
ABNews-နိုဝင်ဘာ၊၃၀၊၂၀၂၄
နိုဝင်ဘာလ ၂၉ ရက်နေ့ စနေနေ့က မလေးရှားနိုင်ငံတွင် ပုံမှန်ထက် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး လူပေါင်း ၉၄၇၇၈သောင်းကျော် အိုးအိမ်မဲ့ဖြစ်ခဲ့ရခြင်းကြောင့် ယာယီခိုလုံရေးစခန်း ၅၂၇ ကျော်ဖွင့်၍ နေရာချထားပေးထားရကြောင်း မလေးရှား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံကွပ်ကဲရေးဌာန၏ အွန်လိုင်းစာမျက်နှာတွင်သောကြာနေ့က ဖော်ပြထားခဲ့သည်။
Kelantan ပြည်နယ်သည် ရေဘေးဒဏ်ကို အဆိုးဆုံး ခံခဲ့ရပြီး ထိုဒေသတခုတည်းတွင် လူပေါင်း ၆ သောင်းကျော်ကို ကယ်ထုတ်ခဲ့ရသည်။
ယင်းအပြင် kelantan ပြည်နယ်နှင့်ဆက်စပ်နေသော Terengganu ပြည်နယ်တွင် လူပေါင်း ၂ သောင်းကျော် အိုးအိမ်မဲ့ဖြစ်ခဲ့ရပြီး ရေဘေး ဒုတိယအဆိုးဆုံး ကြုံခဲ့ရခြင်းဖြစ်သည်။
လက်ရှိမှာ အစိုးရ ဝန်ကြီးများ အားလုံးကို အားလပ်ရက် ခရီးမသွားဖို့ တားမြစ်ထားပြီး ရေဘေးသင့် ဒေသများအတွက် လိုအပ်သည့်အကူအညီများ ဖြန့်ဝေပေးဖို့ ညွန်ကြားထားကြောင့်ဝန်ကြီးချုပ် Anwar Ibrahim က သောကြာနေ့က ပြောကြားခဲ့သည်။
ယခုနှစ် ကြုံရသည့် ရေဘေးသည် ယခင် ၂၀၁၄ ခုနှစ်တုန်းက လူပေါင်း ၂၁ ယောက် သေဆုံးပြီး လူ ၂ သိန်းခွဲကျော် အိုးအိမ်မဲ့ဖြစ်ခဲ့ရသော အခြေအနေထက် ပိုမိုပြင်းထန်နိုင်ဖွယ် ရှိကြောင်း သဘာဝဘေးအန္တရာယ် တုန့်ပြန်ကိုင်တွယ်ရေး ဌာန၏ ဒုတိယ အကြီးအကဲ Ahmad Zahid Hamidi က သတိပေးပြောဆိုထားသည်။
ယခုရေဘေးသင့်နေသော ဒေသများအပြင် နောက်ထပ်ပြည်နယ် ၈ ခုတွင်လည်း ရှေ့လထဲ မိုး အပြင်းအထန် ရွာသွန်းနိုင်ခြေရှိကြောင်း မိုးလေဝသ ဌာနကလည်း သတိပေးထားသည်။
အစိုးရအနေဖြင့် လုံခြုံရေးဝန်ထမ်း ၈၂,၀၀၀ ကျော်အပြင် ကယ်ဆယ်ရေးလှေများ၊ လေးဘီးယာဉ်များနှင့် ရဟတ်ယာဉ်များပါ နေရာချထားကြောင်း ဝန်ကြီးချုပ်အာမက်ဇာဟစ်က ပြောကြားခဲ့သည်။
ရေကြီးမှုကြောင့် ထိုင်းနိုင်ငံတောင်ပိုင်းရှိ ပြည်နယ် ၇ခုတွင်လည်း ထိခိုက်ခဲ့ပြီး လေးဦးသေဆုံးကာ အိမ်ထောင်စု ၂၄၀,၀၀၀ ကျော် ထိခိုက်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။