
ABN-နွယ်စိုး
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့က ဒုက္ခသည်စခန်းတစ်ခု၌ ထောင်နဲ့ချီသော မူဆလင်များ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည့် မီးလောင်မှုသည် ‘’တမင်တကာ စီစဥ်ပြီး မီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့’’ မီးလောင်မှုစုံစမ်း စစ်ဆေးရေးအဖွဲ့က မတ်လ ၁၃ ရက်နေ့က ပြောကြားခဲ့သည်။
အဆိုပါမီးလောင်မှုကြောင့် အိမ် ၂၈၀၀ နီးပါးနှင့် ဆေးရုံများ၊ စာသင်ကျောင်းများအပါအဝင် အဆောက်အအုံ ၉၀ ကျော် မီးလောင်ကျွမ်းခဲ့ရပြီး လူပေါင်း ၁၂၀၀၀ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း အာဏာပိုင်းများက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က အကြမ်းဖက်စစ်ကောင်စီတပ်မှ နှိမ်နှင်းဖြိုခွင်ရာတွင် မူဆလင် တစ်သန်း တစ်သောင်းကျော်လောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ပြေးခဲ့ကြပြီး ကော့ဇ်ဘဇားနယ်စပ်ခရိုင်ရှိ စခန်းတွင် ဝါးနှင့် ပလပ်စတစ်အကာများဖြင့် ဆောက်လုပ်ထားသည့် တဲအိမ်များတွင် နေထိုင်ကြကြောင်း သိရသည်။
‘’မီးလောင်မှုဟာ တမင်တကာ မီးရှို့ဖျက်ဆီးဖို့ စီစဥ်ထားတဲ့ လုပ်ရပ်တစ်ခုပါ’’ ဟု အဖွဲ့ဝင် ၇ ဦးပါဝင်သော စုံစမ်းစစ်ဆေးရေးကော်မတီ၏ အကြီးအကဲ Abu Sufian က ရိုက်တာသတင်းဌာနသို့ တနင်္ဂနွေနေ့က ဖုန်းဖြင့် ပြောကြားခဲ့သည်။
ထိုမီးလောင်မှုသည် နေရာအနှံအပြားတွင် တပြိုင်နက်တည်း ချက်ချင်းမီးလောင်ကျွမ်းခဲ့ခြင်းနှင့်ပတ်သက်၍ မတော်တဆဖြစ်ခြင်းမဟုတ်ဘဲ တမင်တကာ စီစဥ်ထားသည့်လုပ်ရပ်ဖြစ်ကြောင်း ၄င်းက ဆက်ပြောခဲ့ပြီး စခန်းအတွင်းက ရပ်ရွာအခြေပြုဂိုဏ်းများသည် ရာထူးကြီးမားလာစေရန်အတွက် ကြိုးပမ်းခဲ့ခြင်းဖြစ်သည် ဟု ၄င်းက ပြောခဲ့သော်လည်း ထိုမီးလောင်မှုတွင်ပါဝင်ခဲ့သည့် အဖွဲ့များကို ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ကြောင်း သိရသည်။
‘’အချိန်တိုအတွင်းလေးမှာ အနည်းဆုံး ၅ နေရာလောက် မီးလောင်သွားတယ်။ မီးမလောင်ခင် တစ်ရက်အလိုမှာ အဲဒီစခန်းမှာ ပစ်ခတ်မှုနဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်” ဟုSufian က ပြောကြားခဲ့သည်။
ထိုဖြစ်ရပ်များနှင့်ပတ်သက်၍ ကမ္ဘာ့အကြီးဆုံးဒုက္ခသည်စခန်းအတွင်း လူဆိုးဂိုဏ်းများကြား၌ ကြီးထွားလာသော အောက်ခြေစစ်ပွဲ၏ လက္ခဏာ ဖြစ်ကြောင်း ဒေသခံများက ပြောကြားခဲ့သည်။
‘’ဖြစ်ရပ်နောက်ကွယ်က အဖွဲ့တွေ ကို ဖော်ထုတ်ဖို့ ဥပဒေစိုးမိုးရေးအေဂျင်စီက ထပ်လောင်းစုံစမ်းစစ်ဆေးဖို့ အကြံပြုထားပါတယ်’’ ဟု ၄င်းက ပြောကြားခဲ့သည်။
မူဆလင် ဒုက္ခသည်စခန်းများအတွက် သီးခြားမီးသတ်တပ်ဖွဲ့တစ်ခု ဖွဲ့စည်းရန်လည်း လိုအပ်ကြောင်း ကော်မတီမှ အကြံပြုခဲ့ပြီး စခန်းတစ်ခုစီအတွက် မီးသတ်ယာဥ်များလုပ်ရာမှာ ကျယ်ကျယ်ပြန့်ပြန့်လုပ်ရန် လိုအပ်ကြောင်းနှင့် စခန်းအတွင်း မီးလောင်ရန်လွယ်ကူသည့် ပစ္စည်းများကို အိမ်တွင် လျှော့သုံးသင့်သည်ဟု အကြံပြုခဲ့ကြောင်း သိရသည်။
ထိုမီးလောင်မှုဖြစ်ပွားခြင်းနှင့်ပတ်သက်၍ စခန်းအတွင်းရှိ ဒုက္ခသည်အခွင့်အရေးလှုပ်ရှားသူ Mohammed Rezuwan Khan က မီးလောင်မှုသည် မတော်တဆဖြစ်ခဲ့ခြင်းမဟုတ်ဘဲ ဂိုဏ်းအဖွဲ့တစ်ဖွဲ့က ရည်ရွယ်ချက်ရှိရှိ မီးလောင်ကျွမ်းအောင် ဖန်တီးခဲ့ကြောင်း ပြောကြားခဲ့သည်။

‘’လွတ်လပ်ရေး တိုက်ခိုက်ရေး သမားတွေလို့ ခေါ်တဲ့ မူဆလင် ဂိုဏ်းတွေ ကျွန်တော် တို့ရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီး ငြိမ်းချမ်းစွာ အသက်ရှင်နေတာကို မလိုလားဘူး’’ ဟု ၄င်းက ဆိုသည်။
အဆိုပါစခန်းများတွင် မကြာခဏ မီးလောင်ကျွမ်းမှုများဖြစ်ပွားလေ့ရှိပြီး ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မတ်လအတွင်းကလည်း ကြီးမားသည့် မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ရာ ဒုက္ခသည် ၁၅ ဦးထက်မနည်းသေဆုံးခဲ့ရပြီး အိမ်ခြေ ၁၀၀၀၀ ကျော် ပျက်စီးခဲ့ရကြောင်း သိရသည်။
မူဆလင် ဒုက္ခသည်အများစုမှာ နေရေးထိုင်ရေး အခက်အခဲရှိပြီး မြန်မာနိုင်ငံသို့ ပြန်ရန် အလားအလာမှာလည် ဆိုးဝါးနေသောကြောင့် ၄င်းတို့၏ အသက်အန္တရာယ်ကို စွန့်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများသို့ စက်လှေများဖြင့် ထွက်ခွာလာမှုများလာကြောင်း သိရသည်။
၂၀၂၂ ခုနှစ်အတွင်းတွင် ကုလသမဂ္ဂ၏ အချက်အလက်များအရ မူဆလင် ၃၈၄ ဦး ပင်လယ်ပြင်၌ ရေနစ်သေဆုံးခဲ့သည်ဟု ယူဆရပြီး မူဆလင် ဒုက္ခသည် အများစုအတွက် အသေအပျောက် အများဆုံးနှစ်များထဲမှ ၁နှစ်ဖြစ်ကြောင်း သိရသည်။
ALZAZEERA သတင်းဌာနတွင် ဖော်ပြသော Fire at Rohingya camps ‘planned sabotage’, Bangladesh panel says သတင်းကို ဘာသာပြန်ဆိုသည်။