AB News – နိုဝင်ဘာ ၁၈၊၂၀၂၅
နွယ်စိုး
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နေထိုင်ကြသော လူနည်းစုဌာနေ တိုင်းရင်းသားများ၏ အခွင့်အရေးများ၊ ဘာသာရေး အခွင့်အရေးများ၊ ဖိနှိပ်ခံရမှုများနှင့် ပတ်သက်သော စိန်ခေါ်မှုများအား ရင်ဆိုင်ဖြေရှင်းနိုင်ကြရန် ညီလာခံတစ်ရပ်ကို ဘာသာရေးခေါင်းဆောင်များနှင့် တိုင်းရင်းသားခေါင်းဆောင်များက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ညီလာခံကို ဒါကာမြို့ရှိ စီးပွားရေး ဖိုရမ်ခန်းမတွင် ဘင်္ဂလားဒေ့ရှ်ရှိ ဟိန္ဒူ၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်အသင်းများက ဦးဆောင်ကျင်းပခဲ့ကြောင်း သိရသည်။
ညီလာခံသို့ လူနည်းစုဌာနေတိုင်းရင်းသားကိုယ်စားပြုအဖွဲ့အစည်းများ၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်နှင့် ဟိန္ဒူဘာသာရေးအဖွဲ့အစည်းများ စုစုပေါင်း ၄၃ ခု တက်ရောက် ဆွေးနွေးခဲ့ကြသည်။
ညီလာခံသို့ တက်ရောက်လာကြသည့် လူနည်းစုဌာနေတိုင်းရင်းသားခေါင်းဆောင်များနှင့် ဘာသာရေးခေါင်းဆောင်များက ဘင်္ဂလားဒေ့ရှ်ရှိ လူနည်းစုဘာသာဝင်များနှင့် တိုင်းရင်းသားလူနည်းစုများအတွက် စည်းလုံးညီညွတ်ရမည့်အချိန်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြား ခဲ့ကြသည်။
ညီလာခံတွင် တိုင်းရင်းသားလူနည်းစုအဖွဲ့အစည်းများနှင့် ဘာသာရေးအဖွဲ့အစည်းများမှ ဥက္ကဋ္ဌများနှင့် အထွေ ထွေအတွင်းရေးမှူးများ ပါဝင်သည့် ဦးဆောင်ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့ကြသည်။
လက်ရှိတွင် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိုက် ဟာဆီနာအား လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြင့် ဘင်္ဂလားဒေ့ရှ် စစ်ရာဇဝတ်မှုဆိုင်ရာ တရားရုံးတစ်ခုက ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ကာ ယမန်နေ့ နိုဝင်ဘာလ ၁၇ရက်နေ့က သေဒဏ်ချမှတ်လိုက်သည်။
Sheikh Hasina သေဒဏ်ပေးပြီးနောက် အိန္ဒိယနှင့် ယူနွတ်စ်အစိုးရကြား အပြန်အလှန် Statement ထုတ်ခဲ့ကြပြီး ချိတ်ဟာဆီနာအား ဘင်္ဂလားဒေ့ရှ်သို့ ပြန်ပို့ရန် တိုက်တွန်းခဲ့သည်။
ယူနွတ်အစိုးရလက်ထက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ လူနည်းစုဌာနေတိုင်းရင်းသားများ၊ မတူကွဲပြား လူမျိုး၊ ဘာသာဝင်များအပေါ် ပစ်မှတ်ထားလျက် လူမဆန်စွာ တိုက်ခိုက်မှုများကို စနစ်တကျ ကျူးလွန်လျက်ရှိသည်။

