AB News-ဖေဖော်ဝါရီ ၂၆၊ ၂၀၂၅
ကချင်ပြည်နယ်၊ လိုင်ဇာအနီး ဂျဲယန်စစ်ရှောင်စခန်းမှ ကလေးငယ် ၃ ဦး ရက်စက်စွာ ပြန်ပေးဆွဲ သတ်ဖြတ်ခံရကြောင်း သိရသည်။
လူသတ်သမားသည် မိန်းကလေးငယ် ၂ ဦး ကို ကျောက်တုံးဖြင့်ပူးချည်ပြီး ရေချောင်းထဲ နှစ်၍သတ်ကာ အခြားတစ်ဦးကို ကြိုးဖြင့် ဆွဲပြီး သတ်ထားကြောင်း သိရသည်။
ပြစ်မှု ကျူးလွန်သည်ဟု သံသယရှိသူမှာ ဂျဲယန် ရပ်ကွက် ၅ မှ အသက် ၂၅ နှစ် အရွယ် အုန်းဆောင်းဝ်ဒွဲအောင် ဖြစ်ပြီး ၎င်းနှင့် ပူးပေါင်းသူများ ရှိသေးသော်လည်း လက်ရှိတွင် တစ်ယောက်ထဲသတ်လိုက်ခြင်းဖြစ်ကြောင်းသာ ဝန်ခံထားပြီး နောက်ဆက်တွဲ စစ်ဆေးမှုများ ပြုလုပ်နေဆဲဖြစ်ကြောင်း သိရသည်။
ကလေးပျောက်ဆုံးကြောင်း လိုင်းပေါ်တင်လိုက်သည့်အခါ ထိုကလေးများ၏ ဆရာမဆီသို့ WeChat အကောင့်အသစ်တခုဖြင့် add လာပြီး ကလေးများကို တောထဲတွင် ကြိုးတုပ်ထားသည့် ပုံများ ပို့လာပြီးနောက် တရုတ်ယွမ် ၃ သိန်းဖြင့် လာရောက် ရွေးယူရန် ပြောရာမှ WeChat ကို ခြေရာခံလိုက်၍ တရားခံကို မိခြင်းဖြစ်ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် အဆိုပါ ပြစ်မှုကျူးလွန် သံသယရှိသူမှာ ကလေး ၃ ယောက်အား သတ်ပြီး ထွက်ပြေးရန် ကြိုးပမ်းနေစဉ် KIA ရဲများက ဖမ်းဆီးမိခဲ့သည်ဟုသိရသည်။
သတ်ဖြတ်ခံရသည့် ကလေး ၃ ဦးသည် ဂျဲယန် စစ်ရှောင်စခန်းမှ အသက် ၁၀ နှစ်အရွယ် မနန်းဇိန်းဂျီးဆန်မိုင်၊ မလထော်ရွယ်ဂျီနှင့် အသက် ၁၁ နှစ်အရွယ် မဖော်ယမ်ဆွတ်ဆိုင်းအိန်တို့ ဖြစ်ပြီး ဖေဖော်ဝါရီ ၂၂ ရက်နေ့က လမ်းလျှောက်ထွက်လည်သည့်အချိန်တွင် ပျောက်ဆုံးသွားခဲ့ကြောင်းသိရသည်။