သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘင်္ဂလားပင်လယ်အော်တွင် ၅ ရက်ကြာ ဘင်္ဂလားဒေ့ရှ်ရေတပ် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့

AB News – ဒီဇင်ဘာ ၁၊ ၂၀၂၅
ချန်ဒြာ

ဘင်္ဂလားပင်လယ်အော်တွင် ပြုလုပ်ခဲ့သော ၅ ရက်ကြာ ရေတပ်စစ်ရေးလေ့ကျင့်မှုမှာ ယမန်နေ့ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် စစ်တပ်၏ ပြည်သူ့ ဆက်ဆံရေးဌာန (ISPR) က ထုတ်ပြန်လိုက်သည်။

အဆိုပါ ရေတပ် စစ်ရေးလေ့ကျင့်မှုကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရေတပ်၏ “၂၀၂၅ ခုနှစ်၊ နှစ်ပတ်လည် ပင်လယ်ပြင်လေ့ကျင့်မှု” အဖြစ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယင်း ၅ ရက်ကြာ ရေတပ်စစ်ရေးလေ့ကျင့်မှုအတွင်း ဒုံးကျည်ပစ်ခတ်မှုကို အဓိကထား လေ့ကျင့်ခဲ့ကြပြီး ဘင်္ဂလားဒေ့ရှ်ရေတပ်၏ ဖရီးကိတ်၊ ကော်ဗက်သင်္ဘောများ၊ မိုင်းရှင်းသင်္ဘောများ၊ လောင်စာဆီတင်သင်င်္ဘောများ၊ ဒုံးကျည်တက်သင်္ဘောများနှင့် ရေတပ်ရဟတ်ယာဥ်များနှင့်အတူ အထူးတပ်ဖွဲ့ Special Warfare Diving and Salvage (SWADS) များ ပါဝင်ခဲ့ကြောင်း သိရသည်။

စစ်ရေးလေ့ကျင့်မှုကို ရေတပ်၏ မဟာဗျူဟာအမျိုးမျိုး၊ သမုဒ္ဒရာကို ကင်းထောက်၊ စောင့်ကြည့်၊ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများနှင့် ကမ်းရိုးတန်းဒေသရှိ ရေတပ်စခန်းများကို ကာကွယ်ရန် လေ့ကျင့်ပေးခဲ့ကြောင်း သိရသည်။

ရေတပ်စစ်ရေးလေ့ကျင့်မှုနောက်ဆုံးနေ့တွင် ရေတပ်မှ ဒုံးကျည်များ ပစ်လွှတ်ခြင်း၊ မြေပြင်မှ ပခုံးထမ်း ဝေဟင်ပစ်ဒုံးကျည်ပစ်ခတ်ခြင်း၊ လေကြောင်းရန်ကာကွယ်ရေး အမြန်ပစ်ခတ်ခြင်း၊ UAV စစ်ဆင်ရေး (မောင်းသူမဲ့လေယာဉ်ဖြင့် စစ်ဆင်ခြင်း)၊ ရေတပ်ကွန်မန်ဒိုများ၏ ရဟတ်ယာဉ် HVBSS လေ့ကျင့်ခန်းများ ပါဝင်သည်။

ဤကဲ့သို့ ရေတပ်စစ်ရေးလေ့ကျင့်မှု၏ အဓိကရည်ရွယ်ချက်မှာ နိုင်ငံတော်၏ အချုပ်အခြာအာဏာ ရေပြင်ပိုင်နက်ကို ကာကွယ်စောင့်ရှောက်ရန်၊ ပင်လယ်ရေအရင်းအမြစ်များကို ထိန်းသိမ်းရန်၊ ပင်လယ်ကမ်းခြေဘေးကင်းရေး ပြဋ္ဌာန်းချက်များအပါအဝင် ပင်လယ်ဓားပြနှင့် တရားမဝင်မှောင်ခိုမှုများကို ကာကွယ်နှိမ်နင်းရန်နှင့် ကမ်းရိုးတန်းဒေသများ၏ ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းရန်အတွက်ကြောင်း ဖြစ်ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ