
AB News – ဖေဖော်ဝါရီ ၁၂၊ ၂၀၂၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကြားဖြတ်အစိုးရအဖွဲ့ အကြီးအကဲ (Chief Adviser) နိုဘယ်လ်ဆုရှင် ဒေါက်တာ မူဟာမတ် ယူနွတ်စ် သည် ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်လျက်ရှိသည့် (၁၃) ကြိမ်မြောက် အထွေထွေရွေးကောက်ပွဲနှင့် “ဇူလိုင် အမျိုးသားပဋိညာဉ်” (July National Charter) ဆိုင်ရာ လူထုဆန္ဒခံယူပွဲတွင် ပါဝင်မဲပေးခဲ့ကြောင်း သိရသည်။
ဒေါက်တာ ယူနွတ်စ်သည် ဒါကာမြို့ရှိ Gulshan Model School and College မဲရုံသို့ ယနေ့ ကြာသပတေးနေ့၊ နံနက် ၁၀ နာရီ၂၅ မိနစ်တွင် ရောက်ရှိလာပြီး ၎င်း၏ ဆန္ဒမဲကို ပေးခဲ့ခြင်း ဖြစ်သည်။
မဲပေးနေသည့် ဓာတ်ပုံများကို Chief Adviser GOB ၏ တရားဝင် လူမှုကွန်ရက် စာမျက်နှာတွင် ထုတ်ပြန်ထားပြီး ပြည်သူလူထု၏ စိတ်ဝင်စားမှု အမြောက်အမြား ရရှိနေသည်ကို တွေ့ရသည်။
ယခုကျင်းပသည့် ရွေးကောက်ပွဲသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နိုင်ငံရေးအပြောင်း အလဲကာလတွင် အလွန်အရေးကြီးသည့် ခြေလှမ်းတစ်ခု ဖြစ်သည်။
ရွေးကောက်ပွဲမှတစ်ဆင့် နိုင်ငံ၏ အနာဂတ်အစိုးရသစ်ကို ရွေးချယ်သွားမည်ဖြစ်သလို၊ ပြီးခဲ့သည့်နှစ် လူထုအုံကြွမှုများမှ ပေါ်ထွက်လာသည့် ပြုပြင် ပြောင်းလဲမှုများအပေါ် အခြေခံထားသည့် “အမျိုးသားပဋိညာဉ်သစ်” ကို အတည်ပြုရန် အတွက်လည်း ပြည်သူ့ဆန္ဒ ရယူနေခြင်းဖြစ်ကြောင်း သိရသည်။
ဒေါက်တာ မူဟာမတ် ယူနွတ်စ် ဦးဆောင်သည့် ကြားဖြတ်အစိုးရသည် နိုင်ငံအတွင်း ဒီမိုကရေစီစနစ် ပြန်လည် ထူထောင်ရန်နှင့် တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်ပေါ်လာစေရန် တာဝန်ယူ ဆောင်ရွက်နေခြင်း ဖြစ်သည်။
Photo – Chief Adviser GOB
#AB_News #Bangladesh #Election2026 #MuhammadYunus #JulyNationalCharter #Democracy #ChiefAdviser