
ABN-ရာဟု
ရခိုင်အမျိုးသားတစ်ဦး ထိုင်နိုင်ငံရှိ တူးမြောင်းတစ်ခုတွင် မှောက်လျှက်သေဆုံးနေသည်ကို ဖေဖော်ဝါရီလ ၂၀ရက်နေ့က တွေ့ရှိခဲ့သည်ဟု ထိုင်းဒေသသတင်းများအရ သိရသည်။
သေဆုံးသူ၏ အိတ်ထဲတွင် ပါရှိသည့် မှတ်ပုံတင်တွင်ပါရှိသည့် နာမည်အရ သေဆုံးသူမှာ အဖဦးမောင်ကျန်၏သား ဦးမောင်သန်းရွှေ အသက် ၃၉ နှစ်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ထိုသေဆုံးနေသူ ရခိုင်အမျိုးသား၏ အိတ်ထဲတွင် ထိုင်းဘာသာဖြင့်ရေးသားထားသည့် စာရွက် တစ်ရွက်၌ “ ကျနော်က မြန်မာပါ၊ ကျနော့်မှာ သွားစရာနေရာ လည်းမရှိဘူး၊ စားစာရာလည်း မရှိဘူး၊ ကျနော်ထိုင်းစကား မတတ်ပါဘူး။ ကျနော့်ကို ထမင်းနှင့် ရေ သနားကြပါ” ဟု ရေးသားပါရှိသည်ကို တွေ့ရကြောင်း ထိုင်းသတင်းသတင်းများတွင် တွေ့ရသည်။
၎င်း၏ ရုပ်အလောင်းကို ဖေဖော်ဝါရီလ ၂၀ရက်နေ့ နံနက် ၁၁နာရီဝန့်ကျင်တွင် ထိုင်နိုင်ငံ နခေါပထုမ်ခရိုင် ဘန်လင်းအနီးတွင်ရှိသည့် ရေကန်တူးမြောင်း တစ်ခုတွင် မှောက်လျှက်သေဆုံးနေသည်ကို အမျိုးသမီးတစ်ဦးက တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့သို့ သတင်းပေးပိုခဲ့ကြောင်းသိရသည်။
သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များနှင့် Bang Len ဆေးရုံမှ ဆရာဝန်များက အခင်းဖြစ်ပွားရာနေရာသို့ရောက်လာကာ ရုပ်အလောင်းကို စစ်ဆေးခဲ့ပြီး သေဆုံးရသည့်အကြောင်းအရင်းမှန်ကို သိရှိနိုင်ရန် နခွန်ပထုတ် ဆေးရုံသို့ ပိုဆောင်ထားကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောဆိုထားသည်။



