Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရုရှား စစ်ရာဇဝတ်မှုကျူးလွန်ဟု ယူကရိန်းစွပ်စွဲ

ယူကရိန်း သမ္မတ ဇလန်စကီးက ရုရှားတပ်များသည် Kherson မြို့က မထွက်ခွါမီ စစ်ရာဇဝတ်မှုပေါင်း ၄၀၀ ကျော်ကို ကျူးလွန်ခဲ့ကြောင်းဆိုသည်။

၎င်း၏အဆိုအရ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကတည်းက ရုရှားတပ်များသည် အနည်းဆုံး စစ်ရာဇဝတ်မှုပေါင်း ၃၄၀၀၀ လောက် ကျူးလွန်ခဲ့ကြောင်းဆိုသည်။

စစ်ရာဇဝတ်မှုဆိုတာ ဘာလဲ

နိုင်ငံတကာ ကြက်ခြေနီကော်မတီ ICRC က စစ်ပွဲမှာ စည်းကမ်းသတ်မှတ်ချက်များရှိကြောင်း ပြောဆိုထားသည်။

ထိုစည်းကမ်းများကို နိုင်ငံတကာ ဥပဒေများနှင့် သဘောတူညီချက်များအရ Geneva Conventions ဟုခေါ်သည်။

(၁) ဂျင်နီဗာကွန်ဗင်းရှင်းအရ စစ်ဘက်ဆိုင်ရာအဖွဲ့အစည်းများသည် အရပ်သားပြည်သူများအား ရည်ရွယ်ချက်ရှိရှိ မတိုက်ခိုက်ရသလို ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကိုလည်း မဖျက်ဆီးရဟု ပြဌာန်းထားသည်။

(၂) လူသတ်မိုင်းများ၊ ဓာတုနှင့်ဇီဝလက်နက်များကဲ့သို့သော အစုလိုက်အပြုံလိုက်သတ်နိုင်သော၊ ဆိုးရွားစွာခံစားရနိုင်သော တချို့လက်နက်များကို တားမြစ်ထားသည်။

(၃) နေမကောင်းဖျားနာနေသူများ၊ ဒဏ်ရာရသူများနှင့် စစ်သုံ့ပန်းများကို ဂရုတစိုက်ပြုစုစောင့်ရှောက်ရမည်။

(၄) လူသတ်မှု၊ မုဒိန်းမှုနှင့် အုပ်စုလိုက်အနိုင်ကျင့်မှုများကဲ့သို့ ပြင်းထန်သည့်ပြစ်မှုများကို လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှု သို့မဟုတ် လူမျိုးတုန်းသတ်ဖြတ်မှု အခြေအနေဟု ခေါ်သည်။

Kherson မှာဖြစ်ပွားခဲ့သည့် ကိစ္စနှင့်ပတ်သတ်၍ ယူကရိန်းက ဘာပြောလဲ

သမ္မတ ဇလန်စကီး က ရုရှားတပ်များသည် သူတို့၏ သိမ်းပိုက်မှုအတောအတွင်း စစ်ရာဇဝတ်မှုပေါင်း ၄၀၀ ကျော်ကျူးလွန်ခဲ့ကြသည်ကို Kherson မှ စုံစမ်းစစ်ဆေးရေးအဖွဲ့က မှတ်တမ်းတင်ခဲ့ကြသည်ဟု ပြောကြားခဲ့သည်။

အရပ်သားတွေနှင့် ကယ်ဆယ်ရေးသမားတွေရဲ့ အလောင်းတွေကို ကျတော်တို့တွေ့ခဲ့ပါတယ်၊ ရုရှားတပ်တွေဟာ သူတို့ဖြတ်ဝင်လာခဲ့တဲ့ ဒေသတွေမှာလည်း ဒီလိုရက်စက်တဲ့လုပ်ရပ်တွေကို လုပ်ဆောင်ခဲ့ကြပါတယ် ဟု ရုပ်မြင်သံကြားအစီအစဉ်တစ်ခုမှာ ၎င်းက ပြောကြားခဲ့သည်။

ရုရှားတပ်များသိမ်းပိုက်ထားသည့် Khersonဒေသမှ ဒေသခံများက ရုရှားတပ်များ၏ သတ်ဖြတ်ခံရမှုများ၊ အရပ်သားများအား ဖမ်းဆီးမှုများကို သတင်းသမားများအား ပြောပြခဲ့ကြသည်။ သို့သော်လည်း BBCက ထိုပြောဆိုချက်များကို သီးခြားအတည်ပြု ဖော်ပြခဲ့ခြင်းမရှိပေ။

သိမ်းပိုက်ထားသည့် ဒေသများအတွင်း သူတို့ (ရုရှား) တပ်များက အရပ်သားပြည်သူများကို ပစ်မှတ်ထား သတ်ဖြတ်ကျူးလွန်နေသည်ဆိုသည့်အချက်ကို ရုရှားက ငြင်းဆိုထားသည်။

ရုရှားက ယူကရိန်းမှာ နောက်ထပ်ဘယ်လိုမျိုး စစ်ရာဇဝတ်မှုများကို ကျူးလွန်ဦးမှာလဲ

ယူကရိန်းရှေ့နေချုပ် Andriy Kostin က ရုရှားတပ်များ ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုပေါင်း ၃၄၀၀၀ ကျော်ကို သူ့ရုံးမှ မှတ်တမ်းတင်ခဲ့ကြောင်းနှင့် ရုရှားတပ်များသည် လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ အမှုတစ်ခုကို လုပ်ဆောင်ခဲ့ကြောင်း စက်တင်ဘာလက ပြောကြားခဲ့သည်။

ရုရှားတပ်များ သိမ်းပိုက်ထားသည့် ယူကရိန်း ဒေသအများအပြားမှာ ညည်းပင်းနှိပ်စက်ပြီးအသတ်ခံခဲ့ရသည့် အရပ်သားပြည်သူများ၏ အလောင်းများအပါအဝင် အစုလိုက်အပြုံလိုက်သတ်ပြီးမြှုပ်ထားခဲ့သည့် မြေစာပုံများလည်း တွေ့ရှိခဲ့ကြသည်။

၂၀၂၂ ခုနှစ် ဧပြီလတွင် Kyiv မြို့အပြင်ဘက် Bucha တွင် လူသေအလောင်းပေါင်း ၄၀၀ ကျော် တွေ့ရှိခဲ့ပြီး Karkiv ဒေသ Iziumတွင် အရပ်သားအလောင်းပေါင်း ၄၅၀ လောင်းမြှုပ်နှံထားသည့် မြေစာပုံကြီးများကိုလည်း စက်တင်ဘာလတွင် တွေ့ရှိခဲ့ကြသည်။

ထို့အပြင် ပြီးခဲ့သည့် မတ်လကလည်း ကလေးများခိုလှုံရာနေရာအဖြစ်သုံးသော Mariupolက ရုပ်ရှင်ရုံတစ်ရုံကို ရုရှားတပ်များက လေကြောင်းဖြင့်တိုက်ခိုက်ခဲ့ပြီး Mariupol က ဆေးရုံတစ်ရုံကိုလည်း ဖျက်ဆီးခဲ့ကြသည်။

စစ်ရာဇဝတ်မှုတွေကို ဘယ်လိုဆက်လက်လုပ်ဆောင်မှာလဲ

ယူကရိန်းတရားရုံးက ရုရှားစစ်သားတစ်ဦးအား အရင်ကတည်းက တရားစွဲဆိုထားမှုတစ်ခု ရှိနေသည်။ ရုရှားက ကျူးကျော်မှုစပြီး ရက်အနည်းငယ်အကြာတွင် Chupakhivka အရှေ့မြောက်ရွာမှ အသက် ၆၂ နှစ်အရွယ် Oleksandr Shelipov အားသတ်ခဲ့သည့်အမှုကြောင့် ၂၁နှစ်အရွယ် ရုရှားတင့်ကား တပ်ရင်းမှ ဒုဗိုလ်မှူး Vadim Shishimarnအား ထောင်သွင်းအကျဉ်းချခဲ့သည်။

သို့သော်လည်း ဝါရင့်နိုင်ရေးသမားများနှင့် စစ်တပ်အရာရှိများထက် စစ်သားတစ်ဦးချင်းစီကို စစ်ရာဇဝတ်မှုကျူးလွန်လျင် အလွယ်တကူ တရားစွဲဆိုနိုင်သည်။ လူအခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ (HRW) မှ Hugh Williamson က အမိန့်ပေးစနစ်ကို စတင်ခြင်းသည် ခေါင်းဆောင်တစ်ဦးက ရက်စက်မှုတစ်ခုကို အားပေးသည်ဖြစ်စေ၊ မျက်ကွယ်ပြုထားသည်ပင် ဖြစ်စေ အနာဂတ်လေ့ကျင့်ရေးအတွက် အလွန်အရေးပါကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းက ရုပ်ရှင်ရုံကို ရုရှားမတိုက်ခိုက်မီ နိုင်ငံတကာရာဇဝတ်မှုခုံရုံး (ICC)က ယူကရိန်းတွင်ဖြစ်ပွားခဲ့သော စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူလွန်သည့် ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့သည်။ ၂၀၁၃က အဖြစ်အပျက်များကိုလည်း ထည့်သွင်းစစ်ဆေးခဲ့သည်။

ICC၏ရှေ့နေချုပ်ဖြစ်သည့် ဗြိတိန်လူမျိုး Karim Khanက စစ်ရာဇဝတ်မှုတစ်ခုကို ကျူးလွန်ခဲ့သည်ဟု ယုံကြည်ရန် ကျိုးကြောင်းဆီလျှော်သော အခြေခံအချက်များရှိရမည်ဟု ပြောဆိုခဲ့သည်။

သို့သော် ICCမှာ သံသယရှိသူများကို ဖမ်းဆီးရန် အာဏာမရှိပေ။ ရုရှားသည် ICCသဘောတူညီချက်များတွင် လက်မှတ်ထိုးထားခြင်းမရှိသောကြောင့် သံသယရှိသူများကိုလည်း ဖမ်းဆီးထိန်းသိမ်း၍ မရနိုင်ပေ။

ပုံမှန်အားဖြင့်ဆိုလျှင် ICC သည် တရားရေးရာကိစ္စများကို ထိရောက်စွာမဆောင်ရွက်နိုင်သော နိုင်ငံများ၏ စစ်ရာဇဝတ်မှုများကိုသာ တာဝန်ယူဖြေရှင်းပေးရခြင်းဖြစ်သည်။

သို့သော်လည်း ယူကရိန်းအစိုးရ ရှေ့နေသည် စစ်ရာဇဝတ်မှုကျူးလွန်သည်ဟု သံသယရှိသူ ၁၃၅ ဦးကို တရားစွဲဆိုခဲ့သည်။

ICC က ပြင်းထန်သော စစ်ပွဲများအတွက် နိုင်ငံရေးခေါင်းဆောင်များကို တရားစွဲဆိုနိုင်သည်။ ဤသို့တရားစွဲဆိုနိုင်ခြင်းသည် မတရားကျူးကျော်ဝင်ရောက်မှု သို့မဟုတ် မိမိကိုယ်ကိုယ် ခုခံကာကွယ်မှုမပြုနိုင်သော ကိစ္စရပ်တွင် အကျုံးဝင်သည်။

University of College Londonမှ နိုင်ငံတကာဥပဒေ ကျွမ်းကျင်ပညာရှင် ပါမောက္ခ Philippe Sandsက ရုရှားသည် ICC အဖွဲ့ဝင်နိုင်ငံမဟုတ်သည့်အတွက် သမ္မတ ဗလင်ဒီမာ ပူတင်ကဲ့သို့ခေါင်းဆောင်များကို တရားမစွဲနိုင်ဟု ထုတ်ပြန်ပြောဆိုခဲ့သည်။ သီအိုရီအရဆိုလျှင် ကုလသမ္မဂ လုံခြုံရေးကောင်စီက ICCကို ဤအမှုအားစစ်ဆေးရန် ခိုင်းစေနိုင်သည်။

သို့သော် ရုရှားက ဗီတိုအာဏာကိုသုံးပြီး ပယ်ချ၍ ရသည်။

ပါမောက္ခ Sandsက ယူကရိန်းမှာ ဖြစ်ခဲ့သော ရာဇဝတ်မှုများအတွက် တချက်လွှတ် အာဏာရှိ ခုံရုံးတစ်ခုကို ကမ္ဘာ့ခေါင်းဆောင်များ တည်ထောင်သင့်ကြောင်း ပြောကြားခဲ့သည်။

(ဘီဘီစီ သတင်းဌာနမှ What is a war crime and could Putin be prosecuted over Ukraine? ဆောင်းပါးကို Arakan Bay News သတင်းဌာနမှ သတင်းထောက် သူရမောင် ဘာသာပြန်သည်။)

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ