
AB News – အောက်တိုဘာ ၂၀၊ ၂၀၂၅
ချန်ဒြာ
ဘင်္လားဒေ့ရှ်နိုင်ငံ ရေပိုင်နက်ထဲသို့ ကျူးကျော်ဝင်ရောက်ကာ ငါးခိုးဖမ်းသည့် ရေလုပ်သား ၁၄ ဦးပါ အိန္ဒိယငါးဖမ်းသင်္ဘော ၁ စီးကို ဘင်္ဂလားဒေ့ရှ်ရေတပ်က ဖမ်းဆီးထိန်းသိမ်းထားခဲ့ကြောင်း BD 24 Live ၏ ဖော်ပြချက်အရ သိရသည်။
ရေလုပ်သား ၁၄ ဦးပါ အိန္ဒိယငါးဖမ်းသင်္ဘောသည် ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက်နေ့ ညနေပိုင်းတွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ၎င်းတို့ကို အောက်တိုဘာလ ၁၈ ရက်နေ့တွင် မိုင်းလားရေတပ်စခန်းသို့ ပို့ဆောင်ခဲ့ကာ လုပ်ထုံးလုပ်နည်းအတိုင်း လိုအပ်သည်များကို စစ်ဆေးမေးမြန်းမှုများပြုလုပ်ပြီးနောက် ညနေ ၈ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မိုင်းလားရဲစခန်းသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဖမ်းဆီးခံထားရသည့် အိန္ဒိယ ငါးဖမ်းသမားများမှာ ချန်ဒြာ ဒက်စ် (Chandra Das)၊ အာနန် ဒက်စ် (Anand Das)၊ ဆဒါနန္ဒာ ဒက်စ် (Sadananda Das)၊ ရှက်ခါး ဒက်စ် (Shakhar Das)၊ ဆူဘာရှ် ဒက်စ် (Subhash Das)၊ ဂေါ်ရန်ဂါ ဒက်စ် (Gaur Angara Das)၊ မိုနီ ရှာကာ စစ်ခ်ဒါး (Moni Shakar Sikder)၊ ဘီပူလ် ဒက်စ် (Bipul Das)၊ မြိတျူန်ဂျေး ဒက်စ် (Mrityunjay Das)၊ ဂေါ်ရန်ဂါ ဟယ်လ်ဒါး (Gauranga Haldar)၊ ဂေါ်တမ် ဒက်စ် (Gautam Das)၊ ဘစ်ရှ်ဝါဂျစ် ဒက်စ်(Bishwajit Das)၊ ဆူဂျန် ဘီယာဝါစ် (Sujan Biawas) နှင့် ဘီဂျွိုင်း ဒက်စ် (Bijoy Das) တို့ဖြစ်ကြောင်း သိရှိရသည်။
ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်အတွင်းသို့ တရားမဝင် ငါးခိုးဖမ်းသူများမှာ အိန္ဒိယနိုင်ငံ၊ ကာလကတ္တားတောင်ပိုင်း 24 Parganas ခရိုင်မှ ဖြစ်ပြီး FB Shuvojatra ငါးဖမ်းသင်္ဘောနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရေပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်ငါးခိုးဖမ်းစဉ် မိုင်းလားနယ်စပ်တွင် ကင်းလှည့်နေသော Banouja Shahid Akhter Uddin ဦးဆောင်သည့် တပ်ဖွဲ့မှ ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်း Mohammad Zahiduk Islam က ဆိုသည်။
ထို့နောက် အိန္ဒိယငါးဖမ်းသမားများကို ရေကြောင်းနယ်နိမိတ်ဖောက်ဖျက်ပြီး ငါးဖမ်းသံယံဇာတများ လုယက်မှုဖြင့် အမှုဖွင့်အရေးယူကာ ယနေ့နံနက်ပိုင်းတွင် Bagerhat တရားရုံးမှ ထောင်သို့ ပို့ဆောင်မည်ဖြစ်ကြောင်း မိုင်းလားသနာဌာန တာဝန်ခံ Md. Anisur Rahman က ပြောသည်။
အိန္ဒိယငါးဖမ်းသင်္ဘောတွင် ငါးသလောက်အပါအဝင် ငါးမျိုးစိတ် မျိုးစုံ ၅၅၀ ကီလိုဂရမ်ခန့်ပါရှိပြီး ထိုငါးများကို လေလံတင်ရောင်းချမည်ဖြစ်ကာ ငါးရောင်းရငွေကို အစိုးရ၏ဝင်ငွေအဖြစ် သတ်မှတ်သွားမည်ဟု Upazila Senior Fisheries Officer Md. Zahidur Rahman က ပြောသည်။
ပုံစာ – ဘင်္ဂလားဒေ့ရှ်ရေပိုင်းနက်အတွင်းသို့ တရားမဝင် ငါးခိုးဖမ်းသည့် အိန္ဒိယနိုင်ငံသား ၁၄ ဦးအား ဘင်္ဂလားဒေ့ရှ်ရေတပ်မှ ဖမ်းဆီးထိန်းသိမ်းခြင်း။