သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
လူမြင်ကွင်းမှ ပျောက်နေသည့် စစ်ခေါင်းဆောင်၊ ရုရှား လုံခြုံရေးကောင်စီ အတွင်းရေးမှူးနှင့် မတွေ့ဆုံ

AB News – ဖေဖော်ရီ ၃၊ ၂၀၂၅

လူမြင်ကွင်း၌ ပျောက်နေဆဲဖြစ်သော စစ်ခေါင်းဆောင်သည် နေပြည်တော်သို့ ရောက်ရှိလာသည့် ရုရှားနိုင်ငံ လုံခြုံရေးကောင်စီ အတွင်းရေးမှူး ဆာဂေး ရွှိုင်ဂူနှင့် တွေ့ဆုံခဲ့ခြင်း မရှိကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂ ရက်နေ့တွင် နေပြည်တော်သို့ ရောက်ရှိလာသည့် ဆာဂေး ရွှိုင်ဂူအား လူမြင်ကွင်းမှ တစ်ပတ်ကျော် ပျောက်ကွယ်နေသည့် စစ်ခေါင်းဆောင်အစား သမ္မတရုံးဝန်ကြီးဌာန (၁) ဝန်ကြီး ဦးတင်အောင်ဆန်းက လက်ခံတွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတကာအဆင့် အကြီးအကဲများနှင့် သံတမန်များ လာရောက်သည့်အခါတိုင်း စစ်ခေါင်းဆောင်ကိုယ်တိုင် တွေ့ဆုံလေ့ရှိသော်လည်း ယခုအကြိမ်တွင် ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူးနှင့် မတွေ့ဆုံခဲ့ခြင်းသည် ထူးခြားသည့် အခြေအနေတစ်ရပ်အဖြစ် သတင်းရင်းမြစ်များက သုံးသပ်ထားသည်။

နေပြည်တော်၌ ကျင်းပသည့် အခမ်းအနားများတွင် အခြား အကြီးတန်း အရာရှိများသာ တက်ရောက်နေသည်ကို တွေ့ရပြီး ကြည်း၊ ရေ၊ လေ ပူးပေါင်းကျင်းပသည့် ထမနဲပွဲ အပါအဝင် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများတွင်လည်း စစ်ခေါင်းဆောင်နှင့် ဒုစစ်ခေါင်းဆောင်တို့ကို မတွေ့ရကြောင်း သိရသည်။

စစ်ခေါင်းဆောင်နှင့် ဒု-စစ်ခေါင်းဆောင်တို့သည် လူမြင်ကွင်းမှ ၇ ရက်ကျော် ပျောက်ကွယ်နေပြီး အာဏာသိမ်းပြီးနောက် ခြောက်လတစ်ကြိမ် ပုံမှန်ကျင်းပလေ့ရှိသည့် အစည်းအဝေးကို အာဏာသိမ်း ၅ နှစ်ပြည့်ကာလတွင် မကျင်းပနိုင်ခဲ့ကြောင်း နိုင်ငံရေးအခြေအနေ လေ့လာသုံးသပ်သူများက သုံးသပ်ထားသည်။

ထို့အပြင် ဖေဖော်ဝါရီ ၂ ရက်တွင် ရုရှားဖယ်ဒရေးရှင်း ဒု-ကာကွယ်ရေးဝန်ကြီးနှင့် အဖွဲ့ဝင်များလည်း နေပြည်တော်သို့ လာရောက်ခဲ့ကြောင်း သိရသည်။

စစ်ခေါင်းဆောင်၏ လူမြင်ကွင်းမှ ပျောက်ကွယ်မှုသည် ဇန်နဝါရီလ ၂၆ ရက်နေ့က နေပြည်တော်တွင် ထိုင်းသံအမတ်နှင့် တွေ့ဆုံပြီးနောက် ဖြစ်လာခြင်းဖြစ်သည်။

ဇန်နဝါရီလ ၂၇ ရက်နေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ စစ်ခေါင်းဆောင် ရောက်ရှိနေစဉ် Brave Warriors for Myanmar (BWM) အဖွဲ့၏ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံခဲ့ရပြီးနောက် လူမြင်ကွင်း၌ ယနေ့အထိ ပေါ်ထွက်လာခြင်းမရှိကြောင်း သတင်းများအရ သိရသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်ပြီး တစ်နေ့တည်းတွင် သန်လျင် ရေတပ်စခန်းဌာနချုပ်၌ ကျင်းပသည့် ရေတပ်ဗိုလ်လောင်း သင်တန်းဆင်းပွဲတွင် စစ်ခေါင်းဆောင်ကိုယ်စား ဗိုလ်ချုပ်ကြီး ထိန်ဝင်းက မိန့်ခွန်း ပြောဆိုခဲ့သည်။

သို့သော် အာဏာသိမ်းပြီး ကာလအတွင်း စစ်ခေါင်းဆောင်နှင့် ဒု-စစ်ခေါင်းဆောင်တို့သည် လူမြင်ကွင်းမှ မကြာခဏ ပျောက်ကွယ်လေ့ရှိသဖြင့် ထူးခြားမှု မရှိဟု သုံးသပ်နေသူများလည်း ရှိကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ