
AB News – ဇူလိုင် ၁၇ ၊ ၂၀၂၅
ချန်ဒြာ
ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း ဂိုပါလ်ဂန်ဂျ်မြို့ (Gopalganj) မြို့ တစ်နေရာတွင် ကျင်းပသော National Citizen Party (NCP) မှ ဦးဆောင်ပြုလုပ်သည့် လူထုစုဝေးပွဲကို စစ်တပ်မှ ဖြိုခွင်းခဲ့သည့်အတွက် လူ ၄ ဦးသေဆုံးသွားခဲ့ကြောင်း Banglanews 24 ၏ ဖော်ပြချက်အရ သိရသည်။
သေဆုံးသွားသူများမှာ အသက် ၁၈ နှစ်အရွယ် Imon Talukder၊ အသက် ၂၂ နှစ်အရွယ် Ramzan Kazi ၊ အသက် ၂၅ နှစ်အရွယ် Dipto Saha နှင့် အသက် ၃၅ နှစ်အရွယ် Idris Mollah တို့ဖြစ်ကြောင်း သိရသည်။
ယမန်နေ့ ဇူလိုင်လ ၁၆ ရက်နေ့တွင် NCP က လူထုစုဝေးပွဲပြုလုပ်ခဲ့ပြီး အဆိုလူစုလူဝေးကို ဘင်္ဂလားဒေ့ရှ်စစ်တပ်၏ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲဝင်များက အင်အားသုံး ဖြိုခွင်းခဲ့သည့်အတွက် လူ ၄ ဦးသေဆုံးသွားခဲ့ရသည်။
အဆိုပါဖြစ်ရပ်အတွင်း ရုန်းရင်းဆန်ခတ်ဖြစ်ပေါ်ခဲ့ပြီး ၄ ဦးမှာ သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ရသည်။ ထို့ပြင် သေနတ်ဒဏ်ရာရရှိသူ အများအပြားလည်းရှိကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က ဂိုပါလ်ဂန်ဂျ် (Gopalganj) မြို့တွင် ပုဒ်မ ၁၄၄ ဖြင့် ည ၈ နာရီမှစ၍ ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
National Citizen’s Party (NCP) သည် ဖြုတ်ချခံ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာကို ထောက်ခံသူများဖြစ်ပြီး လက်ရှိ ကြားဖြတ်အစိုးရ ယူနွတ်စ်ဦးဆောင်သော အစိုးရအဖွဲ့အား ကန့်ကွက်နေကြသူများဖြစ်သည်။