
ABN-နွယ်စိုး
မလေးရှားနိုင်ငံ kuala Kedah ရေပိုင်နက်တစ်ဝိုက်တွင် တရားမဝင် ဝင်ရောက်လာသော မြန်မာရွေ့ပြောင်းလုပ်သား ၁၆ ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃ ဦးပါရှိသည့် သင်္ဘောတစ်စီးကို ဧပြီလ ၈ ရက်နေ့က မလေးရှားကမ်းခြေစောင့်တပ် ဖမ်းဆီးထားကြောင်း သိရသည်။
မလေးရှား ကွာလာကေဒါရေကြောင်းရုံးမှ ပုံမှန်အတိုင်း ကင်းလှည့်နေစဥ် လန်ကာဝီဘက်မှ လာသော သင်္ဘောတစ်စီးကို တရားမဝင် ဝင်ရောက်လာသူများဟု သံသယရာရှိ၍ စစ်ဆေးမေးရာတွင် ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။
စစ်ဆေးမေးမြန်ရာတွင် မြန်မာနိုင်ငံသား ၁၆ ဦး၌ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) လျှောက်လွှာတစ်စောင်ပါရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃ ဦးတွင် တရားဝင် အထောက်အထား စာရွက်စာတမ်းများ မပါရှိကြောင်း အာဏာပိုင်းများမှ ပြောကြားခဲ့ပြီး ၄င်းတို့အား ရေကြောင်း ဇုန်ရုံးကို ပို့ဆောင်ထားကြောင်း ဆက်လက်ပြောကြားခဲ့သည်။
ဖမ်းဆီးခံထားရသည့် မြန်မာရွေ့ပြောင်းအလုပ်သား ၁၆ ဦး အပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃ ဦးနှင့်ပတ်သက်၍ အသေးစိတ် အချက်အလက်များကို မလေးရှားအာဏာပိုင်များက ဆက်လက်ပြောဆိုခြင်းမရှိသေးသော်လည်း ဖမ်းဆီးခံရသူများအနေဖြင့် တရားမဝင် ဝင်ရောက်မှုဖြင့် အရေးယူသွားမည်ဟု သိရသည်။
၄င်းအပြင် မလေးရှားနိုင်ငံတွင် တရားမဝင် ခိုးဝင်လာသူများအနေဖြင့် မလေးရှားနိုင်ငံ၏ လူဝင်ကြီးကြပ်ရေးအက်ဥပဒေ ၁၉၅၉/၆၃ ပုဒ်မ ၆ (၁)(ဂ)အရ မလေးရှားငွေ ၁၀၀၀၀ ထက်မပိုသော ဒဏ်ငွေဖြစ်စေ၊ ၅ နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ၆ကြိမ်ထက်မပိုသော ကြိမ်ဒဏ် ချမှတ်ခံရနိုင်ကြောင်း သိရသည်။
၄င်းအပြင် ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့ကလည်း မလေးရှားရေပြင်တွင် မြန်မာနိုင်ငံသား ၅ ဦးပါရှိသည့် ငါးဖမ်းလှေ တစ်စီး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။


