
AB News – နိုဝင်ဘာ ၉၊၂၀၂၅
နွယ်စိုး
အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး အိန္ဒိယတပ်စခန်းများ တည်ဆောက်နေခြင်းသည် မဟာဗျူဟာဆိုင်ရာ စိုးရိမ်မှုများကို ဖြစ်ပေါ်စေကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စစ်တပ်မီဒီယာများက ရေးသားဖော်ပြထားသည်။
အဆိုပါ တပ်စခန်းများကို အိန္ဒိယအနောက်ဘက် ဘင်္ဂလားပြည်နယ်၊ ဒီနာ့ဂျ်ပူရ်ခရိုင်မြောက်ပိုင်း ချိုပါရာနှင့် (အာသံပြည်နယ်) Dhubari ခရိုင်ရှိ Bamunigaon တို့တွင် တည်ဆောက်ထားကြောင်း ဖော်ပြထားသည်။
ယခုတည်ဆောက်ထားသည့် အိန္ဒိယတပ်စခန်းများသည် ဘင်္လားဒေ့ရှ်နိုင်ငံ၊ Panchagarh ခရိုင် Tetulia က တစ်ကီလိုမီတာ အကွာအဝေးတွင် တည်ရှိပြီး စခန်း၏ မျက်နှာချင်းဆိုင်တွင် ဘင်္ဂလားဒေ့ရှ် Lalmonirhat လေတပ်(BAF) အခြေစိုက်စခန်းရှိသည်။
အာသံပြည်နယ်၊ Dhubari ခရိုင်ရှိ Bamunigaon အခြေစိုက်စခန်းသည် အိန္ဒိယ၏ စစ်ဆင်ရေးဆိုင်ရာ လုပ်ငန်းများအား လက်လှမ်းမီနိုင်ရန် ရည်ရွယ်ပြီး နှစ်နိုင်ငံကြားရှိ စင်္ကြ၏ အနောက်ဘက်ချဉ်းကပ်မှုများအထိ တိုးချဲ့ထားခြင်းဖြစ်သည်ဟု ဆိုထားသည်။
အိန္ဒိယအရှေ့ပိုင်း တပ်မမှူး ဒုတိယဗိုလ်ချုပ်ကြီး RC Tiwari အနေဖြင့် နိုဝင်ဘာလ ၆ ရက်နေ့က အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးရှိ မြောက်ဒီနာ့ဂျ်ပူရ်ခရိုင်ရှိ ချိုပါရာမှ အခြေစိုက်စခန်းသို့ သွားရောက်လည်ပတ်ခဲ့ကြောင်း အိန္ဒိယအရှေ့ပိုင်း စစ်ဌာနချုပ်၏ အစီအရင်ခံစာတွင် ဖော်ပြထားသည်။
ယခုကဲ့သို့ တပ်စခန်းများတည်ဆောက်ထားခြင်းသည် အရှေ့မြောက်ပိုင်းနယ်စပ်ဒေသတွင် အိန္ဒိယစစ်တပ်၏ ထောက်ပံ့ပို့ဆောင်ရေးနှင့် စစ်ဆင်ရေးစွမ်းရည်ကို မြှင့်တင်ပေးလိမ့်မည် ဖြစ်ကြောင်း ဆိုထားသည်။
ယင်းအပြင် အခြေစိုက်စခန်းများ တည်ထောင်ခြင်းသည် အိန္ဒိယ၏ ကာကွယ်ရေးအခြေခံအဆောက်အအုံနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက် တုံ့ပြန်မှုစွမ်းရည်များကို အားကောင်းစေရာတွင် သိသာထင်ရှားသော ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ဖော်ပြထားသည်။