Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြန်မာအိမ်နီးချင်း အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ချို့ အကျပ်အတည်းများနှင့် ပတ်သက်၍ လျှို့ဝှက်ဆွေးနွေးပွဲများ ကျင်းပ

မြန်မာအိမ်နီးချင်း အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ချို့ အကျပ်အတည်းများနှင့် ပတ်သက်၍ လျှို့ဝှက်ဆွေးနွေးပွဲများ ကျင်းပ

ABN-ကျော်ဇံ

အိန္ဒိယ၊ တရုတ်အပါအဝင် မြန်မာနှင့် ၄င်း၏ အိမ်နီးချင်းနိုင်ငံများမှ အစိုးရနှင့် အကြံပေးကိုယ်စားလှယ်များသည် စစ်တပ်ဖြင့် အုပ်ချုပ်သည့် အရှေ့တောင်အာရှ နိုင်ငံတစ်ခုဖြစ်သော မြန်မာနိုင်ငံတွင် သွေးထွက်သံယိုမှုများကို လျော့ပါးစေရန် လျို့ဝှက်ကြိုးပမ်းသည့် အနေဖြင့် လွန်ခဲ့သည့် အင်္ဂါနေ့က နယူးဒေလီ၌ ဆွေးနွေးပွဲကျင်းပခဲ့သည် ဟု သတင်းရင်းမြစ်နှစ်ခုက ဆိုသည်။

မြန်မာနိုင်ငံသည် နိုဗယ်ဆုရ အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရ ကို စစ်တပ်မှ အာဏာသိမ်းဖြုတ်ချလိုက်သည့် ၂၀၂၁ မှစ၍ ပြဿနာအကျပ်အတည်း၊ စီးပွားရေး ကသောင်းကနင်းဖြစ်မှုတို့ ကို ကြုံတွေ့နေကြရသည်။ ထိုအာဏာသိမ်းလုပ်ရပ်ကြောင့် လက်နက်ကိုင် အတိုက်အခံအင်အားစုများ ပေါ်ပေါက်လာစေပြီး လက်နက်ဖြင့် ရင်ဆိုင်ဖြေရှင်းရန် ကြိုးပမ်းနေကြသည်။

ယခုအပတ်အတွင်း ကျင်းပခဲ့သည့် ဆွေးနွေးမှုများမှာ လွန်ခဲ့သည့် လက ထိုင်းနိုင်ငံတွင် စတင်ခဲ့သည့် Track 1.5 ဆွေးနွေးခြင်း၏ ဒုတိယအကြိမ်မြောက်ဖြစ်သည်။ ဆွေးနွေးပွဲများ ဖြစ်လာရခြင်းမှာ ၂၀၂၁ ဧပြီလတွင် သဘောတူခဲ့သည့် ငြိမ်းချမ်းရေးအစီအစဥ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် စစ်တပ်က ပျက်ကွက်ခဲ့သဖြင့် အရှေ့တောင်အာရှ အာဆီယံနိုင်ငံများအသင်း အဖွဲ့အတွင်း စိတ်ပျက်စရာများ ပိုမိုကြီးထွားလာသောကြောင့် ဖြစ်သည်။

လက်ရှိ အာဆီယံအလှည့်ကျ ဥက္ကဌ အင်ဒိုနီးရှားအပါအဝင် မြန်မာ၊ အိန္ဒိယ၊ တရုတ်၊ ထိုင်း၊ ကမ္ဘောဒီးယား နှင့် လာအိုတို့ အင်္ဂါနေ့ အစည်းအဝေးတွင် တက်ရောက်ကြပြီး လုပ်ငန်းစဥ်များမှာ အတွင်းရေး ကိစ္စဖြစ်သဖြင့် ကိုယ်စားလှယ်များမှာ မည်သူမည်ဝါဖြစ်သည်ကို ပြောပြရန် ငြင်းဆိုခဲ့ပြီး သူတို့သတင်းရင်းမြစ်ကိုလည်း နာမည်မဖော်ပြရန် ပြောဆိုခဲ့သည်။

တက်ရောက်လာသည့် ကိုယ်စားလှယ်များမှာ စစ်ကောင်စီမှ အကြမ်းဖက်ဟု ကြေငြာထားသည့် အတိုက်အခံအဖွဲ့အစည်းတစ်ခုဖြစ်သော အမျိုးသား ညီညွတ်ရေး အစိုးရကို ထိုလုပ်ငန်းစဥ်တွင် ဝင်ရောက်ရန် စိတ်ဝင်စားနေကြကြောင်း သတင်းရင်းမြစ်များထဲမှ တစ်ဦးက ဆိုသည်။

သူတို့က NUG နဲ့ တချိန်ချိန် တရားဝင်ဆွေးနွေးလိုကြတယ်၊ အကြောင်းကတော့ NUG ဟာ စစ်တပ်နဲ့ တရားဝင်လုံးဝ ဆွေးနွေးထားတာ မရှိတဲ့အတွက်ပါ။ ဒါတွေကပဲ တက်ရောက်လာသူတွေမှာ ရှိတဲ့ မျော်လင့်ချက်တွေပါပဲ။

စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်၍ မရခဲ့သလို အိန္ဒိယ နှင့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးများဌာနများ၊ နယူးဒေလီတွင် ရှိသည့် တရုတ်သံရုံးတို့က ရိုက်တာ သတင်းဌာန၏ စုံစမ်းမေးမြန်းမှုများကို တိုက်ရိုက်မဖြေဆိုခဲ့ပေ။ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ထိုအစည်းအဝေးကို သတိမမူမိဟု ဆိုသည်။

ပြောရေးဆိုခွင့်ရှိသူ ကျော်ဇော် က NUG သည် အိမ်နီးချင်း နှင့် ဒေသတွင်းနိုင်ငံတို့နှင့် ဆွေးနွေးပြောဆိုရန် တံခါးဖွင့်ထားသည် ဟု ဆိုသည်။

“မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အကြမ်းဖက်လုပ်ရပ်တွေ၊ အနိဌာရုံတွေကို ရပ်တန့်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ကျွန်တော်တို့ အရမ်းလှိုက်လှိုက်လှဲလှဲနဲ့ ကြိုဆိုပါတယ်” ဟု သူက ဆိုသည်။

ဆွေးနွေးပွဲကို အိန္ဒိယ အကြံပေးအဖွဲ့တစ်ခုက ကျင်းပခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်စလုံးနှင့်ပတ်သက်ပြီး အကြမ်းဖက်မှုများကို လျော့ချခြင်း၊ ဆွေးနွေးပွဲအတွက် လမ်းကြောင်းရှာခြင်း၊ လူသားချင်းစာနာ ထောက်ထားရေး အကူအညီများပို့ဆောင်ခြင်း တို့ နှင့်ပတ်သက်သည့် ဆွေးနွေးချက်များပါဝင်ခဲ့သည်ဟု ဒုတိယသတင်းရင်းမြစ်မှ ပြောကြားခဲ့ပြီး လာမည့်ဆွေးနွေးပွဲကို လာအိုနိုင်ငံတွင် ကျင်းပမည်ဟု ဆိုသည်။

“အိမ်နီးချင်းနိုင်ငံတွေရဲ့ အမြင်သဘောထားတွေကိုလည်း ထည့်သွင်းစဥ်းစားဖို့ လိုပါတယ်၊ သူတို့အတွက် အရေးကြီးဆုံးအချက်က အကြမ်းဖက်မှုတွေကို လျော့ချဖို့ပါပဲ” ဟု သူက ဆိုသည်။

စစ်ကောင်စီကို အနောက်နိုင်ငံအစိုးရများမှ ရှောင်ကြည်ထားကြသည်။ သို့ရာတွင် ရုရှားနှင့် တွေ့ဆုံမှုများကို အရှိန်မြှင့်လာပြီး မကြာသေးခင်ကလည်း စစ်ဦးစီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးအပါအဝင် ထိုင်းနိုင်ငံမှ ဧည့်သည်တော်မျာကို လက်ခံတွေ့ဆုံခဲ့ကြသည်။

ကုလသမဂ္ဂအကြီးအကဲအဖြစ် မြန်မာနိုင်ငံသို့ မကြာမကြာလာရောက်ဖူးသည့် အငြိမ်းစား သံအမတ် ဘန်ကီမွန်းသည် စစ်ကောင်စီ အကြီးအကဲ ၊ ယခင်သမ္မတဟောင်း တို့နှင့် တနင်္လါနေ့က တွေ့ဆုံခဲ့ပြီး အကြမ်းဖက်မှုကို လျင်မြန်စွာ ရပ်တန့်ကြရန် တောင်းဆိုခဲ့သည်။

အချက်ငါးချက်ပါ သဘောထားဟု သိကြသည့် အာဆီယံ၏ ငြိမ်းချမ်းရေး အစီအစဥ်သည် မြန်မာနိုင်ငံအတွက် တစ်ခုတည်းသော တရားဝင် လုပ်ငန်းစဥ်တစ်ခုဖြစ်ပြီး အကြမ်းဖက်မှုများကို ရပ်တန့်ခြင်း၊ အဖွဲ့အစည်းများအချင်းချင်း ကြားတွင် တွေ့ဆုံဆွေးနွေးပြောဆိုရန် စတင်ခြင်းတို့ ပါဝင်သည်။

အာဆီယံသည် စစ်ကောင်စီကို ထိုငြိမ်းချမ်းရေးအစီအစဥ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း မပြုမချင်း အစည်းအဝေးတက်ရောက်ရန် တားမြစ်ထားသောကြောင့် စစ်ဗိုလ်ချုပ်ကြီးများကို ဒေါသထွက်စေခဲ့သည်။

ဒီကြိုးပမ်းမှုက အာဆီယံနေရာကို အစားထိုးနိုင်မှာ မဟုတ်ပါဘူး၊ ဒီလိုလုပ်ဆောင်မှုက ဖြည့်ပေးရုံ သဘောလောက်သာ ရှိမှာပါ” ဟု ဆွေးနွေးပွဲများနှင့် ပတ်သက်၍ ဒုတိယသတင်းရင်းမြစ်က ဆိုသည်။

Source -Reuters/Myanmar’s neighbours, some ASEAN members hold secretive talks on crisis

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ