သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘင်္ဂလားဒေ့ရှ်တွင် BNP ပါတီ အပြတ်အသတ်အနိုင်ရ(ပါတီခေါင်းဆောင် Tarique Rahman အား ဝန်ကြီးချုပ် ခန့်အပ်မည်)

AB News – ဖေဖော်ဝါရီ ၁၃၊၂၀၂၆
နွယ်စိုး

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲ၌ ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီ(BNP)မှ အပြတ်အသတ် အနိုင်ရရှိခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်မီဒီယာများတွင် ရေးသားဖော်ပြသည်။

မဲအနိုင်ရရှိခဲ့မှုကြောင့် ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီ(BNP) ပါတီမှာ အစိုးရဖွဲ့ခွင့် ရရှိမည်ဖြစ်၍ ပါတီခေါင်းဆောင်သူဖြစ်သူ အသက် ၆၀ အရွယ် တာရစ်ရာမန် (Tarique Rahman) ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်မည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားပါတီ(BNP) သည် မဲဆန္ဒနယ် ၂၉၉ အနက် ၂၁၂ နေရာတွင် အပြတ်အသတ် အနိုင်ရရှိထားကြောင်း ယနေ့ ဖေဖော်ဝါရီလ၊ ဒေသခံစံတော်ချိန် နံနက် ၁၀ နာရီတွင် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာထားသည်။

BNP ပါတီ၏ ပြိုင်ဘက် အင်အားကြီးပါတီ ဂျမတ်အီ အစ္စလာမ်မီ(Jamaat-e-Islami) မှာ အမတ်နေရာ ၅၀ ခန့်သာ အနိုင်ရရှိသောကြောင့် ရွေးကောက်ပွဲတွင် ရှုံးနိမ့်သည်ဟု ပါတီတာဝန်ရှိသူများမှ ဝန်ခံထားကြသည်။

BNP ပါတီ၊ Jamaat-e-Islami ပါတီနှင့် အပြိုင်ဖြစ်သော ကျောင်းသားလူငယ်များဦးဆောင်သည့် The National Citizen Party(NCP) ပါတီမှာ မဲဆန္ဒနယ် ၃၀ ခုတွင် ဝင်ရောက်ယာဉ်ပြိုင်ခဲ့သော်လည်း ၅ နေရာသာ အနိုင်ရရှိကြောင်း သိရသည်။

တာရစ်ရာမန် ဦးဆောင်သည့် BNP ပါတီ အနိုင်ရရှိခြင်းအပေါ် အိန္ဒိယဝန်ကြီးချုပ် Narendra Modi နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးတို့က ဂုဏ်ပြုပေးပြီး ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ခြင်းအပေါ် ဝမ်းမြောက်ကြောင်း ပြောဆိုထားကြသည်။

၂၀၂၄ ခုနှစ် ဇူလိုင်လ အရေးအခင်းတွင် ကျောင်းသားလူငယ် လူထုအုံကြွမှုကို အကြမ်းဖက် ပစ်ခတ်နှိမ်နင်းခဲ့သည့် ရှိတ်ဟာစီနာအစိုးရ ပြုတ်ကျပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၁၃ ကြိမ်မြောက် အထွေထွေရွေးကောက်ပွဲကြီးကို သမိုင်းဝင် ကျင်းပခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာမှာ အိန္ဒိယနိုင်ငံသို့ ထွက်ပြေးခဲ့ရပြီး ကြားဖြတ်တာဝန်ယူခဲ့သည့် ယူနွတ်စ်အစိုးရက ရှိတ်ဟာစီနာအား သေဒဏ် အပြစ်ပေးရန် ချမှတ်ထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၃၆ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အမျိုးသားတစ်ဦးကို ဝန်ကြီးချုပ်အဖြစ် တာဝန်ပေးအပ်လိုက်ကြောင်း တရားဝင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ယခင်နှစ်များအတွင်း နိုင်ငံ၏ အုပ်ချုပ်ရေးခေါင်းဆောင်အဖြစ် အမျိုးသမီးဝန်ကြီးချုပ်များကိုသာ ဆက်တိုက် တာဝန်ထမ်းဆောင်လာခဲ့ပြီးနောက် ယခုအခါ အမျိုးသားခေါင်းဆောင်တစ်ဦး ပြန်လည် တက်ရောက်လာခြင်း ဖြစ်သည်။

၁၉၈၀ နှစ်ကုန်ပိုင်းမှ စတင်ကာ နိုင်ငံရေးကဏ္ဍတွင် အမျိုးသမီးခေါင်းဆောင်များ အဓိက အခန်းကဏ္ဍ၌ တာဝန်ယူခဲ့သဖြင့် ယခုကဲ့သို့ အမျိုးသားဝန်ကြီးချုပ် ပြန်လည်ပေါ်ထွန်းလာခြင်းသည် နိုင်ငံရေးလမ်းကြောင်းအသစ် တစ်ရပ် စတင်ခြင်းအဖြစ် နိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုကြသည်။

အသစ်တက်ရောက်လာသည့် ဝန်ကြီးချုပ်အနေဖြင့် စီးပွားရေးပြန်လည်ထူထောင်ရေး၊ ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများနှင့် နိုင်ငံတကာဆက်ဆံရေး တိုးမြှင့်ခြင်းတို့ကို ဦးစားပေး ဆောင်ရွက်နိုင်ကြောင်း ဘင်္ဂလားဒေ့ရှ်ပြည်သူများက မှတ်ချက်ပေး ဝေဖန်နေကြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ