
AB New – နိုဝင်ဘာ ၉၊ ၂၀၂၅
မောင်လိုကီ
ဘိန်းဖြူထုတ်လုပ်ရန်အတွက် ကုန်ကြမ်းပစ္စည်းများကို မြန်မာနိုင်ငံဘက်မှ ဘင်္ဂလားဒေ့ရှ်နိုင်ဘက်သို့ တင်ပို့ပြီး၊ ဘင်္ဂလားဒေ့ရှ်မှ အိန္ဒိယဘက်သို့ တင်ပို့နေကြောင်း The Daily Sun တွင် ရေးသားဖော်ပြထား သည်။
၎င်း ကုန်ကြမ်းများအား အိန္ဒိယဘက်မှ ဘိန်းဖြူအဖြစ် ကုန်ချောထုတ်လုပ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ပြန်လည်ဝင်ရောက်ရောင်းချနေကြောင်းသိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဌာန ( Department of Narcotics Control-DNC) သည် မကြာသေးမီက အာဏာပိုင်များအား ဘိန်းဖြူထုတ်လုပ်ရန်ကုန်ကြမ်းများအား ၎င်းတို့နိုင်ငံကို ခုတုံးလုပ်ပြီး ကုန်သွယ်နေခြင်းအပေါ် အာဏာပိုင်များအား စိုးရိမ်ဖွယ်ကောင်းသော နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုအခြေအနေဖြစ်ကြောင်း အသိပေးခဲ့ကြောင်းသိ့ရသည်။
မြန်မာနိုင်ငံက ဘင်္ဂလားဒေ့ရှ်ဘက်သို့ ဘိန်းဖြူထုတ်လုပ်ရာတွင် အသုံးပြုသည့် ကုန်ကြမ်းများသာမက ဘိန်းစိုက်ပျိုးရန်အတွက် ဘိန်းစေ့များကိုလည်း တင်သွင်းမှုများရှိလာပြီး၊ အဆိုပါ တင်သွင်းလာမှုများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ် စိုးရိမ်မှုအသစ်တစ်ခုဖြစ်နေကြောင်း သိရသည်။
အဆိုပါ တင်သွင်းမှုများမှာ မူဆလင်ဒုက္ခသည်စခန်းများမှ ဝင်လာခြင်းဖြစ်ကြောင့် သတင်းများထွက်ပေါ်နေပြီး ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့်လည်း မူးယစ်ဆေးဝါး ရောင်းဝယ်မှုကို ထိန်းချုပ်ရန် တင်းကျပ်သော အဆင့်မြင့်စောင့်ကြည့်မှုများပြုလုပ်ရန် တွန်းအားပေးထားကြောင်း သိရသည်။
အကောက်ခွန်ဌာနက ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း သိမ်းဆည်းရမိသော ဘိန်းစေ့များကို ကိုင်တွယ်နေကြောင်း ပြောကြားခဲ့ပြီး DNC ၏ ဓာတုဗေဒဌာနမှ စမ်းသပ်မှုများအရ မျိုးစေ့များသည် အပင်ပေါက်နိုင်စွမ်းမရှိနိုင်ကြောင်း DNC စစ်တကောင်းဌာနခွဲ၏ ဒုတိယညွှန်ကြားရေးမှူး ဟူမာရန်ကဘာ က သိရသည်။
အလားတူ အာရှတိုက်တွင် စိတ်ကြွမူးယစ်ဆေးဝါး ဖြန့်ဝေနေကြသော ဖြစ်စဉ်၏ နောက်ကွယ်တွင် တရုတ်နိုင်ငံမှ ကုန်ကြမ်းပစ္စည်းတင်ပို့နေခြင်းကိုတွေ့ရကြောင်း Washington Post သတင်းစာ၏ နိုဝင်ဘာလ ၈ ရက်နေ့ထုတ် သတင်းဆောင်းပါးတစ်ပုဒ်တွင် တွေ့ရသည်။
၎င်းကုန်ကြမ်းများကို တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်ဘက်သို့ အလုံးအရင်းတင်ပို့နေပြီး အာရှ-ပစိဖိတ်ဒေသတွင် စိတ်ကြွမူးယစ်ဆေး စျေးနှုန်းကျလာကာ သုံးစွဲမှုလည်း ပိုမို များပြားလာကြောင်း သိရသည်။
တရုတ်အစိုးရက မူးယစ်ဆေးဝါးကုန်ကြမ်းများ အလွယ်တကူ မှောင်ခိုရောင်းဝယ်ရန် ခွင့်ပြုထားပြီး ၎င်း၏ ကြီးမားသော ဓာတုပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းများ အဆင်ပြေရန်အတွက် နိုင်ငံတကာစံနှုန်းများကို လိုက်နာရန် ပျက်ကွက်နေသည်ဟု စွပ်စွဲခံနေရကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။