမ်းမိုးအုပ်ချုပ်နေသည့် နိုင်ငံဖြစ်နေသည်။ အီရန်နိုင်ငံသည် အစ္စရေးနိုင်ငံတည်ရှိမှုကိုလက်မခံပဲ ရှိနေသည်။ ထို့အပြင် အမေရိကန်အပါအဝင် အနောက်အုပ်စုနိုင်ငံများနှင့်လည်း ဆက်ဆံရေးအဆင်မပြေ။ အနုမြူ လက်နက်ထုတ်လုပ်ရန် ကြိုးစားနေသည်ဟူသော သံသယကြောင့် အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့ထားခြင်းကိုကြုံတွေ့နေရပြီး နိုင်ငံတကာဆက်ဆံရေးတွင်လည်း ကျဥ်ထားခြင်းကို ခံနေရသည်။

တဖက်တွင်လည်း အရှေ့အလယ်ပိုင်းဒေသရှိ အစ္စရေးတို့အား ဆန့်ကျင် တိုက်ခိုက်နေသော အကြမ်းဖက်စစ်သွေးကြွအဖွဲ့အစည်းများကို အီရန်နိုင်ငံက အားပေးထောက်ခံနေသည်ဟု အစ္စရေးနှင့်အနောက်အုပ်စုတို့က စွပ်စွဲထားကြသည်။

အီရန်နိုင်ငံသည် မကြာသေးမှီကမှ အမေရိကန်တို့နှင့် ပါးရှန်းပင်လယ်ကွေ့ဒေသရေပြင်တွင် ထိပ်တိုက်တွေ့ခဲ့ကြရသေးသည်။ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွင်းတွင် ပင်လယ်ကွေ့နိုင်ငံတကာရေပိုင်နက်အတွင်း ခုတ်မောင်းနေသော ရေနံတင် သင်္ဘောမျညးအား အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ စစ်ရေယာဥ်များက ဖမ်းဆီးရန် ကြိုးစားခဲ့ကြသဖြင့် အမေရိကန်တို့က အက်ဖ် ၃၅ တိုက်လေယာဥ်များအပါအဝင် လေတပ်ဖွဲ့

နှင့် ရေတပ်ဖွဲ့များကို ပင်လယ်ကွေ့ဒေသရှိ စစ်စခန်းများဆီသို့ စေလွှတ်ခဲ့ကြရသည်။

အီရန်နိုင်ငံ၏ မဟာမိတ်သည် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့ဖြစ်ကြသည်။ တရုတ်နိုင်ငံသည် အီရန်နိုင်ငံထံမှ လောင်စာစွမ်းအင်များကို အများအပြားဝယ်ယူနေသည်။ ယူကရိန်းအပေါ် စစ်ဆင်နွှဲမှုကြောင့် ကိုယ့်ရှူးကိုယ်ပတ်နေသည့် ရုရှားနိုင်ငံသည်လည်း အီရန်နိုင်ငံထံမှ မောင်းသူမဲ့ လေယာဥ်များအပါအဝင် စစ်လက်နက်ပစ္စည်းများ အမြောက်အများဝယ်ယူနေကြရသည်။ အီရန်နိုင်ငံသည်လည်းရုရှားတို့ထံမှ အက်စ်ယူ ၃၅ တိုက်လေယာဥ်များအပါအဝင် ခေတ်မှီ စစ်လက်နက် ပစ္စည်းများကို ဝယ်ယူနေကြသည်။

မကြာသေးမှီလပိုင်းများက တရုတ်နိုင်ငံသည် အီရန်နှင့် ဆော်ဒီအာရေဗျတို့အကြား ဆက်ဆံရေး ပြန်လည်တိုးတက်ကောင်းမွန်လာအောင် ကမကထ ပြုပေးခဲ့သည်။ အီရန်နှင့် အာရပ်နိုင်ငံများအကြား ဆက်ဆံရေးကောင်းမွန်လာစေခြင်းဖြင့် တရုတ်နိုင်ငံသည် ဒေသတွင်းတွင် သြဇာတိက္ကမ ကြီးထွားလာမည်ဟု မျှော်မှန်းနေပြီး ကုန်သွယ်ရေးလမ်းကြောင်းကြီးများ တိုးချဲ့သွားနိုင်ရန် စီစဥ်နေသည်။

တဖက်တွင်လည်း တရုတ်တို့သည် အမေရိကန်နှင့် အနောက်အုပ်စုတို့က စီမံကိန်းချမှတ်ဆောင်ရွက်နေသည့် အိန္ဒိယ အရှေ့အလယ်ပိုင်း ဥရောပ စီးပွားရေးစင်္ကြန်လမ်းမကြီး အပေါ် စိုးရိမ်မကင်းဖြစ်နေသည်။ စီမံကိန်းအရ အစ္စရေး ဆိပ်ကမ်းများမှတဆင့် ဥရောပတိုက်တောင်ပိုင်း ဆီသို့ ကုန်ပစ္စည်းများ ချိတ်ဆက် ပို့ဆောင်သွားနိုင်မည်ဖြစ်သည်။ ထို့အပြင် အာရပ်နှင့် အစ္စရေးအကြား စီးပွားရေးအရ အကျိုးတူ ဆောင်ရွက်မှုများ ဖွံ့ဖြိုးလာပြီး ပိုမိုကောင်းမွန်သည့် ဒေသတွင်း ငြိမ်းချမ်းရေး ၊ တည်ငြိမ်ရေးကို ရရှိနိုင်မည်ဖြစ်သည်။သို့ရာတွင် ဤစီမံကိန်းကြီးသာ ထမြောက် အောင်မြင်ပါက အရှေ့အလယ်ပိုင်းတွင် တရုတ်တို့၏ သြဇာအာဏာ ကျဆင်းသွားမည်ဟု စိုးရိမ်မကင်းလည်းရှိနေကြသည်။

ဟားမတ်ဇ်အဖွဲ့၏ အစ္စရေးတို့အပေါ် တိုက်ခိုက်မှုများကြောင့် အထက်ပါ စီးပွားရေးစင်္ကြန်လမ်းမကြီးစီမံကိန်း နှောင့်နှေးသွားပါက အမြတ်ထွက်မည့်သူများမှာ အီရန်၊ တရုတ်နှင့် ရုရှားနိုင်ငံများဖြစ်သည်။

.

.

.

ဂါဇာကမ်းမြှောင်ဒေသကြီးရှိ ပါလက်စတိုင်းပြည်သူတို့ကမူ ပဋိပက္ခ ရက်ကြာရှည်မည့်အရေးကို ချင့်တွေးပြီး စားနပ်ရိက္ခာများ အလုအယက် ဝယ်ယူစုဆောင်းနေကြသည်။

“ကျမတော့ ကြောက်တယ်ရှင့်” ဟူ၍ ပါလက်စတိုင်းအမျိုးသမီး အေမဲလ် အဘူ ဒက္ကာ က ပြောပြကြောင်း ရိုက်တာသတင်းဌာနကြီးက ရေးသားဖော်ပြထားသည်။ အဘူ ဒက္ကာနေထိုင်သည့် ဂါဇာကမ်းမြှောင်ဒေသရှိ ခမ် ယွန်းနစ္စမြို့သည် အစ္စရေးနယ်စပ်နှင့် ကပ်လျှက်တွင် တည်ရှိပြီး နှစ်ဖက် ပစ်ခတ်တိုက်ခိုက်သံများကို အတိုင်းသားကြားနေရသည်ဟု ဆိုသည်။

၂၀၂၁ ခုနှစ် မေလအတွင်းကလည်း အစ္စရေးနှင့် ဟာမတ်ဇ်အဖွဲ့အကြား ၂၁ ရက်ကြာ တိုက်ပွဲများဖြစ်ပွားခဲ့သေးရာ အစ္စရေးတို့ဖက်မှ နိုင်ငံသား ၆ဦး နှင့် စစ်သည် ၁ ဦး သေဆုံးခဲ့ရပြီး အရပ်ဖက်နှင့် စစ်ဖက် ထိခိုက်ဒဏ်ရာရသူ ၁၂၂ ဦး ရှိခဲ့ကာ ပါလက်စတိုင်းတို့ဖက်တွင် စစ်သွေးကြွ လက်နက်ကိုင် ၁၀၀ ခန့်နှင့် အရပ်သား ၃၀၀ နီးပါးသေကြေပျက်စီးပြီး ၃၀၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြရသည်။

⬛ သုံးသပ်ချက်

အရင်းစစ်တော့အမြစ်မြေက ဆိုသလိုပင် ပါလက်စတိုင်းပြဿနာသည် အာရပ်အမျိုးသားရေးဝါဒီများ၏ တဖက်စွန်းရောက်အောင် သွေးထိုးလှုံ့ဆော်ခဲ့မှုများကြောင့် မဖြစ်သင့်ပဲပေါ်ပေါက်တည်ရှိလာရသည်ဖြစ်ရာ ထစ်ကနဲရှိတိုင်း အစ္စရေးတို့အပေါ် ချည်း အပြစ်တင်နေ၍မရပါ။

ပါလက်စတိုင်းတို့အနေနှင့် လည်း အစ္စရေးနိုင်ငံပေါ်ပေါက်လာသည့်အချိန်ကစပြီး သွေးချင်းညီအကို ဆိုသူများ၏ တဖက်သတ်သွေးထိုးစကားများကို ယုံစားကာ ငြိမ်းချမ်းစွာယှဥ်တွဲနေထိုင်ကြရေးအစား အပြုတ်တိုက်ရေး၊ ဂျုးနိုင်ငံပျက်သုဥ်းရေးကိုသာ ဦးတည်နေခဲ့ ကြသဖြင့် အလုပ်မဖြစ်ခဲ့၊ အချိန် ဖြုန်းတီးရာသာရောက်ခဲ့သည်။ ယခုအခါ အာရပ်နိုင်ငံများက ပြောင်းလဲလာသည့် ခေတ်စနစ်အရ အစ္စရေးနှင့် ငြိမ်းချမ်းရေးယူကာ ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ကြမည်ကို ပါလက်စတိုင်းတို့က မနှစ်မြို့။

အမေရိကန်တို့ ကမကထပြုသည့် အစ္စရေးအာရပ် ငြိမ်းချမ်းရေးအစီအစဥ်ကို ပျက်စီးစေလိုသူများတွင် ပါလက်စတိုင်းတို့သာမက အီရန်တို့လည်းပါဝင်နေကြသည်။ အီရန်နိုင်ငံသည် ဒေသတွင်းရှိ အစွန်းရောက် အဖွဲ့များကို အားပေးထောက်ခံကာ သြဇာအာဏာကို တည်ဆောက်နေသည်ဖြစ်ရာ အာရပ် – အစ္စရေး ငြိမ်းချမ်းရေးကြောင့် ၎င်း၏ သြဇာအာဏာ ကျဆင်းမည်ကို သဘောမတူ။ ထို့အပြင် အီရန်တို့သည် အာရပ်တို့နှင့် သင့်မြတ်ခြင်းလည်းမရှိလှ။

အနောက်အုပ်စုနှင့်မသင့်မြတ်သော အီရန်နိုင်ငံ၏ အဓိက မဟာမိတ်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံဖြစ်သည်။ တရုတ်တို့သည် ပါးရှင်းပင်လယ်ကွေ့အပါအဝင် အရှေ့အလယ်ပိုင်းဒေသကြီးတွင် သြဇာအာဏာချဲ့ထွင်နေသည်ဖြစ်ရာ ပြိုင်ဖက် အမေရိကန်တို့ အသာစီးရသွားမည်ကို လိုလားခြင်းမရှိ။ ထို့အပြင် အမေရိကန်တို့ဖော်ဆောင်မည့် အိန္ဒိယ+အရှေ့အလယ်ပိုင်း+ဥရောပ စီးပွားရေးစင်္ကြန် လမ်းမကြီး စီမံကိန်းအောင် မြင်ပါက ၎င်းတို့နေရာမရမည်ကို တရုတ်တို့ကစိုးရိမ်နေကြတာဖြစ်သည်။ အဆိုပါ စီးပွားရေးစင်္ကြန်လမ်းမကြီးသည် အစ္စရေးနိုင်ငံကိုဖြတ်၍ အရှေ့အလယ်ပိုင်းနှင့် ဥရောပကို ဆက်သွယ်ချိတ်ဆက်ထားရာ ယခု လို ဒေသတွင်း မငြိမ်သက်မှုများဖြစ်ပွားနေပါက စီမံကိန်းကြီးအား အကောင်အထည်ဖော်ရန် ကြန့်ကြာသွားမည်ဖြစ်သည်။

References ; Council on Foreign Relations

AP, Reuters, Al Jazeera , AFP

+ Daily Telegraph, The Guardian

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ