AB News – မတ် ၁၈၊ ၂၀၂၅
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အကြမ်းဖက်အဖွဲ့ ARSA ခေါင်းဆောင် အာတာအူလာ အပါအဝင် အဖွဲ့ဝင် ၅ ဦးကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက မတ်လ ၁၇ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းဌာနများက ဖော်ပြသည်။
ဖမ်းဆီးခံရသူများမှာ ARSA ခေါင်းဆောင် အာတာအူလာ (Ataullah)၊ မော့စတက် အာမက် (Mostaq Ahmed)၊ ဆလင်မူလာ (Salimullah)၊ မိုဟာမက် အက်စ်မတ်တူလာ (Md. Asmatullah) နှင့် ဟာဆန် (Hasan) တို့ဖြစ်သည်။
ARSA ခေါင်းဆောင် အာတာအူလာသည် ရက္ခိုင်ပြည်၊ မောင်တောဒေသမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်ရှိ မူဆလင်ဒုက္ခသည်စခန်းများသို့ လာရောက်စဉ် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကော့ဘဇားခရိုင်၊ အုခိယမြို့နယ်ရှိ ဒုက္ခသည်စခန်းတစ်ခုတွင် RSO အဖွဲ့ဝင်တစ်ဦးကို ARSA အဖွဲ့က တူဖြင့်ရိုက်သတ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် မတ်လ ၄ ရက် ည ၈ နာရီခန့်တွင် ကော့ဘဇားခရိုင်၊ အုခိယမြို့နယ်ရှိ ဒုက္ခသည်စခန်းတစ်ခု၌ စခန်းခေါင်းဆောင်တစ်ဦး ပစ်သတ်ခံခဲ့ရသည်။
မတ်လ ၈ ရက်တွင်လည်း အုခိယဒုက္ခသည်စခန်း၌ လက်နက်ကိုင်အဖွဲ့နှစ်ခုကြား ပစ်ခတ်မှုဖြစ်ပွားရာ ဒုက္ခသည်အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။
မတ်လ ၆ ရက်တွင် အမည်မသိအဖွဲ့တစ်ဖွဲ့က စခန်းအမှတ် ၂၀ မှ စခန်းခေါင်းဆောင် မိုဟာမက်နာဆိုသူကို သတ်ဖြတ်ခဲ့သည်။
ARSA နှင့် RSO အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များသည် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းများ၌ အပြစ်မဲ့မူဆလင် ၂၁၇ ဦးကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။