
AB News – သြဂုတ် ၂၄၊ ၂၀၂၅
ဒေဝီ
ဩဂုတ် ၂၂ ရက် နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်ရှိ စစ်ကော်မရှင်၏ ဖောင်စိန်စစ်ဆေးရေးဂိတ်ကို ရာမညမွန်တပ်တော် (RMA) က ၁၅ မိနစ်ကြာ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကြောင့် စစ်ကော်မရှင်တပ်ဘက်မှ တပ်သားတစ်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့ကာ RMA တပ်ဖွဲ့ဝင်များမှာမူ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း RMA က ထုတ်ပြန်ခဲ့သည်။
သံဖြူဇရပ်မြို့သည် မုဒုံမြို့နယ်နှင့် ဆက်စပ်နေပြီး ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့နှင့်လည်း နီးစပ်သည့်အတွက် မဟာမိတ်အဖွဲ့များ လှုပ်ရှားလေ့ရှိသော ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင် တည်ရှိကြောင်း သိရသည်။
ထို့ကြောင့် စစ်ကော်မရှင်ကလည်း လမ်းကြောင်းထိန်းချုပ်ရန် စစ်ဆေးရေးဂိတ်များ ချထားခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။
မွန်လူမျိုးတို့၏ မူလအခွင့်အရေးနှင့် နယ်မြေထိန်းသိမ်းရေးအတွက် ၂၀၂၂ ခုနှစ်တွင် ပေါ်ပေါက်လာသည့် RMA သည် မွန်ပြည်နယ်အတွင်း စစ်ကော်မရှင်၏ နယ်မြေထိန်းချုပ်မှုကို ချိုးဖောက်ရန် လှုပ်ရှားလျက်ရှိသည်။