ABN-ကျော်ဇံ
အိမ်တွင်းမှာ နေထိုင်ကြတဲ့ အာဖဂန် မိန်းကလေးတွေနဲ့ အမျိုးသမီးတွေဆီကို ရောက်နိုင်ဖို့ ကြိုးစားနေကြတဲ့ ပညာရေးအဖွဲ့အစည်းတွေပိုမို များပြားလာပါတယ်။ အဲဒီလိုကျောင်းများစွာထဲက တစ်ခုဖြစ်တဲ့ ကျောင်းတစ်ကျောင်း ကနေဖွင့်တဲ့ အွန်လိုင်း အင်္ဂလိပ်စာ သင်တန်းတစ်ခုကို တက်ဖို့ ကဘူးလ်မြို့မှာ နေတဲ့ ဆိုဖီယာ ဟာ စာသင်ခန်းကို ရောက်ဖို့ လက်ပ်တော့ထဲကနေ လော့အင်လုပ်ကာ ဝင်ရောက်လိုက်ပါတယ်။
ဆရာဖြစ်သူက စာပိုဒ်တစ်ပိုဒ်ကို ဖတ်ပြဖို့ ပြောတဲ့အခါမှာတော့ သူမရဲ့ ကွန်ပျူတာမျက်နှာပြင်က တုံ့ဆိုင်းသွားပါတော့တယ်။
“ကျွန်မပြောတာ ကြားရရဲ့လား” ဆိုပြီး အင်တာနက် လိုင်းကိုကြည့်ပြီး ထပ်ခါတလဲလဲ မေးနေပါတယ်။ ခနနေတော ကွန်ပျူတာ ပုံမှန်ဖြစ်လာပါတယ်။
“အမြဲတမ်း ဒီလိုချည်းပဲ” လို့ သူ့လိုသင်တန်းတက်နေတဲ့ ကျောင်းသူတစ်ယောက်ကလည်း အတန်းပြန်စတဲ့အချိန် အင်တာနက် လိုင်းမကောင်းတာကို စိတ်ပျက်ပြီး သက်ပြင်းချနေပါတယ်။
တာလီဘန်အစိုးရရဲ့ စာသင်ကြားတာ၊ အလုပ်လုပ်တာတွေနဲ့ ပတ်သက်ပြီး တားမြစ်ချက်တွေကို ကျော်လွားဖို့ ရုန်းကန်နေကြရတဲ့အချိန်မှာ အသက် ၂၂ နှစ်အရွယ် ဆိုဖီယာဟာလည်း တစ်စတစ်စနဲ့ အွင်လိုင်းသုံးလာကြတဲ့ အာဖဂန်မိန်းကလေးတွေနဲ့ အမျိုးသမီးတွေထဲက တစ်ဦးပဲဖြစ်ပါတယ်။
တာလီဘန် အစိုးရအရာရှိတွေဟာ အစ္စလာမ်အဝတ်အစားနဲ့ဆိုင်တဲ့ ကိစ္စတွေအပါအဝင် တချို့ကိစ္စတွေကို ပြဿနာလို့ ပြောနေတာတွေရှိပြီး မိန်းကလေးတွေ တက်လို့ရတဲ့ အထက်တန်းကျောင်းတွေကို ပိတ်၊ မိန်းကလေးတွေ ကို တက္ကသိုလ် တက်ရောက်ခွင့် မရအောင် ကန့်သတ်ပြီး အမျိုးသမီးအများစုကို အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေမှာ အလုပ်လုပ်လို့ မရအောင် တားမြစ်ထားပါတယ်။
တာလီဘန်တွေ ပထမဆုံးအာဏာရလာတဲ့ ၁၉၉၆ကနေ ၂၀၀၁ ခုနှစ်အတွင်းမှာ အကြီးမားဆုံး အပြောင်းအလဲတွေထဲက တစ်ခုကတော့ အင်တာနက် ပေါ်ပေါက်လာတာပဲ ဖြစ်ပါတယ်။
၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ အမေရိကန်ကို တိုက်ခိုက်တဲ့ တိုက်ခိုက်မှုအပြီး တာလီဘန်တွေ အာဏာကနေ ဖြုတ်ချခံရတဲ့ အချိန် လူတွေအားလုံးနီးပါး ဘယ်သူမှ အင်တာနက်ကို မသုံးရပါဘူး။
အနောက်တိုင်းဦးဆောင်တဲ့ ကြားဝင်စွက်ဖက်မှုနဲ့ ကမ္ဘာကြီးနဲ့ထိတွေ့လာရတဲ့ ဆယ်စုနှစ် နှစ်ခုအကြာမှာတော့ လူဦးရေ ၁၈ ရာခိုင်နှုန်းဟာ အင်တာနက်သုံးခွင့်ရလာတယ်လို့ ကမ္ဘာ့ဘဏ်က ဆိုထားပါတယ်။
တာလီဘန်အစိုးရဟာ မိန်းကလေးတွေကို မိမိအိမ်မှာနေပြီး စာသင်ဖို့ ခွင့်ပြုထားပြီး အင်တာနက်ကို ပိတ်ပင်တာတော့ မလုပ်ထားပါဘူး။ အစိုးရအာဏာပိုင်တွေဟာ တရားဝင် ကြေငြာချက်တွေ ထုတ်ပြန်ဖို့ လူမှုကွန်ယက်ကို အသုံးပြုတာတွေ ရှိပါတယ်။
တနိုင်ငံလုံး လူဦးရေ ၉၇ ရာခိုင်နှုန်း ဆင်းဆင်းရဲရဲနဲ့ နေရတဲ့ နိုင်ငံမှာ ကွန်ပျူတာ၊ ဝိုင်ဖိုင်စျေးတွေကို အသာထား၊ လျှပ်စစ်ပြတ်တောက်တာတွေ၊ အင်တာနက် လုံးဝနှေးကွေးတာတွေ စတဲ့ ပြဿနာပေါင်း တစ်သောင်းခြောက်ထောင်ကို မိန်းကလေးတွေ၊ အမျိုးသမီးတွေ ရင်ဆိုင်ကြုံတွေ့နေကြရတာပါ။
“အာဖဂန်မှာ နေကြတဲ့ မိန်းကလေးတွေအတွက်တော့ အင်တာနက်က လုံးဝ သုံးစားမရ ဆိုးရွားနေတာပါ” လို့ ဆိုဖီယာ က ပြောပါတယ်။
ဆိုဖီယာ တက်ရောက်နေတဲ့ Rumi Academy အွန်လိုင်းကျောင်းကတော့ ကျောင်းတက်ဖို့ စာရင်းသွင်းတဲ့ သူအများစုဟာ အမျိုးသမီးတွေ ဖြစ်ပြီး ၂၀၂၁ တာလီဘန်တွေ အာဏာသိမ်းပြီးနောက် ကျောင်းသူအရေအတွက် ၅၀ နီးပါးကနေ ၅၀၀ ကျော်အထိ များလာတယ် လို့ ဆိုပါတယ်။
အဲဒီကျောင်းမှာ ထပ်မံပြီးတော့ လျှောက်ထားတဲ့လူ ရာချီပြီး ရှိပေမယ့် ကျောင်းဆရာ၊ဆရာမတွေ၊ လိုအပ်တဲ့ ပစ္စည်းပစ္စယတွေနဲ့ အင်တာနက်ဖိုး ရံပုံငွေမရှိတာရယ်ကြောင့် ကျောင်းလက်မခံနိုင်ဘူးလို့ အဲဒီကျောင်းရဲ့ တာဝန်တစ်ဦးက ပြောပါတယ်။
“အရမ်းခက်ခဲပါတယ်”
ဆကီနာ နာဇရီ ဟာ ဒီဇင်ဘာလမှာ တက္ကသိုလ်က ထွက်ခဲ့ရပြီးတဲ့နောက် ကဘူးလ်မြို့ အနောက်ပိုင်းမှာ ရှိတဲ့ သူ့အိမ်ကနေ အွန်လိုင်း ဘာသာစကားသင်တန်းတစ်ခုကို တက်ရောက်ဖို့ တစ်ပတ်လောက် ကြိုးစားခဲ့ပါတယ်။ ပြဿနာ တစ်ပုံတစ်ခေါင်းနဲ့ နပန်းလုံးပြီးတဲ့နောက် စိတ်ပျက်လက်ပျက်နဲ့ပဲ လက်လျော့လိုက်ပါတော့တယ်။
“ကျွန်မ အင်တာနက်ရအောင် ဆက်မလုပ်နိုင်ခဲ့ဘူး၊ အာဖဂန်မှာ အင်တာနက်ရဖို့ အရမ်းခက်ခဲပါတယ်။ တခါတလေဆိုရင် ၂၄ နာရီမှာ မီးလာတဲ့အချိန်က နာရီဝက်ပဲ ရှိပါတယ်” လို့ နာဇရီက ဆိုပါတယ်။
ကမ္ဘာ့အင်တာနက် နှုန်းကို တွက်ချက်ပေးတဲ့ ဆီယာတယ် အခြေစိုက် Ookla က အာဖဂန်နိုင်ငံရဲ့ မိုဘိုင်း အင်တာနက်ဟာ နိုင်ငံပေါင်း ၁၃၇ နိုင်ငံမှာ အနှေးဆုံးဖြစ်ပြီး ပုံသေ အင်တာနက် ဟာ နိုင်ငံပေါင်း ၁၈၀ နိုင်ငံမှာ ဒုတိယ အနှေးဆုံး လို့ သတ်မှတ်ထားပါတယ်။
အာဖဂန်နိုင်ငံသူ၊ နိုင်ငံသားတစ်ချို့ဟာ SpaceX ညွန်ကြားရေးမှူးချုပ် အီလွန်မတ်စ်ကို ယူကရိန်းနဲ့ အီရန်မှာ လုပ်ပေးသလိုမျိုး အာဖဂန်နိုင်ငံအတွက် Starlink ဂြိုလ်တုဝန်ဆောင်မှုပေးဖို့ သူပိုင်တဲ့ တွစ်တာပေါ်မှာ ပိုစ့်တွေတင်ပြီး အကူအညီတောင်းခံတာတွေ ရှိနေပါတယ်။
“ကျွန်မတို့ကို ကူညီဖို့ အီလွန်မတ် ကို တောင်းဆိုပါတယ်” လို့ ဆိုဖီယာက ပြောပါတယ်။ “တကယ်လို့ သူတို့သာ အာဖဂန်အတွက် အင်တာနက်ရအောင် လုပ်ပေးနိုင်ရန် အမျိုးသမီးတွေအတွက် အရမ်းအကျိုးများမှာ ဖြစ်တယ်” လို့ ဆိုပါတယ်။
SpaceX ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်တွေက တော့ ဒီလိုတောင်းဆိုမှုတွေနဲ့ဆိုင်တဲ့ သဘောထားတွေကို တုံ့ပြန်တာတွေတော့ မရှိသေးပါဘူး။
အွန်လိုင်းစာသင်ကျောင်းတွေဟာ အာဖဂန်နိုင်ငံက စာသင်သားတွေကို အတတ်နိုင်ဆုံး နေရာချပေးနိုင်ဖို့ တတ်နိုင်သမျှ အကောင်းဆုံးကြိုးစားနေကြပါတယ်။
တာလီဘန်တွေ အာဏာသိမ်းယူပြီးကတည်းက အာဖဂန် မိန်းကလေးနဲ့ အမျိုးသမီး အရေအတွက် လျောက်ထားသူ ၁၅,၀၀၀ ကျော်ရှိခဲ့တဲ့ အွန်လိုင်းတက္ကသိုလ်တစ်ခုဖြစ်တဲ့ University of the People ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Daniel Kalmanson က ကျောင်းသူ၊ ကျောင်းသားတွေဟာ ဘယ်လိုအချိန်မှာမဆို သင်ခန်းစာတွေကို သင်ယူလို့ရတဲ့ အခြေအနေမျိုးကို ခွင့်ပြုထားပြီး ကျောင်းသူ၊ ကျောင်းသားတွေ အင်တာနက်လိုင်းမကောင်းတဲ့ အခြေအနေတွေ ကြုံတွေ့ရတဲ့အချိန်မျိုးမှာ ဆရာ၊ဆရာမတွေဟာ အိမ်စာတွေ၊ စာမေးပွဲတွေအတွက် အချိန်တိုးပေးတာတွေ ရှိတယ် လို့ ဆိုပါတယ်။
ဒေသအခြေပြု ကျောင်း လေးငါးကျောင်းဖွင့်ထားတဲ့ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်း Learn Afghanistan မှာ တချို့ဆရာတွေဟာ အတန်းတွေကို သီးခြားစီ လည်ပတ်ကြပြီး အာဖဂန် အဓိက ရုံးသုံးဘာသာစကားနဲ့ရေးထားတဲ့ သူတို့ရဲ့ သင်ရိုးညွန်းတမ်းကို အခမဲ့ရယူနိုင်အောင် ဖန်တီးထားတယ် လို့ဆိုပါတယ်။
ညွန်ကြားရေးမှူးချုပ် Pashtana Durrani ကတော့ သူတို့ရဲ့အဖွဲ့အစည်းဟာ သင်ခန်းစာတွေကို ရေဒီယိုက တဆင့်သင်ကြားနိုင်ငံစီမံထားပြီး ဝေးလံခေါင်ဖျားဒေသတွေမှာ အသုံးများတယ်လို့ဆိုပါတယ်။ သူမအနေနဲ့ အင်တာနက်ဆိုးရွားတဲ့ ပြဿနာကို နိုင်ငံတကာ ကုမ္ပဏီ အဖွဲ့အစည်းတွေနဲ့ လုပ်ဆောင်နေတာတွေရှိပေမယ့် အဆင်မပြေနိုင်သေးဘူးလို့ ပြောပါတယ်။
“အာဖဂန်ဟာ ဒီဂျစ်တယ် ပစ္စည်းတွေ ပေါများပြီး အင်တာနက် ကောင်းမွန်တဲ့ နိုင်ငံတစ်ခု ဖြစ်ဖို့ လိုအပ်ပါတယ်” လို့ Durrani က ဆိုပါတယ်။
အာဖဂန်အမျိုးသမီးတွေဟာ စစ်ဖြစ်ခဲ့တဲ့ ကာလတွေအတွင်း ကြုံတွေ့ရတဲ့ ပြဿနာတွေနဲ့ အသားကျနေပါပြီ၊ ဘာပဲဖြစ်ဖြစ် ခါးစည်းခံပြီး ရအောင် ကျော်ဖြတ်ကြတာပါပဲ၊ ကျွန်မတို့မှာ အိပ်မက်တွေရှိပါတယ်၊ ဘယ်တော့မှ ကျွန်မတို့ အရှုံးပေး လက်မြှောက်သွားမှာ မဟုတ်ပါဘူး” လို့ ဆိုဖီယာက ပြောပြပါတယ်။
Reuters သတင်းပါ Charlotte Greenfield and Mohammad Yunus Yawar တို့၏ Afghan girls struggle with poor internet as they turn to online classes ကို ကျော်ဇံ ဘာသာပြန်သည်။