သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
လူသားချင်းစာနာမှု အကူအညီများပေးရန် ရက္ခိုင်ပြည်သို့ စင်္ကြံလမ်းစီမံကိန်းကို ဘင်္ဂလားဒေ့ရှ်အစိုးရငြင်းပယ်

AB News – မေ ၂၃ ၊၂၀၂၅

ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုဖြတ်၍ ရက္ခိုင်ပြည်နယ်သို့ လူသားချင်းစာနာမှု အကူအညီများပေးရန် ရည်ရွယ်ထားသော စင်္ကြံလမ်းစီမံကိန်းကို ဘင်္ဂလားဒေ့ရှ်အစိုးရက ယခုအချိန်တွင် ငြင်းပယ်လိုက်သည်ဟု india Today သတင်းတွင် ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့ပိုင်း စစ်တကောင်းဒေသမှစတင်မည့် အဆိုပါ စင်္ကြံလမ်းသည် မြန်မာနိုင်ငံ ရက္ခိုင်ပြည်နယ် ဒေသရှိ အရပ်သားများထံ အကူအညီများ ပေးပို့ရန် ရည်ရွယ်သည့် စီမံကိန်းဖြစ်သည်။

အဆိုပါ စင်္ကြံလမ်း စီမံကိန်းအပေါ် ဘင်္ဂလားဒေ့ရှ် စစ်ဦးစီးချုပ် Waker-Uz-Zaman (ဝါကာ-အူဇ်-ဇာမန်) က “သွေးစွန်း စင်္ကြံလမ်း” ဟု ရည်ညွှန်းထားပြီး ဘင်္ဂလားဒေ့ရှ် အချုပ်အချာအာဏာကို ထိခိုက်စေလိမ့်မည်ဟု အပြင်းအထန်ဝေဖန်ပြီးနောက် ယူနွတ်စ် ဦးဆောင်သော ကြားဖြတ်အစိုးရက စီမံကိန်းကို ငြင်းပယ်လိုက်ခြင်းဖြစ်သည်။

“ဘင်္ဂလားဒေ့ရှ်စစ်တပ်သည် အချုပ်အခြာအာဏာကို ထိခိုက်စေမည့် မည်သည့်လုပ်ဆောင်မှုတွင်မျှ ပါဝင်မည်မဟုတ်ပါ။ မည်သူတစ်ဦးတစ်ယောက်ကိုမျှလည်း ထိုသို့လုပ်ဆောင်ရန် ခွင့်ပြုမည်မဟုတ်ပါ” ဟု ဝါကာ-အူဇ်-ဇာမန်က ပြောသည်။

ပြီးခဲ့သည့် မတ်လအတွင်းက ကုလ အထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres ဘင်္ဂလားဒေ့ရှ်ရောက်စဥ် အဆိုပါ စင်္ကြံလမ်းစံမံကိန်းလမ်းဖောက်ရန် အဆိုပြုခဲ့သည်။

ယင်းနောက် ဧပြီလ ၂၇ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးရာ အကြံပေး Touhid Hossain က ထိုစင်္ကြံလမ်းစီမံကိန်းလုပ်ရန် မူအားဖြင့် သဘောတူခဲ့သည်ဟု ကြေညာခဲ့သည်။

သို့သော် ထိုစီမံကိန်းနှင့် ပတ်သက်၍ အမြင်အမျိုးမျိုး ပေါ်ပေါက်လာပြီး လူသားချင်းစာနာမှု အကူအညီများကို အကြောင်းပြ၍ နိုင်ငံခြားဩဇာသက်ရောက်ရန် အသုံးချနိုင်ကြောင်း၊ ထိုစင်္ကြံလမ်းသည် စစ်ဘက်ထောက်ပံ့ပို့ဆောင်ရေး သို့မဟုတ် ထောက်လှမ်းရေးအတွက် လမ်းကြောင်းတစ်ခုအဖြစ် အသုံးပြုနိုင်ကြောင်း ဒါကာအခြေစိုက် Dhaka Tribune ဆောင်းပါး တစ်ပုဒ်တွင် ဖော်ပြထားသည်။

စင်္ကြံလမ်းစီမံကိန်းကို ခွင့်ပြုလိုက်သည့် ကြားဖြတ်အစိုးရ၏ ဆုံးဖြတ်ချက်သည် ဒီမိုကရေစီမဆန်ဘဲ ပြည်သူလူထုနှင့် နိုင်ငံရေးပါတီများ၏ သဘောထားကို နောက်ပို့လိုက်ခြင်းဖြစ်သည်ဟု ဝန်ကြီးချုပ်ဟောင်း ခါလေဒါဇီယာ၏သားဖြစ်သူ ရာမာန် (Rahman) က ဝေဖန်သည်။

နိုင်ငံခြားသားများ၏ အကျိုးစီးပွားအတွက်မဟုတ်ဘဲ မိမိနိုင်ငံသူ နိုင်ငံသားများ၏ အကျိုးကိုသာ ဦးစားပေးရမည်၊ ယခု စီမံကိန်းကို ပြည်သူကို ကိုယ်စားပြုသော ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် လွှတ်တော်ကသာ ဆုံးဖြတ်သင့်သည်ဟုလည်း ရာမာန် (Rahman) ကဆိုသည်။

ထိုသို့ဝေဖန်မှုများ ပေါ်ပေါက်လာပြီးနောက် ဘင်္ဂလားဒေ့ရှ် အမျိုးသားလုံခြုံရေးအကြံပေး ခါလီလူရ် ရာမာန် (Khalilur Rahman) က ဘင်္ဂလားဒေ့ရှ် အစိုးရသည် မည်သည့်အဖွဲ့အစည်းနှင့်မျှ အဆိုပါစင်္ကြံလမ်းကို ဆွေးနွေးခဲ့ခြင်းမရှိသလို နောင်တွင်လည်း ဆွေးနွေးမည်မဟုတ်ဟု ထုတ်ဖော် ပြောဆိုခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မူဆလင်ဒုက္ခသည် ၁.၂ သန်းခန့်ကို လက်ခံထားပြီး ၂၀၂၄ ခုနှစ်အတွင်း Cox’s Bazar ဒုက္ခသည်စခန်း​၌ ၁,၁၈,၀၀၀ ဦး အခြေချနေထိုင်နေသည်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ