AB News – ဇန်နဝါရီ ၂၁၊ ၂၀၂၆
ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးကို လုပ်ကြံသတ်ဖြတ်ခဲ့သူအား ထောင်ဒဏ်တစ်သက်ချမှတ်လိုက်ကြောင်း ဂျပန်ရုပ်သံလိုင်း NHK မှ ယနေ့ ဇန်နဝါရီ ၂၁ ရက်နေ့က ထုတ်လွှင်ခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့ နာရာမြို့၌ ကျင်းပသော အောက်လွှတ်တော်ရွေးကောက်ပွဲတွင် မဲဆွယ်စည်းရုံးရေးမိန့်ခွန်းပြောကြားနေသော ဝန်ကြီးချုပ်ဟောင်း အာဘေးကို ဂျပန်ရေတပ် တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သူ တက်ဆုယာ ယာမာဂါမီ ဆိုသူက လက်လုပ်သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ယာမာဂါမီကို အခင်းဖြစ်ပွားရာနေရာ၌ပင် ဖမ်းဆီးရမိခဲ့ပြီး လူသတ်မှုနှင့် တရားမဝင်လက်နက်ကိုင်ဆောင်မှုစွဲချက်များဖြင့် အမှုဖွင့်တရားစွဲဆိုထားခြင်းဖြစ်သည်။
ဝန်ကြီးချုပ်ဟောင်း အာဘေးသည် ကျန်းမာရေးအခြေအနေများကြောင့် ၂၀၂၀ ခုနှစ်ကတည်းက ဝန်ကြီးချုပ်နေရာမှ နုတ်ထွက်ခဲ့ခြင်းဖြစ်သော်လည်း နိုင်ငံရေးတွင် တက်ကြွစွာပါဝင်နေသူတစ်ဦးဖြစ်သည့်အပြင် ဂျပန်နိုင်ငံ၏ သမိုင်းတွင် သက်တမ်းအရှည်ဆုံးနှင့် ဩဇာအရှိဆုံး ဝန်ကြီးဖြစ်သည်။

