သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြန်မာအလုပ်သမားများ စစ်ကောင်စီထောက်ခံချက် မပါဘဲ အလုပ်လုပ်ကိုင်နိုင်ရန် ထိုင်းအစိုးရ စီစဉ်နေ

AB News – မတ် ၁၄၊၂၀၂၅

ထိုင်းနိုင်ငံအတွင်းရှိ မြန်မာအလုပ်သမားများမှာ အလုပ်လုပ်ခွင့်သက်တမ်းတိုးခြင်း ကြန့်ကြာနေသောကြောင့် ယင်းသက်တမ်းတိုးခြင်းနှင့်ပတ်သက်၍ ထိုင်းအစိုးရက စစ်ကောင်စီပါဝင်မှုကို ဖယ်ထုတ်ပြီး ၎င်းတို့၏ အစီအစဉ်အတိုင်း သက်တမ်းတိုးနိုင်ရန် ပြင်ဆင်နေကြောင်း မြန်မာအလုပ်သမားများအရေးကူညီနေသူများထံမှ သိရသည်။

ထိုင်းနိုင်ငံဘက်က အလုပ်သမားများကို နိုင်ငံ ၂ နိုင်ငံ(G to G) သဘောတူညီမှု MoU စနစ်ဖြင့် ပြန်လည်စိစစ်မည့်ကိစ္စကို ပြီးခဲ့သည့်နှစ် မတ်လ ၁၁ ရက်နေ့က ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန အပါအဝင် တာဝန်ရှိသူများ နှင့် စစ်ကောင်စီတို့ ညှိနှိုင်းဆွေးနွေးရာတွင် ပယ်ဖျက်ရန် ပြောဆိုခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် စာရွက်စာတမ်း သက်တမ်းကုန်ဆုံးသွားသော ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား ၂ သန်းနီးပါးမှာ သက်တမ်းတိုးခွင့်မရဘဲ အခက်အခဲများ ရင်ဆိုင်နေရကြောင်း သိရှိရသည်။

ယခင်က ထိုင်းအစိုးရ၏ အစီအစဉ်ဖြင့် တစ်နှစ်တစ်ကြိမ် သက်တမ်းတိုးပေးခဲ့သော်လည်း ယခုနှစ်တွင် စစ်ကောင်စီ၏ ပြန်လည် စိစစ်မည့် လုပ်ငန်းစဉ်ကို ထည့်သွင်းရခြင်းမှာ စစ်မှုထမ်းဥပဒေမှ ရှောင်ပြေးလာသူများ၊ CDM အစိုးရဝန်ထမ်းများ နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားများကို ဖိနှိပ်လိုပြီး အခွန် အတင်းအကျပ် ကောက်ခံနိုင်ရေးအတွက်စိစဉ်နေခြင်းသာ ဖြစ်နိုင်ကြောင်း အလုပ်သမားအရေးကူညီဆောင်ရွက်သူများက ဆိုကြသည်။

သက်တမ်းတိုးပေးရန် ကြန့်ကြာနေမှုကြောင့် ထိုင်းအလုပ်ရှင်များ၏ စီမံခန့်ခွဲမှု၊ မြန်မာအလုပ်သမားများ၏ အလုပ်အကိုင်အပြောင်းအရွှေ့၊ နယ်ကျော် ဖြတ်သန်းသွားလာခွင့်တို့တွင် သက်ရောက်မှု ကြီးမားကြောင်း ဆိုသည်။

ထိုအခက်အခဲများကို ပြေလည်စေရန် ထိုင်းအစိုးရသည် အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားများ အတွက် ပန်းရောင်ကတ် (ခေါ်) အလုပ်လုပ်ခွင့် လက်မှတ်အသစ်ပြုလုပ်ပေးခြင်း အစီအစဉ်ကိုလည်း ယခုနှစ်တွင် လုပ်ဆောင်ပေးလျက်ရှိနေသည်။

ထိုင်းရောက် မြန်မာအလုပ်သမားများကို ထိုင်းတွင် အလုပ်လုပ်ခွင့် နှင့် နေထိုင်ခွင့် သက်တမ်းတိုးခြင်းကိစ္စရပ်များကို အာဏာသိမ်းစစ်ကောင်စီက တင်းကျပ်ထားသည့်အပြင့် နှစ်နိုင်ငံသဘောတူညီမှု(MoU) စနစ်ဖြင့် ထိုင်းနိုင်ငံသို့ မြန်မာများအလုပ်သွားရောက်လုပ်ကိုင်ခွင့်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၄ မှစ၍ ယာယီဆိုင်းငံ့ထားသည်။

ယင်းအပြင် အာဏာသိမ်းစစ်ကောင်စီက စစ်သားသစ်များစုဆောင်းရန် အတင်းအဓမ္မ ဆင့်ခေါ်နေခြင်း၊ ဖမ်းဆီးနေခြင်းကြောင့် လူငယ်အများစုမှာ လွတ်မြောက်နယ်မြေများနှင့် ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စစ်ကောင်စီဘက်ကလည်း ထိုလူငယ်များ ပြည်ပထွက်ခွင့်မရရန် နည်းမျိုးစုံဖြင့် တင်းကျပ် ပိတ်ဆို့မှုများ ပို၍ ဆောင်ရွက်လာသည်ကို တွေ့ရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ