
AB News – နိုဝင်ဘာ ၁၀၊ ၂၀၂၅
ဒေဝီ
မလေးရှားနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းတွင် လုပ်ကိုင်နေသော ချင်းလူငယ် ၁ ဦး သည် ၎င်းအလုပ်လုပ်နေသည့် ၁၂ ထပ်တိုက်ပေါ်မှ ပြုတ်ကျ၍ ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်နေ့က ဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသွားသည့် ချင်းလူငယ်မှာ ချင်းပြည်နယ်၊ လောက်တူဒေသ၊ ဆူရ်ငဲင်းရွာက အသက် ၂၀ အရွယ် ဆလိုင်း ဘွေကျင်ထန်း ဖြစ်ပြီး မလေးရှားသို့ သွားရောက်အလုပ်မလုပ်မီက ကလေးမြို့နယ်၊ သန်ဖိုကျေးရွာတွင် နေထိုင်ခဲ့ကြောင်း သိရသည်။
သေဆုံးခဲ့သူမှာ မလေးရှားနိုင်ငံ၊ Johor Bahru တွင် အလုပ်လုပ်ကိုင်နေစဥ် ၁၂ ထပ်တိုက်ပေါ်မှ ပြုတ်ကျခဲ့ခြင်းဖြစ်ပြီး ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ၃ ရက်အကြာ နိုဝင်ဘာ ၈ ရက်နေ့တွင် သေဆုံးခဲ့သည်။
သေဆုံးမှုနှင့်ပတ်သတ်၍ မလေးရှားနိုင်ငံရှိ လောက်တူ ခရစ်ယာန်အသင်းက ဝမ်းနည်းကြောင်း ဖော်ပြထားပြီး ရုပ်အလောင်းကို နိုဝင်ဘာလ ၁၁ ရက်နေ့တွင် မြေမြှုပ်သင်္ဂြိုလ်သွားမည်ဟု ဖော်ပြထားသည်။