သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မလေးရှားနိုင်ငံသို့ ခိုးဝင်လာသည့် မူဆလင် ၃၀၀ နီးပါး တင်ဆောင်လာသော လှေတစ်စီး နစ်မြုပ်၊ ၁ ဦး သေဆုံးပြီး ဒါဇင်ချီ ပျောက်ဆုံးနေ

AB News – နိုဝင်ဘာ ၁၀၊ ၂၀၂၅
ဒေဝီ

ရွေ့ပြောင်းမူဆလင်များကို တင်ဆောင်လာသော လှေတစ်စင်းသည် မလေးရှားသို့ ဝင်ရန် ကြိုးစားနေစဉ် အိန္ဒိယသမုဒ္ဒရာတွင် နစ်မြုပ်သွားပြီး လူ ၁ ဦး သေဆုံးကာ ဒါဇင်ချီ ပျောက်ဆုံးနေကြောင်း မလေးရှားအာဏာပိုင်များက ယမန်နေ့ နိုဝင်ဘာ ၉ ရက်နေ့က ထုတ်ပြန်သည်။

အဆိုပါ လှေတွင် လူပေါင်း ၃၀၀ နီးပါး ပါဝင်ပြီး ထိုင်း-မလေးရှား ရေကြောင်းနယ်နိမိတ်အနီးတွင် နစ်မြုပ်သွားခြင်းဖြစ်ကြောင်း၊ လှေနစ်မြုပ်သည့်နေရာနှင့် အချိန်ကို မသိရသေးသော်လည်း လှေပေါ်ပါလာသူအများစုမှာ မြန်မာနိုင်ငံ၊ ရက္ခိုင်ပြည်မှ မူဆလင်များ ဖြစ်ကြောင်း သိရသည်။

မလေးရှား ရေကြောင်းပြ အေဂျင်စီ ဗိုလ်မှူးကြီး ရွမ်လီ မူစတဖာက “အစောပိုင်း စစ်ဆေးချက်တွေအရ လှေဟာ ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့ကနေ ထွက်ခွာလာပြီး သုံးရက်ခန့်အကြာမှာ နစ်မြုပ်သွားတာဖြစ်တယ်” ဟု ဆိုသည်။

အဆိုပါဖြစ်စဥ်အတွင်း ရှင်သန်ကျန်ရစ်သူအနည်းဆုံး ၁၀ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး၊ လူသေအလောင်း တစ်လောင်းလည်း ရရှိခဲ့ကြောင်း သိရသည်။

ကယ်ဆယ်ခံရသူအချို့ကို မလေးရှားမြောက်ပိုင်း လန်ကာဝီကျွန်းအနီး ရေပြင်တွင် မျောနေသည်ကို တွေ့ရှိခဲ့ပြီးနောက်၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များက စနေနေ့တွင် ရှာဖွေရေးလုပ်ငန်းများကို စတင်ခဲ့ကြောင်း သိရသည်။

မလေးရှားနိုင်ငံ ရဲချုပ် အဒ်ဇလီ အဘူရှားကလည်း “လှေဟာ ထိုင်းရေပိုင်နက်ထဲမှာ နစ်မြုပ်သွားတာ ဖြစ်နိုင်ပြီး နစ်နာသူတွေဟာ မလေးရှားဘက်ကို မျောလာခဲ့တာ ဖြစ်နိုင်ပါတယ်” ဟု Bernama သတင်းဌာနကို ပြောသည်။

မလေးရှားအာဏာပိုင်များက ယခင် ဇန်နဝါရီလအတွင်းလည်း တရားမဝင် ဝင်ရောက်ဖို့ ကြိုးစားခဲ့သည့် မူဆလင်ဒုက္ခသည် ၃၀၀ နီးပါး ပါဝင်သော လှေနှစ်စင်းကို နိုင်ငံထဲ ဝင်ခွင့်မပြုဘဲ ပြန်လှည့်ခိုင်းခဲ့ကြောင်း သိရသည်။

မလေးရှားနိုင်ငံသည် လူသားချင်းစာနာမှုအရ မူဆလင်ဒုက္ခသည်များကို ယခင်က လက်ခံခဲ့သော်လည်း လှေများဖြင့် အုပ်စုလိုက် ဆက်တိုက်ဝင်လာမှုကြောင့် ဒုက္ခသည်လက်ခံမှုကို ကန့်သတ်ရန် ကြိုးစားနေကြောင်း သိရသည်။

လက်ရှိအချိန်တွင် မလေးရှားနိုင်ငံရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှာ မှတ်ပုံတင်ထားသော မူဆလင်ဒုက္ခသည် ဦးရေမှာ ၁၁၇,၆၇၀ ခန့်ရှိပြီး၊ ထိုလူဦးရေမှာ မလေးရှားရှိ စုစုပေါင်း ဒုက္ခသည်ဦးရေ၏ ၅၉% ခန့်ဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ