
AB News – နိုဝင်ဘာ ၂၅ ၊ ၂၀၂၅
ဆိုဖီ
အမေရိကန်အစိုးရက မြန်မာနိုင်ငံသား ၄၀၀၀ နီးပါးအတွက် သတ်မှတ်ထားသည့် ယာယီခိုလုံခွင့် (TPS) ကို ရုတ်သိမ်းလိုက်ကြောင်း အမေရိကန်ပြည်တွင်း လုံခြုံရေးဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန် ထားသည်။
ယမန့်နေ့ နိုဝင်ဘာ ၂၄ ရက်နေ့ ၌ ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန၏ ကြေညာချက်အရ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေခြင်းမှာ နိုင်ငံရေးအခြေအနေ တိုးတက်ကောင်းမွန်လာခြင်းဖြစ်သောကြောင့် မြန်မာနိုင်ငံသားများအတွက် ယာယီခိုလုံခွင့်ကို ရုတ်သိမ်းလိုက်ကြောင်း အသိပီး ထုတ်ပြန်ထားသည်။
ပြည်တွင်းလုံခြုံရေးဝန်ကြီး ခရစ္စတီ နိုအမ်က လက်မှတ်ရေးထိုးထားသည့် စာတမ်းအရ TPS ရုတ်သိမ်းမှုသည် လာမည့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် အတည်ပြု လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ လုံခြုံရေး နှင့် နိုင်ငံရေး အခြေနေကို ပြန်လည်သုံးသပ်ပြီး သက်ဆိုင်ရာ အေဂျင်ဆီများနှင့် ဆွေးနွေးခဲ့ပြီးနောက် မြန်မာနိုင်ငံသားများ၏ ယာယီခိုလုံခွင့်ကို ရုတ်သိမ်းရန် ဆုံးဖြတ်ခဲ့ကြောင်း ဝန်ကြီး ခရစ်တီနိုယမ်က ဆိုသည်။
လက်ရှိမှာ အမေရိကန် ယာယီခိုလုံခွင့် (TPS)ဖြင့် မြန်မာနိုင်ငံသား ၃၉၆၉ ဦး မှာ အမေရိကန်တွင် ယာယီနေထိုင်ခွင့်နှင့် အလုပ် လုပ်ကိုင်ခွင့် ရရှိထားကြောင်း သိရှိရသည်။
နိုဝင်ဘာ ၁၀ ရက်နေ့မှစ၍ အမေရိကန်အနေဖြင့် မြန်မာနိုင်ငံသား ၃၂၆ ၏ ယာယီခိုလုံခွင့် လျှောက်ထားမှုများကိုလည်း ဆိုင်းငံ့ထားကြောင်းလည်းသိရသည်။
အမေရိကန်နိုင်ငံတွင် ထရမ့်အစိုးရ ပြန်လည် အာဏာလာပြီးနောက် လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့များကို လျော့ချလာပြီး မြန်မာနိုင်ငံရှိ စစ်ရေးအရ လုံခြုံရေး အန္တာရာယ်များကြောင့် TPS အောက်တွင် နေထိုင်ခွင့် ရထားကြသည့် မြန်မာ ၄၀၀၀ ခန့်အပေါ် တိုက်ရိုက် ဒုက္ခ အကျိုးသက်ရောက်နေပြီဖြစ်သည်။