AB News – ဖေဖော်ဖဝါရီ ၁၂ ၊၂၀၂၆
နွယ်စိုး
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရွေးကောက်ပွဲ ကျင်းပရန် စီစဉ်ထားသော မဲရုံ ၄ ရုံအား အမည်မသိ လူတစ်စုက မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်မီဒီယာများက ရေးသားဖော်ပြ သည်။
ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညဉ့်သံခေါင်ယံအချိန်အတွင် ဘင်္ဂလားဒေ့ရှ်၊ နီထရာကိုနာခရိုင်၊ ဆာဒါမြို့နှင့် ပူရ်ဘာဒါလာမြို့များ၌ ရွေးကောက်ပွဲလုပ်ရန် သတ်မှတ်ထားသော မဲရုံ ၄ ရုံ အား မီးရှို့တိုက်ခိုက် ဖျက်ဆီးခံခဲ့ရခြင်း ဖြစ်သည်။
အဆိုပါမြို့နယ်များထဲမှ ရွေးကောက်ပွဲလုပ်ရန် သတ်မှတ်ထားသည့် အစိုးရစာသင်ကျောင်း ၃ ကျောင်းနှင့် စာသင်ကျောင်း ၁ ကျောင်းတို့ကို မိးရှို့ခဲ့ကြောင်း သက်ဆိုင်ရာရဲဌာများက ဆိုကြသည်။
မီးတိုက်ခံလိုက်ရသည့် ကျောင်းများမှာ ဆာဒါမြို့ရှိ ဘမွန်မိုဟာ အစိုးရမူလတန်ကျောင်း၊ ပါလာအစိုးရမှုလတန်းကျောင်း၊ သီရိဒါပူရ်အစိုးရမူလတန်းကျောင်းနှင့် ပူရ်ဘာဒါလာမြို့ရှိ ဟီရွန်ပူရ်အစိုးရမှုလတန်းကျောင်းတို့ ဖြစ်ကြသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ၁၃ ကြိမ်မြောက် အမျိုးသားရွေးကောက်ပွဲ၌ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲရုံ ၂၁၃၁ ရုံရှိပြီး ယင်းအထဲအနက် မဲရုံ ၁၆၁၃ ရုံးအား အရေးကြီးနေရာအဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရွေးကောက်ပွဲမတိုင်မီ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၁၀ ရက်နေ့အထိ အကြမ်းဖက်မှု ၅၈ ခု ဖြစ်ပွားခဲ့က ဒေသခံ ၂ ဦးသေဆုံးခဲ့ပြီး ၄၈၉ ဦး ထိဒဏ်ရာရရှိခဲ့သည်။
ယင်းအပြင် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘိုဂူရာခရိုင်နှင့် ဒီဂရမ်မြို့နယ်တွင် ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီ(BNP)နှင့် နိုင်ငံ၏ အထင်ကရပါတီကြီးများဖြစ်ကြသည့် အစွန်းရောက် အစ္စလာမ္မစ်ပါတီ(Jamaat) ပါတီတို့ကြား ခိုက်ရန်ဖြစ်ပွားခဲ့၍ BNP ဖက်မှ ခေါင်းဆောင်တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ်မီဒီယာများက ဖော်ပြသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း BNP ခေါင်းဆောင် မာဆုဒ် ရာနာသည် မျက်စိတစ်ဖက် ဆုံးရှုံးခဲ့ပြီး ပါတီဝင် ၅ ယောက်ခန့်မှာလည်း ဒဏ်ရာရရှိသွားခဲ့ကြောင်း စွပ်စွဲထားသည်။
ယင်းနောက် မိခင် ရာဘီယာ ဘေဝါ အသက် ၆၅ နှစ် အရွယ်သည် သား၏ မျက်စိဒဏ်ရာသတင်းကို ကြားပြီး နာကျင်ခံစားခဲ့ရကာ ဖေဖော်ဝါရီ ၁၀ ရက်နေ့ နံနက်ပိုင်း အိမ်၌ ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ နိုင်ငံရေးပါတီများကြား တင်းမာမှုများ မြင့်တက်လာနေခြင်းကြောင့် ဒေသတွင်း လုံခြုံရေးအခြေအနေမှာ စိုးရိမ်မှု မြင့်တက်လျက်ရှိသည်။
လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာ အစိုးရအား ဖြုတ်ချပြီး ကြားဖြတ်အစိုးရအဖွဲ့ဖြင့် တက်လာသည့် ယူနွတ်စ်အစိုးရအဖွဲ့က ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်တွင် ပြည်လုံးကျွတ် အထွေထွေရွေးကောက်ပွဲကြီး စတင်နေပြီ ဖြစ်သည်။

