သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ယူနွတ်ဦးဆောင်သည့် ကြားဖြတ်အစိုးရအဖွဲ့သည် အစွန်းရောက် အကြမ်းဖက်အုပ်စုများအား လက်ခံထားကြောင်း ချိတ်ဟာဆီနာ ပြော

AB News – နိုဝင်ဘာ ၁၇၊၂၀၂၅
နွယ်စိုး

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အာဏာရယူထားသော ယူနွတ်ဦးဆောင်သည့် ကြားဖြတ်အစိုးရအဖွဲ့သည် အစွန်းရောက် အကြမ်းဖက်အုပ်စုများအား အခိုင်အမာလက်ခံထားကြောင်း ပြည်ပတွင်ခိုလှုံနေရသည့် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ချိတ်ဟာဆီနာက India Today သတင်းစာနှင့်သီးသန့်အင်တာဗျူးတွင် ပြောကြားလိုက်သည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တရားဥပဒေစိုးမိုးရေးကိုလည်း စနစ်တကျ ဖျက်ဆီးနေကြောင်း ဝန်ကြီးချုပ် ချိတ်ဟာဆီနာက ပြောကြားခဲ့သည်။

ယူနွတ်ဦးဆောင်သည့် ကြားဖြတ်အစိုးရလက်ထက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ အကြမ်းဖက်အုပ်စုများ ကြီးမားကျယ်ပြန့်စွာ လှုပ်ရှားလာကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဆယ်စုနှစ်အတွင်း အဆိုးဝါးဆုံး အခြေအနေသို့ ရောက်ရှိနေကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် ချိတ်ဟာဆီနာက “ဒီနေ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံအခြေအနေဟာ ဆယ်စုနှစ်တွေအတွင်း ဆိုးဝါးတဲ့ အခြေအနေကို ရောက်သွားသလို မသေချာ မရေရာတဲ့ အခြေအနေကိုလည်း ရောက်ရှိနေပါတယ်၊ လက်ရှိအစိုးရရဲ့ အုပ်ချုပ်ရေးအာဏာပိုင်တွေအထဲမှာအစွန်းရောက် အကြမ်းဖက်အုပ်စုတွေကို အခိုင်အမာ လက်ခံထားတယ်၊နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တရားဥပဒေစိုးမိုးရေးကိုလေ စနစ်တကျ ဖျက်ဆီးနေပါတယ်” ဟု ပြောကြားထားသည်။

ယခင် ဝန်ကြီးချုပ်ဟောင်း ချိတ်ဟာဆီနာ အစိုးရလက်ထက်တွင် အဆိုပါအစွန်းရောက် အကြမ်းဖက်အုပ်စုများကို မရပ်မနား တန်ပြန်ချေမှုန်းနိုင်ခဲ့ပြီး အိမ်နီးချင်းနိုင်ငံများနှင့်လည်း သဟဇာတကျကျ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများကို အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။

လက်ရှိ ယူနွတ်အစိုးရလက်ထက်တွင် ၎င်းကိုယ်တိုင်ပင်လျှင် အကြမ်းဖက်အုပ်စုများကို ရှင်သန်အမြစ်တွယ်ကြီးထွားအောင် ရည်ရွယ်ချက်ရှိရှိ ဖန်တီးနေကြောင်းလည်း ၎င်းက ထောက်ပြထား သည်။

ယင်းအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လာမည့် အနာဂတ်အတွက် အလွန်အမင်း အထူးစိုးရိမ်မိကြောင်း၊ မတရား ဖမ်းဆီးချုပ်နှောင်မှုများ၊ အတိုက်အခံနိုင်ငံရေးပါတီများကို ပိတ်ပင်မှုများ၊ လူနည်းစုတိုင်းရင်းသားများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများနှင့် မီဒီယာများအပေါ် ထိန်းချုပ်မှုများကို တွေ့မြင်နေရကြောင်း” လည်း ၎င်းက ဆိုသည်။

အဆိုပါဖြစ်စဥ်များကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တည်ဆောက်ထားသည့် ဒီမိုကရေစီစံနှုန်းများ၊ အခြေခံမူများအတွက် အလွန့်အလွန်အန္တရာယ်အရှိဆုံးအဆင့်သို့ ရောက်ရှိနေပြီး ဖြစ်သည်ဟု ၎င်းက အခိုင်အမာ ပြောဆိုပါ သည်။

ဝန်ကြီးချုပ်ဟောင်းချိတ်ဟာဆီနာက “ယူနွတ်အစိုးရဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဒီမိုကရက်တစ်အဖွဲ့အစည်းတွေကို စနစ်တကျ ဖျက်ဆီးနေပါတယ်” ဟု လည်း ပြောဆိုထားသည်။

လက်ရှိအင်အားအကြီးမားဆုံး ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP) ၏ အကြီးတန်းတွဲဘက်အတွင်းရေးမှူးချုပ် ရူဟူးလ် ကဘာ ရီဇ်ဗီကလည်း ယူနွတ်စ်အား ပြင်းပြင်းထန်ထန် ဝေဖန်ထားသည်။

တစ်ဖက်တွင်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ယခင်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာအား ပြီးခဲ့သည့် နှစ်က ဖြစ်ပွားခဲ့သော လူထုလှုပ်ရှားမှုနှင့် ပတ်သက်ပြီး စွဲဆိုထားသောအမှုကို တရားရုံးက ယနေ့ နိုဝင်ဘာ ၁၇ ရက်နေ့တွင် ဆုံးဖြတ်ချက်ချမည်ဖြစ်ရာ နိုင်ငံအနှံ့တွင် လုံခြုံရေးတိုးမြှင့်ထားကြောင်း သိရှိရသည်။

ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာအား၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်းက ဖြစ်ပွားခဲ့သည့် လူထုအုံကြွမှုအတွင်း လူအများအပြားသေဆုံးခဲ့ရမှုနှင့် ပတ်သက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုများကျူးလွန်သည့် စွဲချက်ဖြင့် တရားစွဲဆိုထားသည်။

Bangladesh #SheikhHasina

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ