Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
လစ်ဗျားနိုင်ငံတွင် Danielမုန်တိုင်းတိုက်ခတ်ပြီး ရေကြီးရေလျှံမှုဖြစ်ပွားကာ မြေပြိုကျမှုတို့ကြောင့် လူ၅၁၀၀ကျော် သေဆုံးပြီး ၉၀၀၀ ပျောက်နေ

ABN-နွယ်စိုး

စက်တင်ဘာ ၁၄ ရက်

အနောက်အာဖရိကတိုက်ရှိ လစ်ဗျားနိုင်ငံတွင်စက်တင်ဘာလ ၁၀ ရက်နေ့ က Danielမုန်တိုင်းတိုက်ခတ်ပြီး အပြင်းအထန်ရေကြီးမှုကြောင့် လူပေါင်း ၅၁၀၀ ကျော် သေဆုံးခဲ့ပြီး နောက်ထပ် ၉၀၀၀ပျောက်ဆုံးနေကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

ပျောက်ဆုံးနေသူများမှာ ပင်လယ်ထဲမျောပါသွားသည် သို့မဟုတ် အပျက်အစီးပုံများကြားအောက်မှာ ပိတ်မိနေခြင်းဖြစ်နိုင်သည်ဟု အာဏာပိုင်များက ပြောကြားထားသည်။

ကုလသမဂ္ဂ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း IOM၏ ထုတ်ပြန်ချက်အရ လစ်ဗျားအရှေ့ပိုင်းရှိ Dernaမြို့တွင် ရေကြီးရေလျှံမှုကြောင့် လူပေါင်း ၃၀,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း ဖော်ပြထားသည်။

ပျက်စီးမှု အများအပြားဖြစ်ခဲ့သည့် ဒါနာ (Derna) တွင် အနည်းဆုံး လူ ၃၀,၀၀၀ စွန့်ခွာခဲ့ရပြီး ဘန်ဂါဇီအပါအဝင် အခြားဒေသများကနေလည်း လူပေါင်း ထောင်နှင့်ချီ ပြောင်းရွှေ့နေထိုင်ခဲ့ရကြောင်းနှင့်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း IOM၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒယ်နီရဲလ် (Daniel) ဟု အမည်ပေးထားသည့် မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းအပြင် ဒါနာမြို့၏အထက်ဘက်က ဆည်နှစ်ခုပြိုကျခဲ့ခြင်းကြောင့် ရေလွှမ်းမိုးခြင်းများဖြစ်ပေါ်စေခဲ့ကာ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရေဘေးသင့်မှုကြောင့် အမှန်တကယ် သေဆုံးသူဦးရေအတိအကျကို အတည်ပြုရန် ခက်ခဲနေ၍ သေဆုံးသူအရေအတွက်မှာ နောက်ထပ်လည်းတိုးလာနိုင်ဖွယ်ရှိကြောင်း တာဝန်ရှိသူများက ထုတ်ပြန်ထားသည်။

လစ်ဗျားအရှေ့ပိုင်းကို အုပ်ချုပ်နေသည့် အရပ်ဘက်လေကြောင်းဆိုင်ရာဝန်ကြီး Hichem Abu Chkiouat က ဒါနာမှာ အလောင်းပေါင်း ၅,၃၀၀ ကျော် တွေ့ရှိထားသည်ဟု ပြောကြားခဲ့သည်။

မုန်တိုင်း Daniel တိုက်ခတ်မှုကြောင့် တနင်္ဂနွေနေ့က လစ်ဗျား အရှေ့ပိုင်းရှိ မြို့အများအပြားတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သော်လည်း အဆိုးရွားဆုံး ထိခိုက်မှုမှာ Derna မြို့ဖြစ်ခဲ့သည်။

သေဆုံးမှုအများဆုံးဖြစ်ပွားခဲ့သော လစ်ဗျားနိုင်ငံ၏ Dernaမြို့မှ ရုပ်အလောင်းများကို ရှာဖွေရန် ဗုဒ္ဓဟူးနေ့က ကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် ပြိုကျနေသောလမ်းများ၊ ပျက်စီးနေသော အဆောက်အအုံများနှင့် ပင်လယ်ပြင်တို့ကိုဖြတ်ပြီး ကယ်ဆယ်ရေးများဆောင်ရွက်နိုင်ခဲ့ကြသော်လည်း ထောင်နှင့်ချီသောလူများ ပျောက်ဆုံးနေဆဲဖြစ်ပြီး သောင်းနှင့်ချီသည့်လူများအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်းအကူအညီပေးရေးဝန်ထမ်းတစ်ဦးက ပြောကြားသည်။

“အလောင်းတွေက နေရာတိုင်းမှာ၊ အိမ်ထဲမှာ၊ လမ်းတွေပေါ်မှာ၊ ပင်လယ်ထဲမှာ။ ဘယ်သွားသွား အသေကောင်တွေ၊ အမျိုးသမီးနဲ့ ကလေးတွေကို ပိုတွေ့ရတယ်ပါ ဟု Benghazi မှ အကူအညီပေးရေး ဝန်ထမ်း Emad al-Falah က Derna မှ ဖုန်းဖြင့် ပြောကြားခဲ့သည်။

လစ်ဗျားအရှေ့ပိုင်းရှိ လူနာတင်ယာဉ်စင်တာတစ်ခု၏ ပြောရေးဆိုခွင့်ရှိသူ Ossama Ali က Derna တွင် အနည်းဆုံး လူပေါင်း ၅,၁၀၀ သေဆုံးခဲ့ပြီး လစ်ဗျားအရှေ့ပိုင်းရှိ အခြားနေရာများတွင်လည်း သေဆုံးသူ ၁၀၀ခန့်ရှိသည်ဟု သိရ၍ လူပေါင်း ၇၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ယင်းအပြင် လစ်ဗျားအရှေ့ပိုင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက Derna တွင် သေဆုံးသူဦးရေမှာ ၅၃၀၀ ကျော်ရှိကြောင်း နှင့် ၉၀၀၀ကျော် ပျောက်ဆုံးနေကြောင့် ပြောကြားခဲ့သည်။

လစ်ဗျားနှင့် အိမ်နီးချင်းဖြစ်သည့် အီဂျစ်၊ အယ်လ်ဂျီးရီးယားနှင့် တူနီးရှားတို့အပြင် တူရကီ၊ အီတလီတို့က ကယ်ဆယ်ရေးအဖွဲ့များနှင့် အကူအညီများ စေလွှတ်ခဲ့ပြီးယူကေနှင့် ဂျာမန်အစိုးရများကလည်း စောင်များ၊ အိပ်ယာခြင်းများ၊ ရွက်ဖျင်တဲများ၊ ရေစစ်စက်များနှင့် မီးစက်များအပါအဝင် အကူအညီများ ပေးပို့ခဲ့သည်။

Ref-AP

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ