သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောမြို့နှင့် ကပ်ရပ်တည်ရှိသည့် ဘင်္ဂလားဒေ့ရှ်ဖက်ခြမ်းတွင် တောဆင်ရိုင်းတစ်ကောင် လျှပ်စစ်ရှော့ဖြစ် သေဆုံး

AB News – နိုဝင်ဘာ၂၀ ၊ ၂၀၂၅
အမရာ

ရက္ခိုင်ပြည်အနောက်ဖက်နယ်စပ် မောင်တောမြို့နယ်နဲ့ ကပ်ရပ်တည်ရှိသည့် ဘင်္ဂလားဒေ့ရှ်ဖက်ခြမ်းတွင် နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းအချိန်ခန့်က ထောင်ချောက်ဆင်ထားသော လျှပ်စစ်ကြိုးကို တောဆင်ရိုင်းတစ်ကောင် တိုက်မိရာမှ ရှော့ဖြစ်ပြီး သေဆုံးသွားကြောင်း ဘင်္ဂလားဒေ့ရှ်မီဒီယာများတွင် ရေးသားဖော်ပြထားသည်ကို တွေ့ရှိရသည်။

နိုဝင်ဘာ ၁၈ ရက်နံနက်ပိုင်းတွင် အုကီးယမြို့နယ်၊ ရာဇာပါလောင်တိုက်နယ် နယ်စပ်သစ်တောကြိုးဝိုင်းဧရိယာအနီး စိုက်ပျိုးမြေတစ်ခု၌ တောဆင်ရိုင်းတစ်ကောင် သေဆုံးနေသည်ကို ဒေသခံများက တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

ဘင်္ဂလားသစ်တောဌာနနှင့် တောရိုင်းတိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးဌာနမှ အရာရှိများရောက်ရှိလာကြပြီး ဆင်သေနမူနာများအား စုဆောင်းစစ်ဆေးခဲ့ကြကြောင်း ဒေသခံများက ဆိုကြသည်။

မကြာသေးမီက တောဆင်ရိုင်းများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်တန်းဒေသနှင့် လူများအခြေချနေထိုင်ရာ နယ်နိမိတ်တို့ကို ရွေ့ပြောင်းကျက်စားလာမှုကြောင့် သီးနှံစိုက်ပျိုးခင်းများကိုကာကွယ်ရန် ဒေသခံအချို့က တရားမဝင် လျှပ်စစ်ဓာတ်အားကြိုးသွယ်တန်းပြီး လျှပ်စစ်ထောင်ချောက်များကိုပြုလုပ်ခဲ့ကြသည်။

ဘင်္ဂလားဒေ့ရှ်သစ်တောဌာနက တောဆင်းရိုင်းသေဆူံးမှုအပေါ် ဒေသခံများကို အပြစ်တင်ရှုံ့ချပြီး လယ်ကွင်းများတွင် မှည့်စပြုနေသည့် ကောက်ပဲသီးနှံတို့ကို တောဆင်ရိုင်းများ မစားစေရန် လျှပ်စစ်ကြိုးများဖြင့် ထောင်ချောက်ဆင်ထားရာမှ ကြိုးနှင့်ထိမိပြီး လျှပ်စစ်လိုက်ကာ ရှော့ဖြစ်ပြီး သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ပြောကြားသည်။

အိုကီးယားမြို့နယ်မှ ကျောင်းဆရာတစ်ဦးက “တရားမဝင် လျှပ်စစ်ချိတ်ဆက်မှုတွေနဲ့ ဆင်တွေကိုသတ်ဖြတ်နေကြတာဟာ ဂေဟစနစ်ကိုပျက်စီးစေပါတယ်။ ပတ်ဝန်းကျင်ရဲ့ အစာကွင်းဆက် ဟန်ချက်ညီမှုကို ထိန်းသိမ်းဖို့အတွက် တောရိုင်းတိရစ္ဆာန်တွေကို အသက်ရှင်နေထိုင်ခွင့်ပြုဖို့ အရေးကြီးပါတယ်။ အရေးယူဆောင်ရွက်မှုတွေ မပြုလုပ်ပါက ဒီဒေသမှာဆင်ရိုင်းတွေ ကျန်ရှိတော့မှာမဟုတ်ပါဘူး” ဟု ပြောကြားခဲ့သည်။

ယခု တောဆင်ရိုင်းသေဆုံးခဲ့သည့် နေရာသည် ရက္ခိုင်ပြည်ဖက်က မေယုတောင်တန်းနဲ့ တစ်ဆက်တည်း တည်ရှိသည့် နေရာဖြစ်ပြီး တောဆင်ရိုင်းများ ပေါများရာနေရာတစ်ခုဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၇ ရက်နေ့တွင်လည်း အိုကီးယားမြို့နယ်ရှိ ကြိုးဝိုင်းသစ်တောတွင် အလားတူ လျှပ်စစ်ထောင်ချောက်ကြောင့် တောဆင်ရိုင်းတစ်ကောင် သေဆုံးခဲ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ