Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြန်မာစစ်ဗိုလ်ချုပ်များကို ပြစ်မှုကျူးလွန်မှုများအတွက် Fortify Rights အဖွဲ့မှ ဂျာမနီတွင် တရားစွဲ

ABN – သူရမောင်

မြန်မာစစ်ဗိုလ်ချုပ်များ၏ မြန်မာနိုင်ငံအတွင်း ဆိုးရွားစွာ ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးနိုင်ရန်အတွက် Fortify Rights လူ့အခွင့်အရေးအဖွဲ့ကြီးက ဂျာမနီပြည်ထောင်စု ရှေ့နေချုပ်ရုံးတွင် တရားစွဲဆိုလိုက်ကြောင်း သိရသည်။

ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရနေသည့် မြန်မာစစ်ဗိုလ်ချုပ်များကို နိုင်ငံတကာက အရေးမယူနိုင်သမျှကာလပတ်လုံး အလားတူ ရာဇဝတ်မှုများကို ထပ်တလဲလဲကျူးလွန်နေဦးမည်ဖြစ်ကြောင်း Fortify Rights အဖွဲ့ကြီးက သတိပေးပြောဆိုလိုက်သည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရှိ သတင်းထောက်များအသင်းတွင် ပြုလုပ်ခဲ့သည့် Fortify Rightsအဖွဲ့ သတင်းစာရှင်းလင်းပွဲတွင်

၂၀၁၇ ခုနှစ် မူဆလင်များအပေါ် အစုလိုက် အပြုံလိုက် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများ ဖြစ်ခဲ့ပြီးသည့်နောက်ပိုင်း ထိုရာဇဝတ်ကျူးလွန်မှုများတွင် ပါဝင်ပတ်သက်သူများကို နိုင်ငံတကာ ဥပဒေနှင့်အညီ အရေးယူနိုင်ရန်အတွက် ၎င်းအဖွဲ့မှ ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်က အာဏာသိမ်းပြီးသည့်နောက်ပိုင်း ဆိုးရွားသည့် ရာဇဝတ်မှုများကို ထပ်မံကျူးလွန်လာသည့်အတွက် ထိုကဲ့သို့ လူ့အခွင့်အရေးကျူလွန်မှုများကို စနစ်တကျ မှတ်တမ်းယူခဲ့ကြောင်း Fortify Rights တာဝန်ရှိသူများက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်းမှ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ထုတ်စုံစမ်းရန်အတွက် နိုင်ငံတကာတွင် ဖြစ်နေသည့် ရာဇဝတ်မှုများကို အရေးယူနိုင်သည့် ဥရောပ၊ အာဖရိကနှင့် တောင်အမေရိကတိုက်များအတွင်းရှိ နိုင်ငံအများစု၏ ဥပဒေများကို နှစ်အတန်ကြာ သင်ယူလေ့လာ သုသေတနပြုခဲ့သည်ဟု ပြောသည်။

နောက်ဆုံးတွင် ဂျာမနီပြည်ထောင်စု ဥပဒေက အသင့်တော်ဆုံးဖြစ်သည့်အတွက်ကြောင့် ယခုကဲ့သို့ရွေးချယ်ကာ အမှုစွဲတင်ခဲ့ကြောင်း Fortify Rights အမှုဆောင်အရာရှိချုပ် မက်သရူး စမစ်ထ်က ပြောသည်။

“အာဏာသိမ်းပြီးတဲ့နောက် လူအမြောက်အများအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ပတ်သက်လို့ မျက်မြင်သက်သေတွေနဲ့ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေပြီးတော့ သူတို့အတွက် တရားမျှတမှုရှာဖို့ ကြိုးစားခဲ့ပါတယ်၊ ဒီကျူးလွန်မှုတွေမှာ နစ်နာကျန်ရစ်သူ မျက်မြင်ပုဂ္ဂိုလ် ၁၆ ဦးတို့နှင့် ကျွန်တော်တို့အဖွဲ့က ဂျာမနီပြည်ထောင်စု ရှေ့နေချုပ်ရုံးမှာ နိုင်ငံတကာဥပဒေအရ အမှုတင်လိုက်ပါပြီ” ဟု ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံအတွင်းမှ ဆိုးရွားသည့် ရာဇဝတ်မှုများကို နိုင်ငံတကာနှင့် ဂျာမနီတရားဥပဒေအရ အရေးယူနိုင်ရေးအတွက် စုံစမ်းစစ်ဆေးမှုများလုပ်ရန် ဂျာမနီရှေ့နေချုပ်ကို ခိုင်ခိုင်မာမာအထောက်အထားများကို ပေးပို့လိုက်နိုင်ကြောင်း မက်သရူး စမစ်ထ်က ပြောခဲ့သည်။

“စစ်ခေါင်းဆောင်တွေဟာ ဒီကမ္ဘာကြီးရဲ့ တရားဥပဒေအရ ကင်းလွတ်ခွင့်ရတယ်ဆိုတာမျိုးက မဖြစ်သင့်ပါဘူး၊ သူတို့ကို အရေးယူအပြစ်ပေးရပါလိမ့်မယ်၊ စစ်ခေါင်းဆောင်တွေနဲ့ ပတ်သက်ဆက်နွယ်သူတွေနဲ့လည်း ပတ်သက်ပြီးတော့ အချက်အလက်ရှိသူ၊ အမှန်တရားအပေါ် ရပ်တည်ချင်သူ မှန်သမျှဟာ နိုင်ငံတကာ တရားရေးစနစ်နဲ့ ပူပေါင်းဆောင်ရွက်သင့်ပါတယ်၊ ဒီစစ်ကောင်စီဟာ မြန်မာအစိုးရမဟုတ်ပါဘူး၊ ရာဇဝတ်ဂိုဏ်းတစ်ခုလိုပဲ ဆက်ဆံရပါလိမ့်မယ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံကို တကယ်အမှောင်တိုက်ထဲ တွန်းပို့နေသူပါ၊ သူနှင့် တခြားတာဝန်ရှိသူတွေကို သူတို့ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် အရေးယူအပြစ်ပေးရပါလိမ့်မယ်” ဟု ၎င်းကဆက်ပြောခဲ့သည်။

စစ်တပ်ကျူးလွန်မှုများကို ကိုယ်တိုင်လည်းမျက်မြင်သက်သေဖြစ်နေသည့် Fortify Rightsအဖွဲ့၏ သုတေသီတစ်ဦးဖြစ်သည့် နက်ကီဒိုင်းမွန်းကလည်း ကျူးလွန်ခံရသူများအနေဖြင့် နိုင်ငံတကာ တရားရေးစနစ်နှင့် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောဆိုလိုက်သည်။

“ဒီလိုရက်စက်ကျူးလွန်မှုတွေမှာ နစ်နာခဲ့ရသူတွေ၊ အသက်ရှင်ကျန်ခဲ့တဲ့သူတွေအနေနဲ့ တရားမျှတမှုတွေ ရလာတဲ့အထိ ပူးပေါင်းဆောင်ရွက်ကြဖို့ ကျွန်တော်တိုက်တွန်းလိုပါတယ်၊ အဲဒီလိုမှ မလုပ်ဘူးဆိုလို့ရှိရင် ဒီရာဇဝတ်မှုကျူးလွန်သူတွေကို အပြစ်မပေးနိုင်ဘူးဆိုလိုရှိရင် ကျူးလွန်သူတွေဟာ အပြစ်ကင်းလွတ်ခွင့်ရပြီးတော့ ဒီရာဇဝတ်မှုတွေကို ထပ်ခါထပ်ခါ ကျူးလွန်နေပါလိမ့်မယ်” ဟု ပြောခဲ့သည်။

ဂျာမနီရှေ့နေချုပ်ထံသို့ ပေးပို့ခဲ့သည့် ဤအမှုတွဲများထဲတွင် စစ်တပ်က ကျူးလွန်ခဲ့သည့် သတ်ဖြတ်မှု၊ ညည်းပမ်းနှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ မတရားအကျဉ်းချမှု၊ လူပျောက်မှုများလည်း ပါဝင်ခဲ့ကြောင်း သိရသည်။

မြန်မာစစ်တပ်၏ ထိုသို့ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ်မှာ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုကြီးများနှင့် ပတ်သက်၍လည်း ယခင်ကလည်း အာဂျင်တီးနာကဲ့သို့သော် နိုင်ငံ့တရားရုံးများတွင် အပြစ်ပေးနိုင်ရန် နိုင်ငံတကာလူ့အခွင့်အရေး အဖွဲ့များက ကြိုးပမ်းခဲ့ဖူးသည်။

မြန်မာစစ်ဗိုလ်ချုပ်များကို ပြစ်မှုကျူးလွန်မှုများအတွက် Fortify Rights အဖွဲ့မှ ဂျာမနီတွင် တရားစွဲ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ